သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးရထားလိုင်းတွေ လုံခြုံရေး ဥရောပမှာ တိုးမြှင့်မည်


ပြင်သစ် ပြည်ထဲရေးဝန်ကြီး Bernard Cazeneuve
ပြင်သစ် ပြည်ထဲရေးဝန်ကြီး Bernard Cazeneuve

ပြင်သစ်နိုင်ငံမြောက်ပိုင်းက ရထားပေါ်မှာ လွန်ခဲ့တဲ့ သီတင်းပတ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီး ဥရောပနိုင်ငံတွေက ပြည်ထဲရေးနဲ့ ကုန်းလမ်းဆိုင်ရာဝန်ကြီးတွေ ပဲရစ်မှာ အစည်းအဝေးပြုလုပ်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်သွားနေတဲ့ မီးရထားလိုင်းတွေရဲ့ လုံခြုံရေးကိုတင်းကျပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။ နန်လဖိုင် က တင်ပြပေးထားပါတယ်။

သြဂုတ်လ ၂၉ ရက် (စနေနေ့) က ပြင်သစ်နိုင်ငံ ပဲရစ်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ဥရောပ ပြည်ထဲရေးနဲ့ ကုန်းလမ်းဆိုင်ရာဝန်ကြီးတွေက ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်ဖို့နဲ့ နယ်စပ်ဖြတ်ကျော်သွားလာတဲ့ မီးရထားတွေ လုံခြုံရေးတင်းကျပ်ဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးတိုးမြှင့်တဲ့အစီအစဉ်နဲ့ပတ်သက်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး Bernard Cazeneuve က အခုလိုရှင်းပြခဲ့ပါတယ်။

“ရထားဘူတာရုံအထဲ၊ အပြင်နဲ့လိုအပ်တဲ့နေရာတိုင်းမှာပါ ခရီးသည်တွေရဲ့ မှတ်ပုံတင်တွေနဲ့ ခရီးဆောင်အိတ်တွေ စိစစ်တာတွေကို ပိုပြီးတင်းကျပ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံစုံက ကင်းလှည့်တပ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကတော့ နယ်စပ်ဖြတ်ကျော် သွားလာနေတဲ့ရထားတွေမှာ အခုထဲက ရှိနေပြီးသားပါ။အခြေအနေအမျိုးမျိုးပေါ်မှာ မူတည်ပြီး သူတို့လုပ်နိုင်စွမ်းကိုလည်း မြင်တွေ့ကြပြီးဖြစ်ပါတယ်။ သူတို့စွမ်းဆောင်မှုကို ပိုပြီး မြှင့်တင်ဖို့နဲ့ နောက်ထပ် နေရာအနှံ့ ဖြန့်ထားဖို့ကို ကျနော်တို့ ဆုံးဖြတ်ထားပါတယ်။”

ဥရောပနိုင်ငံတွေကြား နယ်စည်းမခြားဘဲနဲ့ လွတ်လပ်စွာသွားလာနိုင်တဲ့ (Shengen ) သဘောတူညီချက်ကို ပြင်ဆင်နိုင်ဖို့ကိုလည်း EU ပြည်ထဲရေးဝန်ကြီးတွေက ဥရောပကော်မရှင်ကို တောင်းဆိုနေပါတယ်။ နိုင်ငံရွှေ့ပြောင်းမှုဆိုင်ရာ ဥရောပကော်မရှင် မဟာမင်းကြီးကတော့

“အခြေအနေအမျိုးမျိုးကြားမှာ သတင်းအချက်အလက်တွေကို မျှဝေဖို့နဲ့ Shengen ရဲ့သဘောတူညီချက်နဲ့ ပတ်သက်ပြီး အပြည့်အဝ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့လုပ်ရပ်က စိုးရိမ်မှုအပေါ်မှာ အခြေမခံသင့်ပါဘူး။ ကျနော်တို့ထားတဲ့တန်ဖိုးနဲ့ လွတ်လပ်မှုအပေါ်မှာ အခြေခံပြီး ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ Shengen ကြောင့် ဘယ်တုန်းကမှ ပြဿနာ မရှိခဲ့ဖူးပါဘူး”

ဒီဆွေးနွေးပွဲရဲ့ ရလဒ်အနေနဲ့တော့ နယ်သာလန်နဲ့ ပြင်သစ် အပါအဝင် နိုင်ငံတကာ မီးရထားတွေ အားလုံးအပေါ် လုံခြုံရေး တိုးမြှင့်မှာ ဖြစ်ပါတယ်။

နယ်သာလန်ရဲ့ လုံခြုံရေးနဲ့ တရားမျှတရေးဆိုင်ရာဝန်ကြီးကတော့ အခုလို လုံခြုံရေး တိုးမြှင့်လိုက်တာကြောင့် Shengen သဘောတူညီထားတဲ့ နိုင်ငံတွေကြား လူတွေရဲ့ လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့အခွင့်ရေးကို မထိခိုက်အောင်နဲ့ တဘက်မှာလည်း လုံခြုံမှုရှိအောင်၊ ဒါတွေကို မျှအောင်လုပ်ဖို့ အတွက် စိန်ခေါ်မှုတွေရှိနေပါတယ်လို့ ဆိုပါတယ်။

ပဲရစ်မှာပြုလုပ်တဲ့ အစည်းအဝေးမှာတော့ နိုင်ငံ ၉ နိုင်ငံက အဆင့်မြင့် လုံခြုံရေးနဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးတွေအပါအဝင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ပါဝင်တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းတပတ်က ဖြစ်ပွားခဲ့တဲ့ ရထားပေါ်ကတိုက်ခိုက်မှုမှာ တရားခံလို့ယူဆရသူက မှတ်ပုံတင် ပြစရာမလိုဘဲ သူ့ရထားလက်မှတ်ကို ပိုက်ဆံနဲ့ဝယ်ယူပြီး ရိုင်ဖယ် သေနတ်တလက်၊ သေနတ်အတိုတလက်တို့ကို ဘယ်သူမှ မမြင်အောင် ရထားပေါ်ကို သယ်ဆောင်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG