သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ရုံးတွေသူလျှိုလုပ်မှု ဖြေရှင်းချက်ပေးဖို့ အမေရိကန်ကိုတောင်းဆို


ထောက်လှမ်းရေးလုပ်ငန်း တစိတ်တပိုင်းအဖြစ် ဥရောပသမဂ္ဂ (EU) ရုံးတွေကို အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီက ကြားဖြတ်ထောက်လှမ်းမှုတွေ ရှိခဲ့တဲ့အကြောင်း ဂျာမန်သတင်းစာ တစောင်က ဖော်ပြလိုက်တဲ့ အတွက် ဒေါသထွက်ခဲ့ကြတဲ့ ဥရောပအဆင့်မြင့် အရာရှိတွေက အမေရိကန်ကို ဖြေရှင်းချက်တောင်းနေကြပါတယ်။

သတင်းအတိုင်းသာ မှန်ခဲ့တယ်ဆိုရင် အမေရိကန်နဲ့ EU ကြား ဆက်ဆံရေးမှာ ထိခိုက်မှာ ဖြစ်တဲ့အကြောင်းလည်း ဥရောပပါလီမန်ဥက္ကဋ္ဌ Martin Sculz က တနင်္ဂနွေနေ့က ပြောခဲ့တာပါ။ အမေရိကန် တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းချက် အပြည့်အဝပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဂျာမန်တရားရေးဝန်ကြီး ကလည်း အမေရိကန်ဟာ မဟာမိတ်တွေအပေါ် စစ်အေးခေတ် ကာလက နည်းတွေ ကျင့်သုံးနေပြီး၊ ဥရောပကို ရန်သူလို မြင်နေတယ်လို့ စွပ်စွဲခဲ့တာပါ။ ဥရောပအရာရှိ တချို့ကဆိုရင်လည်း အတ္တလန္တိတ်ဒေသ လွတ်လပ်စွာ ကုန်သွယ်ခွင့် ဆွေးနွေးမယ့် အစီအစဉ်တွေကို ဆိုင်းငံ့ထားဖို့အထိ တောင်းဆိုနေကြပါတယ်။

ဝါရှင်တန်၊ ဘရပ်ဆဲလ်နဲ့ နယူးယောက် ကုလသမဂ္ဂရုံးချုပ်တွေမှာရှိတဲ့ EU ရုံးတွေမှာ အမေရိကန်က ထောက်လှမ်းရေး ကိရိယာတွေ တပ်ဆင်ထားပြီး တယ်လီဖုန်းနဲ့ အီးမေးလ် ဆက်သွယ်မှုတွေ တခြား သတင်းအချက်အလက်တွေ ကို စောင့်ကြည့် ထောက်လှမ်းနေတဲ့ အကြောင်း စနေနေ့မှာပဲ ဂျာမဏီနိုင်ငံက Der Spiegel အပတ်စဉ် စာစောင်က ဖော်ပြခဲ့တာပါ။

ထောက်လှမ်းရေး အစီအစဉ်တခုကို လူသိရှင်ကြား ဖော်ထုတ်ခဲ့တဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ ဝန်ထမ်းဟောင်း Edward Snowden ထံက ရရှိတဲ့ အချက်အလက်တွေအရ သိရတာလို့လည်း သတင်းက ဖော်ပြပါတယ်။
XS
SM
MD
LG