သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ ကန် ကူညီမည်


နေပြည်တော်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် အမေရိကန်-မြန်မာ လူ့အခွင့်အရေး ဆွေးနွေးပွဲ။
နေပြည်တော်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် အမေရိကန်-မြန်မာ လူ့အခွင့်အရေး ဆွေးနွေးပွဲ။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Anne Richard တို့ ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ် အဖွဲ့ဟာ ဇန်နဝါရီလ ၁၄ နဲ့ ၁၅ ရက် ၂ ရက်ကြာနေပြည်တော်မှာကျင်းပတဲ့ ဒုတိယအကြိမ် အမေရိကန်-မြန်မာ လူ့အခွင့်အရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာကိုယ်စားလှယ်ဘက်က ဦးဆောင်ဆွေးနွေးခဲ့တဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်ကို ၂ ရက်ကြာ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဒေါ်ခင်စိုးဝင်းက သီးသန့် ဆက်သွယ်မေးမြန်းရာမှာ ဦးသန့်ကျော်က အခုလို စ ပြောပါတယ်။

"ဆွေးနွေးတဲ့အထဲမှာ ဘာသာရပ်တွေတော့ အများကြီးပေါ့နော်။ ခေါင်းစဉ်တွေလည်း အများကြီးပါ။ အလုပ်သမားကိစ္စ၊ အလုပ်သမားကိစ္စဆိုလို့ရှိရင် မြန်မာနိုင်ငံနဲ့ အမေရိကန်ကြားမှာ ကျနော်တို့ရဲ့ဆောင်ရွက်ချက် တွေအပေါ်မှာ သူတို့ ကျေနပ်တယ်။ အားရတယ်။ နောက် ဆက်ပြီးတော့ ကျနော်တို့ရဲ့ ဆောင်ရွက်ချက်တွေကို ဆက်ပြီးတော့ အားပေးတယ် ဆိုတဲ့ဟာကို အဓိကထားပြီး သူတို့ပြောပါတယ်။ နောက် ဒီမြေနဲ့ပတ်သက်တဲ့ ကိစ္စ Land Rightsနဲ့ ပတ်သက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးကြ ပါတယ်။ ဆွေးနွေးတဲ့ အခါမှာ ဒီကိစ္စရဲ့ နက်နဲမှု ဒီကိစ္စရဲ့ အရေးပါမှု၊ မြေတွေကို ဌားတဲ့ ကိစ္စ နှစ်ဘက်ကြားမှာ အမြင်ဖလှယ်ပါတယ်။

အဓိကကတော့ National Land Use Policy အပေါ်မှာ နှစ်ဘက်ကြား မှာ ပြည်သူလူထုပေါ့ Public consultation ပေါ့ ဒါ လုပ်သင့်တယ်။ ဒါ အရေးကြီးတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ အချိန်နည်းနည်းတော့ ပေးရမယ်ဆိုတဲ့ ဟာမျိုးကိုတော့ သူတို့လည်းမြင်ပါတယ်။ ကျနော်တို့လည်း မြင်ပါတယ်။ အဲ့တာမျိုး မြင်တာတော့ နှစ်ဘက်ကြားမှာ ဆွေးနွေးတယ်။ ကျနော်တို့ဆောင်ရွက်နေတဲ့ အပိုင်း၊ သူတို့မြင်တဲ့အပိုင်းကို တော့ နှစ်ဘက်ကြားမှာ အဓိကထား ဆွေးနွေးကြပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ အမေရိကန်က နိုင်ငံခြားရေးဝန်ကြီးတွေပဲ လာလာ၊ဘယ်သူပဲလာလာ။ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ လာတိုင်းမှာ မြန်မာစစ်တပ်က သိမ်းယူထားတဲ့ လယ်ယာမြေတွေ ကိစ္စ ပြန်ပေးဖို့ တိုက်တွန်းလေ့ရှိပါတယ်။ အဲ့ဒီ့ကိစ္စနဲ့ပတ်သက်လို့ရော ဒီနေ့ ဆွေးနွေးဖြစ်ပါသေးလားရှင့်။

ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်။ ။ အဲ့ဒီ့ဥစ္စာတော့ မနေ့က ဆွေးနွေးပါတယ်။ မနေ့က ဆွေးနွေးပွဲမှာ ကာကွယ်ရေး ဝန်ကြီးဌာနက ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သော်၊ ရှေ့ ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့ ကိုယ်တိုင်တက်ပြီးတော့ တပ်မတော်နဲ့ အပိုင်းမှာ ဆွေးနွေးတဲ့အခါမှာ တပ်မတော်ကနေ မြေကိစ္စတွေပေါ့လေ။ ဒါတွေကိုလည်း ဆွေးနွေးပါတယ်။ နှစ်ဘက်ကြားမှာ ပြေပြေ လည်လည် ဆွေးနွေး ပြီးတော့ ဒီကိစ္စရဲ့ အတိမ်အနက်ကိုလည်း အကုန်လုံး လေ့လာပြီးတော့ လိုအပ်တဲ့ အမြင်ဖလှယ်ကြပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ နောက်တခုက မြန်မာနိုင်ငံရဲ့ အခုလာမယ့် ၂၀၁၅မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ရော သူတို့ဘက်က တိုက်တွန်းတာ အကြံပေးတာရှိပါသလားရှင့်။

ဦးသန့်ကျော်။ ။ ရှိပါတယ်။ ပထမဆုံး အချက်ကတော့ ရွေးကောက်ပွဲမှာ Elections နဲ့ပတ်သက်တဲ့ အထောက်အကူပေါ့။ သူတို့အနေနဲ့ Assitance ပေးနိုင်တယ်။ကျနော်တို့ဘက်ကလည်း ဒီအထောက်အကူပေးတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကလည်း ဒါ လိုအပ်လို့ရှိရင် ဝမ်းသာစွာနဲ့ ကြိုဆိုမယ်။ နောက်ပြီးတော့ ကျနော်တို့ မြန်မာဘက် ကနေပြီးတော့ လာမယ့် ရွေးကောက်ပွဲကို credible ဖြစ်အောင်၊ transparent ဖြစ်အောင် ကျနော်တို့ဘက်က ဆောင်ရွက်မယ်ဆိုတဲ့ ဒီcommitment ပေ့ါ။ အဲ့တာကို ကျနော်တို့ဘက်က သူတို့ကို ပြောပြတဲ့အတွက် သူတို့က ဝမ်းသာကြောင်း ကြိုဆိုကြောင်း ကျနော်တို့ကို သူတို့ပြန်လည်ပြီး အသိပေးပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ နောက်တခုက မြန်မာနိုင်ငံရဲ့ အခုလက်ရှိ အကောင်အထည်ဖော်နေတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးကိစ္စ နဲ့ပတ်သက်ပြီးတော့ရော သူတို့အနေနဲ့ ပံ့ပိုးဖို့ ရှိပါသလားရှင့်။

ဦးသန့်ကျော်။ ။ ငြိမ်းချမ်းရေးကိစ္စမှာ ထည့်သွင်းဆွေးနွေးပါတယ်။ လာတဲ့ Delegation ပေါ့ ဒိုင်ယာလော့ခ်လုပ်တဲ့ Delegation အဖွဲ့က ကျနော်တို့နဲ့ မဆွေးနွေးမှီမှာ ကချင်ပြည်နယ်သွားပါတယ်။ ကချင်ပြည်နယ် သွားပြီး သူတို့ လေ့လာတယ်။ လေ့လာတဲ့အခါမှာ ဒီ IDP စခန်းတွေပေါ့။ IDP စခန်းတွေမှာ လူသားချင်းစာနာတဲ့အကူအညီတွေ လိုနေတယ်ဆိုတဲ့ကိစ္စကို ကျနော်တို့ကို အသိပေးပါတယ်။ အဲ့ဒီ့အတွက်ကို ကျနော်တို့က နည်းလမ်းရှာဖို့၊ ကျနော်တို့ဘက်ကလည်း ကြုံတွေ့နေရတဲ့ လူသားချင်းစာနာမှု အခက်အခဲ၊ ကျနော်တို့ရဲ့ စိုးရိမ်မှုလေးတွေ ဒါလေးတွေကိုလည်း ကျနော်တို့က ရှင်းပြပါတယ်။ သို့သော်လည်း ဒါဟာ လူသားချင်းစာနာမှုဖြစ်တဲ့ အတွက် အထူးအရေးကြီးတယ်။ ဒီဟာကို စနစ်တကျ နှစ်ဖက်ကြားမှာ ထင်သာမြင်သာဖြစ်အောင် လုပ်ဖို့ လိုအပ်တယ်။ ကျနော်တို့ပို့လိုက်တဲ့ ဒီကနေ ယူသွားတဲ့ လူသားချင်းစာနာမှု ပစ္စည်းတွေဟာ တကယ်လိုအပ်တဲ့သူတွေဆီကို IDP ကမ့်တွေကို တကယ်ရောက်ဖို့ လိုအပ်တယ်။ အဲ့လိုရောက်အောင် ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ၊ ဘာဖြစ်လို့လဲဆိုတော့ တဖက်ကလည်း နယ်မြေက တချို့ဟာတွေက ကျနော်တို့ ရဲ့ ဒီဘက် နယ်မြေထဲမှာ မရှိဘူး။ KIA နယ်မြေထဲမှာ ရှိတဲ့အတွက် တကယ်လိုအပ်တဲ့သူတွေဆီ ရောက်ဖို့ အရေးကြီးတယ် ဆိုတာကိုတော့ နှစ်ဘက်စလုံးက ဒါကို သဘောတူခဲ့ကြပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့။ နောက်တခုက နိုင်ငံတကာက အမြဲတမ်း စိုးရိမ်မကင်းဖြစ်တယ်လို့ ပြောပြောနေတဲ့ ရခိုင်ပြည်နယ်မှာနေတဲ့ လူနည်းစု ဖြစ်တဲ့ ရိုဟင်ဂျာတွေအတွက်ကိုရော သူတို့အနေနဲ့ ဘာတွေများ ထပ်ပြီးတော့ ပြောတာ ရှိပါသလဲရှင့်။

ဦးသန့်ကျော်။ ။ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီနေ့ ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါမှာ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ကိုယ်တိုင် လာရောက်ပြီးတော့ ဒီရခိုင်ပြည်နယ် အခြေအနေ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေ အားလုံးကို ရှင်းပြပါတယ်။ အဲ့ဒီ့တော့ ဒီနေရာမှာ မြန်မာနိုင်ငံသား အားလုံးက ကျနော်တို့က ပေးလို့ရတဲ့အခြေအနေ၊ ပေးလို့မရတဲ့အခြေအနေ ကို အဓိက ဆွေးနွေးပါတယ်။ အထူးသဖြင့် ရခိုင်ကိစ္စမှာ လူသားချင်းစာနာမှု ဒါနဲ့ပတ်သက်ပြီး အရေးကြီးကြောင်း နောက်ပြီးတော့ စီးပွားရေးပေါ့နော် ဖွံ့ဖြိုးတိုးတက်မှုဟာ အခြေခံကျတယ်ဆိုတာကို ပြောသလို တဘက်မှာ ဒီဒုက္ခသည်စခန်းမှာ ရှိနေတဲ့သူတွေရဲ့ ရှေ့ရေးပေါ့ အဲ့တာနဲ့ပတ်သက်ပြီးတော့ အပြန်အလှန် အမြင်ချင်းဖလှယ်ပြီးတော့ ဆွေးနွေးမှုပြုခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့။ အခုဒီအဖွဲ့ လာတဲ့အခါမှာ နိုင်ငံတော် သမ္မတနဲ့ရော တွေ့ဆုံခွင့်ရခဲ့ပါသလားရှင့်။

ဦးသန့်ကျော်။ ။ အဓိကက ဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်ကို သွားပါတယ်။ ကချင်ပြည်နယ်ကိုသွားပါတယ်။ ရန်ကုန်မြို့မှာ Civil society အဖွဲ့အစည်းစုံနဲ့လည်း တွေ့ပါတယ်။ နောက်ပြီးတော့ နေပြည်တော်မှာ နှစ်ရက်ပေါ့။ ၁၄ရက် တနေကုန်၊ ၁၅ရက်ကလည်း ညနေ လေးနာရီ လောက် အထိ ဆွေးနွေးအမြင်ချင်း ဖလှယ်ပါတယ်။ အခုက ဒုတိယအကြိမ်ဖြစ်တဲ့အတွက် ပထမအကြိမ်ထက် ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်းနဲ့ ပိုပြီးတော့ အနှစ်သာရရှိရှိ ဆွေးနွေးနိုင်တယ်လို့ပဲ ကျနော့်အနေနဲ့ ယူဆပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ ကျေးဇူးအများကြီးတင်ပါတယ် ဒုဝန်ကြီးရှင့်။

ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်။ ။ ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG