သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖုန်းနဲ့ အင်တာနက် အသုံးပြုမှု စောင့်ကြည့်ရေး သတင်းပေးသူ ဖော်ထုတ်နိုင်ပြီ


Edward Snowden
Edward Snowden
အမေရိကန် နိုင်ငံသားတွေရဲ့ တယ်လီဖုန်းခေါ်ဆိုမှုတွေကို ထောက်လှမ်းရေးဌာနက စောင့်ကြည့် နားထောင်ခဲ့တယ်ဆိုပြီး ပြင်ပ သတင်းဌာနတွေကို ဖွင့်ချလိုက်တဲ့သူဟာ NSA အမျိုးသားလုံခြုံရေးဌာနမှာ တာဝန်ထမ်းဆောင်သူ ဝန်ထမ်းဖြစ်တယ်လို့ ဗြိတိန်နဲ့ အမေရိကန် သတင်းဌာနတွေက ဖော်ထုတ်လိုက်ကြပါတယ်။ ဒီလျှို့ဝှက် သတင်းအချက်အလက်တွေ စတင် ဖော်ပြခဲ့တဲ့ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေက သတင်းစာကြီး ၂ စောင်ကို အဲ့ဒီ ဝန်ထမ်းက အကြောင်းကြားလာတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီအဖွဲ့က နိုင်ငံထဲက သန်းနဲ့ ချီတဲ့ တယ်လီဖုန်း ခေါ်ဆိုမှု မှတ်တမ်းတွေကို စုဆောင်းခဲ့တယ်ဆိုတဲ့ သတင်းကို ထုတ်ဖော် ပြောဆိုသူဟာ သူဖြစ်တဲ့အကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် The Guardian သတင်းစာနဲ့ အမေရိကန်နိုင်ငံက The Washington Post သတင်းစာတွေကို အသက် ၂၉ နှစ်အရွယ် အက်ဝဒ် စနိုးဒန် (Edward Snowden) ဆိုသူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“မှားယွင်းမှုကို ကျူးလွန်နေတယ်ဆိုတဲ့အကြောင်း အချိန်ကြာကြာ သိရှိလာလေလေ စိတ်ထဲမှာ ဒီကိစ္စကို ပြောကို ပြောရမယ်ဆိုတဲ့ စိတ်က ဝင်လာလေလေပဲ။ ပြောပြန်တော့လည်း များများပြောလေ၊ မသိကျိုးကျွန် ပြုခံရပြီး ပြဿနာ မဟုတ်ပါဘူးလို့ တုံ့ပြန်ခံရလေလေပဲ။ အဆုံးသတ်မှာတော့ ဒီကိစ္စဟာ အစိုးရက အလုပ်ခန့်ထားသူ တဦးတယောက်ယောက်က ဆုံးဖြတ်ရမှာ မဟုတ်ဘဲ လူထုကပဲ ဆုံးဖြတ်သင့်တဲ့ကိစ္စ ဖြစ်တယ်ဆိုတာကို သဘောပေါက်လာတယ်။”

သူ့လုပ်ရပ်အတွက် သူ့အနေနဲ့ တန်ပြန် အကျိုးသက်ရောက်မှုကို ခံစားရမယ်ဆိုတာ သိပါတယ်လို့ အမေရိကန်နိုင်ငံကနေ ဟောင်ကောင်ကျွန်းကို ပြီးခဲ့တဲ့လတုန်းက ထွက်ပြေးသွားတဲ့ အက်ဝဒ် စနိုးဒန် (Edward Snowden) က ပြောပါတယ်။

“ကမ္ဘာ့အင်အားအကြီးဆုံး ထောက်လှမ်းရေးဌာနကို ဆန့်ကျင်တဲ့ လုပ်ရပ်လုပ်ဆောင်ပြီး ခင်ဗျားအနေနဲ့ ဘယ်လို အန္တရာယ်မျိုးမှ ရင်မဆိုင်ရနိုင်ဘူးဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ခင်ဗျားရဲ အင်အားကြီးမားလွန်းတဲ့ ရန်ဘက်ဖြစ်နေတဲ့ အတွက် အဓိပ္ပါယ်ရှိရှိ ဘယ်လိုမှ ဆန့်ကျင်လို့ မရနိုင်ပါဘူး။ သူတို့က ခင်ဗျားကို ဖမ်းချင်ရင် အချိန်မှီ ဖမ်းလိုက်နိုင်မှာပဲ။”

လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လုံခြုံမှုကို ယုံကြည်တဲ့ ဘယ်တိုင်းပြည်မှာမဆို သူ့အနေနဲ့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသွားမှာ ဖြစ်တယ်လို့ စနိုးဒန် က The Washington Post သတင်းစာကို ပြောပါတယ်။

သန်းပေါင်းများစွာသော အမေရိကန်နိုင်ငံသားတွေရဲ့ တယ်လီဖုန်းမှတ်တမ်းတွေကို NSA အမေရိကန်မျိုးသားလုံခြုံရေး အေဂျင်စီက စုဆောင်းနေတယ် ဆိုတဲ့အကြောင်း ဗြိတိန်အခြေစိုက် The Guardian သတင်စာမှာ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း စတင် ဖော်ပြခဲ့တာပါ။ ဒါ့အပြင် NSA နဲ့ FBI ပြည်ထောင်စု ထောက်လှမ်းရေးဌာနတို့ကလည်း PRISM ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်နိုင်ငံထဲက အင်တာနက် ကုမ္ပဏီတွေထဲ ဝင်ရောက် ကြည့်ရှုခွင့်ရှိတဲ့ အစီအစဉ် ပြုလုပ်ပြီး သတင်းအချက်အလက်တွေ စုဆောင်းနေတဲ့အကြောင်း The Washington Post နဲ့ The Guardian သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

အခုလို သတင်းတွေ ထွက်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အရာရှိတွေဘက်က ငြင်းဆိုတာတော့ မရှိပါဘူး။ အမေရိကန်အရာရှိတွေကတော့ တယ်လီဖုန်း ခေါ်ဆိုမှုတွေကို ဘယ်သူကမှ နားထောင်ခြင်း မရှိသလို အခုလို စုဆောင်းရရှိခဲ့တဲ့ အချက်အလက်တွေကနေ အကြမ်းဖက် တိုက်ခိုက်မယ့် အစီအစဉ် အတော်များများကို ဟန့်တားနိုင်ခဲ့တယ်လို့ ပြောပါတယ်။
XS
SM
MD
LG