သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧဝရက်တောင်ထိပ်ကို တက်ရောက်အောင်မြင်ခြင်း နှစ် ၆၀ ပြည့်


ဧဝရတ်တောင်ထိပ်ကို တက်နေစဉ် (၁၈ မေ ၂၀၁၃)
ဧဝရတ်တောင်ထိပ်ကို တက်နေစဉ် (၁၈ မေ ၂၀၁၃)
နယူးဇီလန်နိုင်ငံသား အဒ်မန် ဟီလာရီ (Edmund Hillary) နဲ့ နီပေါနိုင်ငံသား တန်ဇန်း နော်ဂေ (Tenzing Norgay) တို့ ဧဝရတ်တောင်ကို အောင်အောင်မြင်မြင် ပထမဆုံး တက်နိုင်ခဲ့တဲ့ နှစ် ၆၀ ပြည့် အခမ်းအနားကို နီပေါနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ဆင်နွှဲခဲ့ကြပါတယ်။

ဟီလာရီ နဲ့ နော်ဂေ အပါအဝင် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို တက်ပြီး စံချိန်တင်ခဲ့ကြသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အရောင်အသွေး စုံလင်တဲ့ အဝတ်အစားတွေနဲ့ စီတန်း လှည့်လည်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

တောင်တက်သမားတွေ လူကြီးလူကောင်းတွေက ဟီလာရီ နဲ့ နော်ဂေ တို့ရဲ့ ပုံတူ ရုပ်တုတွေမှာ ပန်းကုံးတွေ စွပ်ပေးပြီး နောက်ကနေ ရာချီတဲ့ လူအုပ်ကြီး လိုက်ပါလာတဲ့ မြင်းလှည်းတွေပေါ်မှာလည်း ဧည့်သည်တွေကို တင်ဆောင်ပြီး အခမ်းအနား ဆင်နွှဲဖို့ ဘုရင့် နန်းတော်ဆီ လာခဲ့ကြပါတယ်။

ဒီအထိမ်းအမှတ်ပွဲမှာ အမှတ်တရအဖြစ် ရုရှားနာမည်ကြီး အားကစား သမားတစ်ဦးကလည်း ဧဝရတ်တောင်ပေါ်ကနေ Base Jump ခုန်ချတဲ့နည်းနဲ့ လေထဲမှာ လေထီး ချက်ချင်း မဖွင့်ပဲ အလွတ် ခုန်ချပြပြီး စံချိန်သစ် တင်သွားပါတယ်။

ဗလာရီ ရို့ဂစ် (Valery Rozov) က ပေ ၂ သောင်းကျော် အမြင့်ကနေ ခုန်ချပြသွားတာ ဖြစ်ပါတယ်။ ဟီလာရီ နဲ့ နော်ဂေ တို့ကတော့ ဧဝရတ်တောင်ထိပ်ကို ၁၉၅၃ ခုနှစ် မေလ ၂၉ ရက်နေ့မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ပေ ၃ သောင်းနီးပါး အမြင့်ရှိတဲ့ ဧဝရတ်တောင်ထိပ်ဟာ ၂၀ ရာစုရဲ့ အထူးခြားဆုံး စူးစမ်းရှာဖွေမှုလို့ ယူဆထားကြတာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG