သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘယ်လ်ငြိမ်းချမ်းရေးဆု EU ရရှိ


European Commission ဥက္ကဌ Jose Manuel Barroso ကို EU ရဲ့ နော်ဝေသံအမတ် Atle Leikvoll က ဘရာဇီးနိုင်ငံ EC ဌာနချုပ်မှာ ပန်းစီးပေးနေစဉ် ( အောက်တိုဘာ ၁၂၊ ၂၀၁၂) i
European Commission ဥက္ကဌ Jose Manuel Barroso ကို EU ရဲ့ နော်ဝေသံအမတ် Atle Leikvoll က ဘရာဇီးနိုင်ငံ EC ဌာနချုပ်မှာ ပန်းစီးပေးနေစဉ် ( အောက်တိုဘာ ၁၂၊ ၂၀၁၂) i
၂၀၁၂ ခုနှစ်၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို EU အီးယူ ဥရောပသမဂ္ဂကို
ချီးမြင့်ကြောင်း နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရွေးချယ်ရေးအဖွဲ့က ကြေညာ
လိုက်ပါတယ်။ ဥရောပဒေသတွင်း နှစ် ၆၀ကြာတဲ့အထိ လူ့အခွင့်အရေး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ အပေါ် ရွေးချယ်လိုက်တာလို့ ဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့
အီးယူ ဥရောပသမဂ္ဂရဲ့ သမိုင်း၊ ရပ်တည်ချက်တွေအရ အခုလို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိမှုအပေါ်မှာ ကြိုဆိုထောက်ခံကြပါတယ်။ ဒီအကြောင်းကို ကိုသားညွန့်ဦးက တင်ပြပေး ထားပါတယ်။ အခုဥရောပစံချိန် နေ့လည်ပိုင်းမှာပဲ မြန်မာနိုင်ငံသားတွေအပါအဝင် အားလုံး စောင့်မျှော် နားစွင့်နေကြတဲ့ ၂၀၁၂ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဘယ်သူလဲ ဆိုတာကို နိုဗယ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးကော်မတီက ကြေညာ
သွားပါတယ်။ တည်ထောင်ခဲ့တဲ့ နှစ် ၆၀အတွင်း ဥရောပတိုက်ထဲမှာ လူ့အခွင့်အရေး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ခဲ့မှုတွေကြောင့် အီးယူ ဥရောပသမဂ္ဂကို ဒီနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြင့်ကြောင်း ကြေညာသွားတာပါ။

အီးယူ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံနဲ့လည်း သိပ်မစိမ်းလှတဲ့ အဖွဲ့အစည်းကြီးဖြစ် တာမို့ မြန်မာ့အရေးလှုပ်ရှားသူ အတော်များများကတော့ အီးယူ ဥရောပသမဂ္ဂ
အခုလိုမျိုး နိုဘယ်လ် ဆုရတာကို ကြိုဆိုအားရကြပါတယ်။နှစ်ပေါင်း ၆၀ လောက် ရပ်တည်ခဲ့တဲ့ သမိုင်းတလျှောက်မှာ အီးယူ ဥရောပသမဂ္ဂဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အတော်များများမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် အခုလို နိုဗယ်ငြိမ်းချမ်းရေးဆုရတာ ထိုက်တန်ပါတယ်လို့ သူတို့ကပြောပါတယ်။

အထူးသဖြင့်တော့ အီးယူ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဒီမိုကရေစီရေး အတွက်လည်း အရေးပါတဲ့ အခန်းကဏ္ဍတခုအနေနဲ့ ရပ်တည်ဆောင်ရွက်ခဲ့တာမို့၊ အီးယူ အခုလိုဆုရရှိတာကို ကြိုဆိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။

“ဘာပဲပြောပြော EU ကို အဖွဲ့အစည်းအလိုက် အခုလို နိုဘယ်လ်ဆုချီးမြှင့်ခံရတာ အလွန်သင့်မြတ်တယ် လို့ ကျနော် ပြောချင်ပါတယ်။ ကျနော်က တနိုင်ငံချင်း၊ လူပုဂ္ဂိုလ်တဦးချင်း ရတာထက် အဖွဲ့အစည်းတွေကို ဒီလိုကိစ္စမျိုးမှာ ငြိမ်းချမ်းဆုတို့ ဘာတို့ ရစေချင်တယ်။ ဒါမှသာလျင် အဖွဲ့အစည်းတွေဟာ အဖွဲ့အစည်းအလိုက် ဆုကို ရစေချင်ပါတယ်။ ဒါမှာသာလျင် အဖွဲ့အစည်းတွေဟာ အဖွဲ့အစည်းအလိုက် တာဝန်ရှိတယ်။ သူတို့လုပ်ငန်းတွေအတွက် ကမ္ဘာကနေ အသိအမှတ်ပြုခံရမယ်။ အဲ့ဒီ့လို အသိအမှတ်အပြုခံရတဲ့အတွက် သူတို့မှာလည်း တာဝန်ပိုကြီးလာတယ်ဆိုတာ သိလာမယ်လို့ ကျနော်ယူဆပါတယ်။”

အီးယူ ဥရောပသမဂ္ဂဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့လည်း ကမ္ဘာမှာ စံထား စံပြုစရာ နိုင်ငံတကာ အဖွဲ့အစည်းတရပ်ဖြစ်တယ်လို့ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူတဦးဖြစ်တဲ့ ကိုဘိုကြည်က ပြောပါတယ်။

“ ဥရောပသမဂ္ဂဟာ ဥရောပထဲမှာတင်မဟုတ်ဘူး။ ကမ္ဘာကြီးမှာ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာဖို့၊ နောက် ဒီမိုကရေစီပြန့်ပွားဖို့ဆိုတဲ့ဟာကို သူတို့ မူဝါဒတွေ သေသေချာချာ ချမှတ်ပြီး လုပ်ကိုင်လာတာကို တွေ့ရတယ်။ နောက်သူတို့ရဲ့ လူ့အခွင့်အရေး စံချိန်စံနှုန်းတွေမှာဆိုရင်လည်း အတော်လေးကို မြင့်မားတာကို တွေ့ရပါတယ်။ အထူးသဖြင့် စီးပွားရေး ရင်းနှီးမြုတ်နှံမှုတွေ လုပ်တဲ့အခါမှာဆိုရင် လူ့အခွင့်အရေး စံချိန်စံနှုန်းတွေနဲ့ပါ တွဲဖက်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို လုပ်စေတာမျိုး၊ ဒီလိုမျိုး လုပ်နေတဲ့အတွက် လူ့အခွင့်အရေး အခြေအနေတွေ တချို့နိုင်ငံတွေမှာ တိုးတက်လာတယ်။ တချို့နိုင်ငံတွေမှာတော့ တိုးတက်လာအောင်လို့ ဥရောပသမဂ္ဂကနေ ဆက်ပြီး ကြိုးစားနေတာတွေရှိပါတယ်။”

အခု နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးဖို့ လျာထားခံရတဲ့ စာရင်းထဲမှာ မြန်မာသမ္မတဦးသိန်းစိန်လည်း ပါဝင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင်းမှာလည်း မြန်မာနိုင်ငံကနေ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မြန်မာနိုင်ငံသား နောက်တဦးများ ထပ်တိုးလေမလား စောင့်မျှော်မှုတွေလည်း ရှိကြပါတယ်။ အတော်များများက ဆုကြေညာခါနီးအချိန်အထိကို စောင့်ကြည့်နေကြတယ်လို့ ရန်ကုန်က မြန်မာ့နိုင်ငံရေးလေ့လာသူ ကိုကျော်လင်းဦးက ပြောပါတယ်။

“ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နောက်တယောက်များ ထွက်ပေါ်လာလေမလား လို့ ဒီလို လူပြောသူပြော များတာတွေလည်း ရှိပါတယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်နေတဲ့အပေါ်မှာ
ဒီနိုဘယ်ြလ်ငိမ်းချမ်းရေးဆုများ ရခဲ့ရင် ပိုပြီးတော့များ အောင်အောင်မြင်မြင်နဲ့ ရှေ့ကို ဆက်ပြီးတော့မှ တွန်းအားပေးလုပ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိတယ်လို့ သိရပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ကတော့ ၁၉၉၁ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ကို မြန်မာ့ဒိမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရရှိထားတာမို့၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုနဲ့ ပတ်သက်လို့ရင် မြန်မာနိုင်ငံသားတွေဟာလည်း သိပ်တော့ မစိမ်းလှပါဘူး။
ဦးဝင်းတင်ကတော့ အီးယူ ဥရောပသမဂ္ဂဟာ သမိုင်းကြောင်း ရပ်တည်မှုအရကို ဒီမိုကရေစီ လူ့အခွင့်အရေးအတွက် ရှိခဲ့သလို၊ စစ်အေးအလွန်မှာလည်း အီးယူ အဖွဲ့ဝင်တွေကို တိုးချဲ့လိုက်ပြီး ပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ချက်တွေဟာ သင်ခန်းစာယူစရာ အတုယူစရာဖြစ်တယ်လို့ ပြောပါတယ်။

“အထူးသဖြင့်ကတော့ စစ်အေးကာလပေါ့။ စစ်အေးကာလမှာ ဘာပဲပြောပြော အီးယူဟာ ဥရောပနိုင်ငံတွေမှာ စုစည်းပြီး ခေါင်းဆောင်မှုပေးပြီးတော့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နောက်တော့ အာဏာရှင်စနစ် ဆန့်ကျင်ရေးကိစ္စ အတော်များများကို ကူညီပြီး လုပ်နိုင်တယ်လို့ ကျနော်တို့ နားလည်ပါတယ်နော်။ ဆိုဗီယက်တို့ ပြိုလဲသွားတဲ့အချိန်မှာ အီးယူထဲမှာ နိုင်ငံတွေ တိုးလာတယ်။ တိုးချဲ့ပြီးတော့ ရောက်လာတဲ့ နိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့လည်း အများကြီး အကူအညီ ပေးနိုင်တဲ့ဟာကို ကျနော်တို့ တွေ့ခဲ့ရတယ်။ အဲ့တာဟာ ကျနော်တို့အဖို့မှာ ဒါ အရေးကြီးတဲ့ သင်္ခန်းစာပဲလို့ ယူဆပါတယ်။”

ဥရောပသမဂ္ဂဟာ ၁၉၅၀ ကာလမှာ စတင်သန္ဓေတည်ခဲ့တာပါ။ အဲ့ဒီတုန်းကတော့ နိုင်ငံပေါင်း ၆ နိုင်ငံနဲ့ စတင်ပြီး စီးပွားရေးအဖွဲ့အစည်းတရပ်အနေနဲ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း နိုင်ငံအရေး အရ ပါ စုစည်းအားကောင်းလာပြီး၊ အခုဆိုရင် အဖွဲ့ဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံရှိတဲ့ အဖွဲ့အစည်းကြီးဖြစ်ပါတယ်။
XS
SM
MD
LG