သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်အရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်ဟု EU သတိပေး


ကချင်ဒေသတွင်းစစ်ပွဲတွေ ရပ်ဆိုင်းရေး ဆန္ဒပြနေကြသော ထိုင်းနိုင်ရောက် ကချင်-မြန်မာတိုင်းရင်းသားများ။
ကချင်ဒေသတွင်းစစ်ပွဲတွေ ရပ်ဆိုင်းရေး ဆန္ဒပြနေကြသော ထိုင်းနိုင်ရောက် ကချင်-မြန်မာတိုင်းရင်းသားများ။
မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်အတွင်း အစိုးရတပ်နဲ့ KIA ကချင်လွတ်မြောက်ရေး တပ်တို့ အပြန်အလှန်တိုက်ပွဲတွေကြားမှာ မြန်မာဘက်က လက်နက်ကြီးကြောင့် ကချင် အရပ်သား ၃ ဦး သေဆုံးသွားတဲ့နောက် ကချင်ပြည်နယ်က ပဋိပက္ခတွေအပေါ်မှာ နိုင်ငံတကာ စိုးရိမ်ပူပန်မှုတွေ တိုးလာပါတယ်။ ကချင်အရေးကိစ္စနဲ့ပတ်သက်လို့ တချိန်က မြန်မာကို ကိုလိုနီပြုခဲ့တဲ့ ဗြိတိန်နိုင်ငံ အနေနဲ့ ပိုပြီး ကူညီစောင့်ရွက်ပေးသင့်တယ်လို့ ကချင်အရေး လှုပ်ရှား သူတွေက ပြောကြပါတယ်။ လန်ဒန်မြို့ကနေ Henry Ridgwell သတင်းရေးသားပေးပို့ချက်ကို အခြေခံပြီး ကချင်အရေးအပေါ် တုံ့ပြန်ချက်တွေ ကိုသားညွန့်ဦးက ပြောပြပေးထားပါတယ်။

KIA ဌာနချုပ်စိုက်တဲ့ လိုင်ဇာမြို့ပေါ်ကို တနင်္လာနေ့တုန်းက လက်နက်ကြီးကျည်တွေ ကျလာ ခဲ့ပြီးတဲ့ နောက် အတော်များများ ထိခိုက်ဒဏ်ရာရပြီး ကားတွေနဲ့သယ်ဆောင်နေတဲ့ ဗွီဒီယိုပုံတွေ ထွက်လာ ပါတယ်။ ကချင်မြို့ပေါ်ကိုကျတဲ့ အဲဒီ မော်တာကျည်ကြောင့် ကချင်အရပ်သား သုံးဦး သေဆုံးသွား တယ်လို့ သိရပါတယ်။ ဒီမတိုင်ခင်တုန်းကလည်း အစိုးရဘက်က တိုက်လေယာဉ်တွေနဲ့ ကချင်သူပုန်တွေကို ပစ်ခတ်တဲ့ ဗွီဒီယိုပုံတွေ နိုင်ငံ တကာသတင်းတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒါကြောင့်လည်း ကချင်ပြည်နယ်က ပဋိပက္ခတွေအပေါ်မှာ အမေရိကန်ပြည်ထောင်စု အပါ အဝင် နိုင်ငံတကာအစိုးရတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စိုးရိမ်ကြောင်း ပြောဆို မှုတွေ၊ နှစ်ဖက်လုံးက ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ တိုက်တွန်းချက်တွေ ထွက်လာပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ ရက်စွဲနဲ့ EU ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ လက်ရှိ ကချင်ပြည်နယ်က အရေးကိစ္စအပေါ် အလွန်တရာစိုးရိမ်ပူပင်ပြီး ဒီအခြေအနေဟာ တနိုင်ငံလုံးမှာလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်လာနိုင်တယ်လို့ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton က သတိပေးထားပါတယ်။ လိုင်ဇာမြို့ပေါ်အထိ လက်နက်ကြီးတွေ ကျရောက်လာတဲ့အပေါ်မှာ ပဋိပက္ခ အခြေအနေ ပိုဆိုးလာတာကြောင့် ကချင်ပြည်သူတွေကိုပဲ ပိုပြီး ထိခိုက်နစ်နာမှု ဖြစ်စေလိမ့်မယ်လို့ ထောက်ပြပါတယ်။

နှစ်ဖက်စလုံး အပစ်အခတ်တွေရပ်စဲပြီး ပြဿနာကို ချက်ခြင်းဆိုသလို ညှိနှိုင်းဖြေရှင်းကြဖို့၊ အဲဒီ ဒေသက ဒုက္ခသည်တွေအတွက် လူသားချင်းအကူအညီတွေပေးရာမှာ အနှောက်အယှက် မဖြစ်စေဖို့ Catherine Ashton က တိုက်တွန်းထားပါတယ်။ အခုလို ကချင်ပြည်နယ်အတွင်းက ပဋိပက္ခတွေ ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေပါ ရှိလာတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားမှု အဖွဲ့ Burma Campaign UK ရဲ့ ကရင်တိုင်းရင်းသူ ဇိုရာဖန်းက ပြောပါတယ်။

“မြန်မာနိုင်ငံထဲ အခုလို ဖြစ်နေတာတွေ မြင်ရပြီး ဒီ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံ တကာ မိသားစုက မျက်ကွယ်ပြုနေတာတွေ မြင်ရတော့ အလွန်တရာ တုန်လှုပ်မိပါတယ်။”

ဒီအခြေအနေပေါ်မှာ ဗြိတိန်အပါအဝင် နိုင်ငံတကာရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှား သူတွေရဲ့ ဆန္ဒပြမှုတွေ နိုင်ငံတကာက မြန်မာသံရုံေးတွရှေ့မှာ ပြန်တွေ့လာရပါတယ်။ ဒီအထဲမှာတော့ ဗြိတိန် အခြေစိုက် ကချင်ကျောင်းသားသမဂ္ဂက Kunong လည်း ပါဝင် ဆန္ဒပြနေပါတယ်။

“အခု မြန်မာသမ္မတလုပ်နေတာက ကမ္ဘာကိုလိမ်နေ၊ညာနေတာ။ သူကနိုင်ငံတကာ အဖွဲ့အစည်း ကို သူ့ကိုထောက်ခံအောင် လှည့်ဖျားနေတာ။” - ဆိုပြီး ခွန်နောင်းက ပြောသွားတာပါ။

သမ္မတဦးသိန်းစိန်ဟာ မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့တာ အပါအဝင် အပြောင်းအလဲတော်တော်များများကို ဆက်တိုက်ပဲ ပြီးခဲ့တဲ့နှစ်တွေ အတွင်း ဆောင်ရွက်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကမ်မရွန်တို့ နှစ်ဦး စလုံးကလည်း ပြီးခဲ့တဲ့နှစ်အတွင်းမှာ မြန်မာနိုင်ငံကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒါ့ပြင် သမ္မတ ဦးသိန်းစိန်ကိုလည်း ဒီနှစ်နှောင်းပိုင်းမှာ လန်ဒန်မြို့ကို လာရောက်ဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အဲလ်စတာ ဘာတ်က ကချင်ပြည်နယ်မှာဖြစ်နေတဲ့အခြေအနေက တဖြည်းဖြည်းနဲ့ စိုးရိမ်ဖွယ်ဖြစ်လာပေမဲ့ ဒါဟာ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးမှာ ခြိမ်းခြောက်မှု တရပ်ဖြစ်လာနိုင်တယ်လို့ ပြီးခဲ့တဲ့အပတ်တုန်းက ပြောပါတယ်။

Burma Campaign UK က ဇိုယာဖန်းက ဗြိတိန်နိုင်ငံဟာ ကချင်ကိစ္စမှာ ကူညီဖို့ တာဝန်ရှိ တယ်လို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ ဗြိတိန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်တုန်းက သူပေးထားတဲ့ကတိတွေ ပျက်ခဲ့လို့ပဲ ဖြစ်တယ်လို့ ပြောပါတယ်။

“ကချင်တပ်တွေက အင်္ဂလိပ်တပ်တွေဘက်ကလေ။ နောက်ပြီးလွတ်လပ်ရေးကိုလည်း အဲဒီက အာဏာပိုင်တွေက ကတိပေးခဲ့တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် မှာ မြန်မာ နိုင်ငံမှာ အများဆုံးလူမျိုးဖြစ်တဲ့ မြန်မာလူမျိုးတွေအတွက်ပဲဖြစ်ပြီး ကချင်လူမျိုးတွေက သူတို့ ရ ရမယ့် တန်းတူအခွင့်အရေးကို ငြင်းပယ်ခံခဲ့ရတယ်။”

မြန်မာနိုင်ငံဟာ မကြာသေးခင်တုန်းကပဲ ၆၅ ကြိမ်မြောက်လွတ်လပ်ရေးနေ့ကို ဆင်နွဲခဲ့ပါတယ်။
ဒုတိယသမ္မတဦးစိုင်းမောက်ခ်ခမ်းကအခုဖြစ်နေတဲ့ အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး ဘာတခုမှ မရည်ညွှန်းခဲ့ပါဘူး။

“သမိုင်းသင်ခန်းစာအရ ယနေ့ သန်း ၆၀ သော မြန်မာပြည်သူများ၏ တူညီသောဆန္ဒသည် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး ပင် ဖြစ်ပါသည်။”

နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အစိုးရတွေ အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ အပြောင်းအလဲတွေအပေါ်မှာ ကြိုဆိုနေကြပေမဲ့ မြန်မာပြည်မြောက်ပိုင်း အစွန်အဖျားမှာရှိတဲ့ ကချင်ပြည်နယ်မှာတော့ ဒီနေ့ ငြိမ်းချမ်းရေးရဖို့ အလားအလာ မတွေ့ရသေးဘူးလို့ ကချင့်အရေး တက်ကြွလှုပ်ရှားနေသူတွေက ပြောပါတယ်။
XS
SM
MD
LG