သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ VOA သီးသန့်တွေ့ဆုံ မေးမြန်းချက် (အပိုင်း-၂)


ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌဋ္ဌ သူရဦးရွှေမန်းကို VOA မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းရဲ့ သီးသန့်တွေ့ဆုံ မေးမြန်းချက်
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌဋ္ဌ သူရဦးရွှေမန်းကို VOA မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းရဲ့ သီးသန့်တွေ့ဆုံ မေးမြန်းချက်

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ John Boehner ရဲ့ ဖိတ်ကြားချက်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီကို ရောက်ရှိခိုက်မှာ - မြန်မာ့လွှတ်တော်တွင်း အနေအထားတွေနဲ့အတူ၊ မြန်မာနိုင်ငံရွေးကောက်ပွဲ ဆိုင်ရာ သူရ ဦးရွှေမန်းရဲ့ သဘောထားနဲ့ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်ခြေရှိမရှိ ဆိုတာတွေကို ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ နောက်ဆုံးတခေါက် ဥက္ကဋ္ဌကြီးနဲ့ကျနော် တွေ့ဆုံခဲ့စဉ်တုန်းက ဒီကိစ္စတွေ တော်တော်ဆွေးနွေးခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့ အဲဒီအချိန်တုန်းက ပြောခဲ့တာတွေထဲမှာ ကျနော် သတိရတာကတော့ လာမယ့် ရွေးကောက်ပွဲ တွေ မတိုင်ခင်မှာပဲ လူထုဆန္ဒခံယူပွဲသဘောမျိုး လုပ်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ဥပဒေမူကြမ်းတခုကို လူထုထံကိုတင်ပြပြီးတော့ အတည်ပြုချက် ယူနိုင်မယ်-ဆိုတဲ့ အလားအလာမျိုး ကြားခဲ့ရဖူးတာ ရှိပါတယ်။ အဲဒါကရော ဖြစ်နိုင်ဖို့ ရှိပါအုံးမလားခင်ဗျ။ အခုလာမယ့်….

ဦးရွှေမန်း။ ။ မှန်ပါတယ်။ အတိအကျပြောရမယ်ဆိုလို့ရှိရင် ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲဖို့ ကြိုးစားတဲ့နေရာမှာ ပထမအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေး (၁၂) ကြိမ်မြောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်များ ပြင်မယ်၊ ပြီးတဲ့အခါကျလို့ရှိရင် အခုလာမယ့် မေလပေါ့လေ။ အခုဆို ဒီမှာ မေလမှာ - ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ လူထုဆန္ဒခံယူပွဲ ပြုလုပ်မယ်လို့ ဒီလို ပြောခဲ့တာရှိပါတယ်။ အခု မေလ ရောက်ပါပြီ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပဆဲကာလလည်း ဖြစ်ပါတယ်။ သင်္ကြန်ရုံးပိတ်ရက် ခန ပိတ်ထားတာ ဖြစ်ပြီးတော့ (၁၂) ကြိမ်မြောက် ပုံမှန် လွှတ်တော်အစည်းအဝေး ဆက်လက်ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအခါမှာလည်း လွှတ်တော်အနေနဲ့ လွှတ်တော် ကော်မတီဝင်များအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ပြောင်းလဲရေးကိစ္စအတွက် ကြိုးစားဆောင်ရွက်မှာပါ။ အဲလို ကြိုးစားဆောင်ရွက်ပြီးတဲ့အခါမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ သို့မဟုတ် ရွေးကောက်ပွဲနောက်ဆုံးကာလအထိ ရွေးကောက်ပွဲရက်အတွင်းပေါ့ - ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများကို ဆက်လက် ကြိုးပမ်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ ပြည်သူ့ဆန္ဒခံယူပွဲ ရွေးကောက်ပွဲမတိုင်ခင် မဖြစ်နိုင်တော့ဘူးဆိုတဲ့ ကိစ္စက ဒါ- ယတိပြတ်ပြောလို့ မရသေးဘူးပေါ့။

ဦးရွှေမန်း။ ။ မှန်ပါတယ်၊ ဒါနဲ့ပတ်သက်လို့ မျှော်မှန်းချက်ထားပြီး ကြိုးစားနေတဲ့အချိန် ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး (၄၃၆-က) အပိုင်း ရှိတယ်၊ (ခ) အပိုင်း ရှိတယ်။ (ခ) အပိုင်းကတော့ လွှတ်တော်အတွင်းမှာပဲ ပြင်ဆင်ဆောင်ရွက်နိုင်ခွင့်ရှိတယ်။ (က) အပိုင်းကတော့လွှတ်တော်က ပြင်ဆင် အတည်ပြုတဲ့နောက်ပိုင်းမှာတောင် ပြည်သူများရဲ့လူထုဆန္ဒခံယူပွဲပြီးမှ ဖြစ်တဲ့ကိစ္စ ဖြစ်တဲ့အတွက် အကယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ နေရာမှာ ပုဒ်မ ၄၃၆ (က) ကို ပြင်ဆင်ခွင့်ရှိတယ်ဆိုရင် Referendum လုပ်ရမယ်၊ Referendum လုပ်လို့ရှိရင် ရွေးကောက်ပွဲမတိုင်ခင် လုပ်မှ၊ သို့မဟုတ်လို့ရှိရင် ရွေးကောက်ပွဲကာလကို နောက်ဆုံးထားပြီးလုပ်မှသာ အောင်မြင်တဲ့ဆောင်ရွက်မှု တခုဖြစ်နိုင်မှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကရော နိုဝင်ဘာလမှာ ကျင်းပမယ်လို့ အကြမ်းဖျင်းကြေညာထားတာပဲ ကြားပါတယ်။ အခု (ဧပြီလ ၃၀ ရက်) နေ့မှာတော့ နောက်ဆုံး ပါတီတွေ မှတ်ပုံတင်တဲ့ကိစ္စ ပြီးသွားပါပြီ။ ပါတီပေါင်း (၈၀) ကျော် မှတ်ပုံတင်တယ်လို့ ကျနော်တို့ ကြားပါတယ်။ အဲဒီတော့ ဒီအဆင့်က ပြီးသွားပြီဆိုတော့ ရွေးကောက်ပွဲရက်ကို အတိအကျ သတ်မှတ်ကြေညာဖို့ပဲ ကျန်ပါတော့တယ်။ အဲဒီတော့ ဒီ ရွေးကောက်ပွဲဟာ မူလကြေညာထားတဲ့အတိုင်းပဲ ဥက္ကဋ္ဌကြီးပြောတဲ့အတိုင်းဆိုလို့ရှိရင် အခုလို လူထုဆန္ဒခံယူပွဲ ကျင်းပနိုင်ကောင်းရှိတယ်ဆိုတဲ့ အချက်ရှိမယ်၊ နောက် တခြား တိုင်းရင်းသားရေးရာ အပစ်အခတ်ရပ်ကိစ္စတွေ ရှိမယ်။ အဲဒီတော့ ဒါတွေဟာ - ဒါတွေကို တွက်လိုက်မယ်ဆိုရင် ရွေးကောက်ပွဲဟာ မူလရည်မှန်းထားတဲ့အတိုင်း နိုဝင်ဘာလထဲမှာရော ဖြစ်နိုင်ခြေ ရှိရဲ့လားခင်ဗျ။

ဦးရွှေမန်း။ ။ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ရွေးကောက်ပွဲနဲ့အဓိကသက်ဆိုင် တာဝန်ရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာပြီးဖြစ်ပါတယ်။ ရက်တိတိကျကျ ဖော်ပြခြင်းမရှိပေမယ့် ၂၀၁၅ နိုဝင်ဘာ လဆန်းပိုင်းမှာ ကျင်းပဆောင်ရွက်မယ်။ ဒီအကြောင်းကိုလည်း ပြည်ထောင်စုလွှတ်တော်က ကြိုဆိုတယ်၊ အတည်ပြုတယ်၊ ထောက်ခံခဲ့တာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုလွှတ်တော်ကလည်း ဒီဟာကို ကြိုဆို အတည်ပြုထားခဲ့တဲ့အတွက် ဖြစ်မယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ အခုလာမယ့်ရွေးကောက်ပွဲမှာ တရားမျှတမယ့်၊ လူထုနဲ့နိုင်ငံတကာကလက်ခံမယ့် ရွေးကောက်ပွဲဖြစ်ဖို့ ဥက္ကဋ္ဌကြီး အနေနဲ့ ဘယ်လောက်များယူဆထားပါသလဲခင်ဗျ။ အထူးသဖြင့် အခု ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့မတူဘဲနဲ့ နိုင်ငံတကာက စောင့်ကြည့် လေ့လာသူတွေကို ခွင့်ပြုမယ်ဆိုတဲ့သတင်းကောင်းလည်း ကြားထားရပါတယ်။ အမေရိကားကဆိုလို့ရှိရင် ကာတာဖောင်ဒေးရှင်းကလူတွေ လာမယ် သတင်းကြားထားပါတယ်။ အဲဒီတော့ ဒီလို ပြည်ပက စောင့်ကြည့်လေ့လာသူတွေ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေအပြင် ပြည်တွင်းမှာလည်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအဖွဲ့တွေလည်း ပေါ်လာနေပါပြီ။ အဲဒီအချက်တွေနဲ့ပတ်သက်လို့ ဥက္ကဋ္ဌကြီးရဲ့ သဘောထားလေးကို သိပါရစေ။

ဦးရွှေမန်း။ ။ ရွေးကောက်ပွဲတရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကတော့ ရာခိုင်နှုန်းများပါတယ်။ ဒါ့ကြောင့်လည်း အခုနကပြောတဲ့အချက်တွေအပြင် ပြည်သူတွေ ရွေးကောက်ပွဲဥပဒေနဲ့ပတ်သက်လို့ ၊ ရွေးကောက်ပွဲနည်းလမ်းနဲ့ပတ်သက်လို့ ပြည်သူတွေကော၊ သက်ဆိုင်ရာကော်မရှင်အဖွဲ့ဝင်တွေကော ၊ နောက် ဖြစ်ပေါ်လာမယ့် မဲရုံမှူးတွေရော၊ မဲရုံစာရေးတွေရော၊ သက်ဆိုင်ရာပါတီ အသီးသီး ကိုရော နောက် လူထုလူတန်းစား အခြားအဖွဲ့အစည်းများကိုရော ဒီနေ့ အားလုံး ပညာပေး၊ သင်တန်းပေးမှုများ ပြုလုပ်လာတဲ့အတွက် ရွေးကောက်ပွဲဟာ ယခင်ရွေးကောက်ပွဲများထက်စာရင် ပိုပြီးကောင်းမွန် - ပြောရမယ်ဆိုလို့ရှိရင်တော့ လွတ်လပ်ပြီးတရားမျှတတဲ့၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတခု ဖြစ်မယ်လို့တော့ အခိုင်အမာယုံကြည်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ထားပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကနေ ခွဲထွက်လာတဲ့ NDF လို နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေတချို့ပဲ အကန့်အသတ်နဲ့ဝင်ပြိုင်ရတယ်ဆိုတော့ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ နေရာအတော်များများ အနိုင်ရခဲ့ပါတယ်။ အများစုအနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ လစ်လပ်နေတဲ့ နေရာ ၄၀ မှာ ဝင်ပြိုင်တဲ့နေရာမှာ အသစ်ဝင်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ အပြတ်အသတ် အနိုင်ရသွားတာကို တွေ့ရပါတယ်။ အဲဒီတော့ ဒီလို ကိစ္စမျိုးဟာ လာမယ့် အခု ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ထပ်ပြီး ဖြစ်မလာစေဖို့ - ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲကလို အရှုံးနဲ့ မရင်ဆိုင်ရစေဖို့ ပါတီအနေနဲ့ ဘာတွေများ ပြင်ဆင်ထားတာရှိလဲခင်ဗျ။

ဦးရွှေမန်း။ ။ ခုနက ၂၀၁၀ ရွေးကောက်ပွဲလိုလည်း ရလဒ်ကဖြစ်လာစရာအကြောင်းမရှိသလို ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲလိုလည်း ဖြစ်လာစရာအကြောင်း မရှိပါဘူး။ ဒါသည် အခြေအနေကို ပြောတာပါ။ အချိန်အခါကို ပြောတာပါ။ ဒီမေးခွန်းထဲက မေးတဲ့မေးခွန်းနဲ့ပတ်သက်လို့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့ ထိုက်ထိုက်တန်တန် တရားမျှတစွာ၊ သန့်ရှင်းစွာအနိုင်ရရှိဖို့ ပြင်ဆင်ထားရှိပြီးဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အခု ပြီးခဲ့တဲ့ ကြေညာထားတဲ့ ပါတီမှတ်ပုံတင်စာရင်းမှာပေါ့နော် ၊ ပါတီ (၈၀) ကျော် မှတ်ပုံတင်ထားတယ်လို့ ကြားရပါတယ်။ ဒီကြားထဲမှာပဲ အသစ်ထွက်လာတဲ့ပါတီတွေထဲမှာ အရင်ပြည်ခိုင်ဖြိုးပါတီနဲ့နီးစပ်တဲ့ အဖွဲ့ဝင်တွေပါလာပြီးတော့ ပါတီသစ်တွေ ထောင်တယ်လို့လည်း ကြားရပါတယ်။ အဲဒီတော့ ပြည်ခိုင်ဖြိုးပါတီထဲကနေပြီးတော့ ပဲ့ထွက်သွားမယ်ဆိုတဲ့ ဒီလို အဖွဲ့အစည်းသစ်တွေ ပေါ်လာနိုင်တယ်ဆိုတဲ့ အလားအလာရော ရှိလားခင်ဗျ။

ဦးရွှေမန်း။ ။ ဒါတော့ မမြင်မိပါဘူး။ မမြင်မိပါဘူး၊ ဒီမေးခွန်းနဲ့ပြောတဲ့ ပါတီသစ်တွေဆိုတာလည်း ဘယ်ပုံ၊ ဘယ်စံနဲ့ ဘယ်ပုံဘယ်နည်းနဲ့ ဖြစ်ပေါ်လာလဲဆိုတာလည်း လောလောဆယ်တော့ ဂဃနဏ မသိသေးပါဘူး။

ဦးသန်းလွင်ထွန်း။ ။ ကျန်တဲ့တခြား တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ဆက်ဆံရေးအခြေအနေကရော ဘယ်လို ရှိပါသလဲခင်ဗျ။ မဟာမိတ်ဖွ့ဲထားမှုအခြေအနေပေါ့နော်၊ တဘက်ကဆိုလို့ရှိရင် ပြည်ခိုင်ဖြိုးပါတီရဲ့ အခု အဓိကယှဉ်ပြိုင်ဘက်ဟာ ဒီပုံအတိုင်းဆိုလို့ရှိရင်တော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုလောလောဆယ် အဓိကထားရမှာကတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ပြုထားနိုင်ဖို့၊ ဒီရွေးကောက်ပွဲမှာ တူညီတဲ့ရည်မှန်းချက်နဲ့ဝင်ပြိုင်နိုင်ဖို့-ဆိုတဲ့ ပုံစံမျိုးဖြစ်နေတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ရော အလားတူ ဆောင်ရွက်ချက်တွေ ရှိလားခင်ဗျ။

ဦးရွှေမန်း။ ။ ပြည်ခိုင်ဖြိုးပါတီ သီးခြား မဟာမိတ်ဖွဲ့ထားတာ မရှိပါဘူး။ သို့ရာတွင် မူဝါဒအနေနဲ့ ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံတော်နဲ့နိုင်ငံသား အကျိုးစီးပွားအတွက်ဆိုရင် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းညှိနှိုင်းဆောင်ရွက်မယ်ဆိုတဲ့ မူဝါဒဟာ ဒီအချက်တွေအပေါ် အားလုံး အကျုံးဝင်ပျံ့နှံ့နိုင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ ရွေးကောက်ပွဲပြီးသွားတဲ့အခါကျလို့ရှိရင် အများစုအနိုင်ရရှိတဲ့ပါတီအနေနဲ့ အဓိကအားဖြင့်တော့ ဒုသမ္မတလောင်းတွေ၊ သမ္မတလောင်းတွေ တင်သွင်းရမှာပေါ့လေ၊ အဲဒီအခါကျလို့ရှိရင် သမ္မတလောင်းအဖြစ် တင်သွင်းခံယူဖို့ စိတ်ဝင်စားမှုရှိတယ်ဆိုတာ ဥက္ကဋ္ဌကြီး ပြောထားခဲ့ပြီးပါပြီ။ ဒီနေရာမှာ ကျနော်တို့လည်း သိပ်တော့ မရှင်းလင်းတဲ့အချက်တခု ရှိပါတယ်။ အထူးသဖြင့် ဒါ အမေရိကန်ပြည်ထောင်စု ဆိုတော့ အမေရိကန်နဲ့ယှဉ်လိုက်မယ်ဆိုလို့ရှိရင် အမေရိကန်မှာ လက်ရှိပါတီတခုရဲ့သမ္မတဟာ သက်တမ်း နှစ်နှစ်အထိ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့ ဒီသမ္မတ တယောက်ဟာ နောက်သက်တမ်းမှာ ဒုတိယသက်တမ်းမှာ သူကိုယ်တိုင် ဝင်ပြီးတော့အရွေးခံမယ်ဆိုရင် သူ့ရဲ့ပါတီအနေနဲ့ နောက်ထပ် Candidate တယောက်ပေါ့နော်၊ သမ္မတလောင်းတယောက်ကို တင်သွင်းဖို့ဆိုတာ မရှိပါဘူးခင်ဗျ။ အဲဒီတော့ ဒီအချက်အလက်က မြန်မာနိုင်ငံမှာ ရှင်းလင်းပြီလားခင်ဗျ။ ဥပမာအားဖြင့် ပြည်ခိုင်ဖြိုးပါတီဆိုရင် သမ္မတကြီးဦးသိန်းစိန် ရှိနေပါတယ်။ သမ္မတကြီးဦးသိန်းစိန်က လာမယ့်(သက်တမ်း) နှစ်မှာ သမ္မတအဖြစ် ဆက်လက် တာဝန်မယူဘူး-ဆိုမှ ပြည်ခိုင်ဖြိုးပါတီက ဥက္ကဋ္ဌကြီးတို့ကို၊ ဒါမှမဟုတ် တခြားအမည်စာရင်း တင်သွင်း၊ တင်ထိုက်တဲ့သူတွေကို တင်မှာလား၊ ဘယ်လိုလုပ်ငန်းစဉ်လဲဆိုတာ ကျနော်တို့ မရှင်းဘူးဖြစ်နေပါတယ်။ အဲဒါလေး နည်းနည်း ရှင်းပြပေးပါ။

ဦးရွှေမန်း။ ။ ဒီကိစ္စက ပါတီတွင်း ကိစ္စဖြစ်ပါတယ်။ မှန်ပါတယ်၊ မြန်မာနိုင်ငံမှာလည်း သမ္မတအနေနဲ့ သက်တမ်းနှစ်ကြိမ်တိုင် လုပ်ခွင့်ရှိပါတယ်။ ပထမအကြိမ်သက်တမ်းမှာလည်း ပါတီရဲ့မူဝါဒအရ မည်သူက ပါတီရဲ့သမ္မတလောင်း၊ ဒီလို သတ်မှတ်ထားသလို လာမယ့် လာမယ့် ရွေးကောက်ပွဲတွေမှာလည်း ဒီလိုပဲ ပါတီရဲ့သတ်မှတ်ချက်အရ ပါတီဝင်တယောက်အနေနဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဥက္ကဋ္ဌကြီးအနေနဲ့က တပ်မတော်မှာလည်း အချိန်ကြာမြင့်စွာ ရာထူးအမြင့်ဆုံးအထိ ဆောင်ရွက်လာခဲ့ဖူးပါတယ်။ လွှတ်တော် ထဲမှာလည်း အောက်လွှတ်တော်ရဲ့ဥက္ကဋ္ဌ လွှတ်တော်ရဲ့နယကအဖြစ် ဦးဆောင်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ တကယ်လို့များ လာမယ့်သက်တမ်းမှာ သမ္မတရာထူးအနေနဲ့ တာဝန်ထမ်းဆောင်ရမယ်ဆိုလို့ရှိရင် အခုလက်ရှိ ထမ်းဆောင်နေတဲ့ လွှတ်တော်ရာထူးနဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေထက် သမ္မတ- လုပ်ဆောင်နေတဲ့ သမ္မတရဲ့လုပ်ငန်းတွေ၊ လုပ်ကိုင်နိုင်စွမ်းတွေထက် ပိုပြီးသာလွန်အောင် ဘာတွေများ လုပ်ပေးနိုင်လိမ့်မယ်လို့ ယူဆသလဲခင်ဗျ။

ဦးရွှေမန်း။ ။ အဲဒီတော့ ပထမပြောရမယ်ဆိုရင်တော့ မိမိ လွှတ်တော်ဥက္ကဋ္ဌတာဝန်ယူခဲ့ရတာ မိမိအတွက်ကော၊ လွှတ်တော်အတွက်ကော၊ နိုင်ငံ့ အတွက်ကော အများကြီး အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒီတာဝန်ယူမှုကို မိမိလွန်စွာ ကျေနပ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌတယောက်ဖြစ်လာတဲ့ အတွက် ဒီနေ့ နိုင်ငံတကာလွှတ်တော်များ၊ နိုင်ငံတကာ အစိုးရအဖွဲ့များ၊ နိုင်ငံတကာမှာရှိတဲ့ ပါတီအသီးသီးရဲ့လှုပ်ရှားများ၊ ….ပြောမယ်ဆိုရင် ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ ပိုပြီးတော့ လေ့လာခွင့်ရပါတယ်။ ဒါကြောင့်လည်း လွှတ်တော်ဥက္ကဋ္ဌ တယောက်မဖြစ်ခင် မိမိအတွေးအမြင်၊ အတွေ့အကြုံ၊ အရည်အသွေးတွေနဲ့ ဒီနေ့နှိုင်းယှဉ်မယ်ဆိုရင် အများကြီးကွာခြားသွားပြီဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုဆောင်ရွက်မှုကို မိမိ များစွာ ဝမ်းသာတယ်၊ ကျေနပ်မှုရှိတယ်။

ဒုတိယမေးခွန်းဖြစ်တဲ့ ဆက်စပ်မေးခွန်းဖြစ်တဲ့ နောင်သက်တမ်းမှာ မိမိ အခြားရာထူး…(ဦးသန်းလွင်ထွန်း - သမ္မတရာထူးအဖြစ် ထမ်းဆောင်ရမယ်ဆိုရင်) နဲ့ ထမ်းဆောင်ရမယ်ဆိုလို့ရှိရင် ဘယ်လိုကိစ္စမှာ ဘယ်လို လုပ်ဖို့ဆိုတာထက် ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်တယောက်၊ လွှတ်တော်ဥက္ကဋ္ဌတယောက် အနေနဲ့ တွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေ၊ ဆည်းပူးထားတဲ့အတွေ့အကြုံတွေ၊ အတွေးအမြင်တွေရယ်၊ ပြီးတဲ့အခါမှာ တခြားတခြား အစိုးရအဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်တွေရယ်၊ မိမိအစိုးရအဖွဲ့အစည်းများရဲ့လုပ်ဆောင်ချက်တွေရယ်၊ တော်တော်လေး လေ့လာထားရှိပြီး ဖြစ်ပါတယ်။ လွှတ်တော်နဲ့ အစိုးရကြား ဆောင်ရွက်မယ့် ကိစ္စတွေ ပြေပြစ်ချောမွေ့ပြီး အောင်မြင်နိုင်စေမယ့်အချက်တွေလည်း တွေ့ရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခုနက ဆွေးနွေးခဲ့သလို နယကအဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုကစပြီးတော့ ဆောင်ရွက်ခဲ့တယ်။ ဒီမှာ ထူးထူးခြားခြား တပ်မတော်ရဲ့ ထိပ်တန်းခေါင်းဆောင်အဖြစ်နဲ့ နယကအဖွဲ့မှာလည်း ပိုပြီးတော့ မြင့်မားတဲ့တာဝန် ထမ်းဆောင်ခဲ့ရတဲ့အတွေ့အကြုံတွေ များစွာရှိပါတယ်။ လေ့လာမှုလည်း များစွာရှိပါတယ်။ ဒါကြောင့်မို့လည်း အဲဒီ အတွေ့အကြုံတွေ၊ အဲဒီလေ့လာမှုတွေ၊ စေတနာတွေ၊ လုပ်နည်းလုပ်ဟန်တွေက မိမိထမ်းဆောင်ရမယ့် မည်သည့်တာဝန်မဆို ပိုပြီးတော့ ကောင်းမွန်စွာဆောင်ရွက်နိုင်မယ်လို့ မိမိက ယုံကြည်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ မြန်မာနိုင်ငံအကြောင်း မေးရမယ်ဆိုရင် အခု လက်ရှိ အတိုက်အခံတွေရဲ့အကြောင်းလည်း ထည့်မမေးလို့တော့ မရဘူးပေါ့လေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း လာမယ့်ရွေးကောက်ပွဲကို အတော်လေးကို ဂရုထားပြီးတော့ ကြိုးစားနေပါတယ်။ ဒါ တရားဝင် နိုင်ငံရေးလမ်းကြောင်းအပေါ်ကို တက်လာခဲ့တဲ့အခြေအနေပေါ့နော်။ အဲဒီတော့ သူတို့ရဲ့ကြိုးစားမှုတွေ အောင်မြင်လာပြီးတော့ အများစု အနိုင်ရမယ့်အခြေအနေ၊ အများစုထဲကနေပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစိုးရအတွင်း ခေါင်းဆောင်မှု အခြေအနေတွေကို တွန်းတိုက်..ရောက်ရှိလာမယ့်အခြေအနေတွေကိုဆိုရင်ကော ဥက္ကဋ္ဌကြီးအနေနဲ့ ဘယ်လိုများ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိမလဲ။ ဘယ်လိုများ သဘောထားရှိပါသလဲ။

ဦးရွှေမန်း။ ။ အဲဒီတော့ NLD ပါတီကတော့ လောလောဆယ်ပေါ့လေ- ရေပန်းစားပြီးတော့ ..ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိးရေးပါတီနဲ့ ယှဉ်ပြိုင်ဘက် ပါတီကြီးလို့ ဆိုနိုင်တာပေါ့။ အဲဒီတော့ မိမိတို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိတဲ့လူတယောက်အနေနဲ့ ပြောရမယ်ဆိုရင် ပါတီတိုင်းကိုလည်း လေးစားပါတယ်။ ပါတီတိုင်းကိုလည်း သူ့ရဲ့အရည်အချင်းတွေကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ မည်သည့်ပါတီမဆို အဲဒီပါတီတွေမှာ နိုင်ငံနဲ့နိုင်ငံသားအကျိုးစီးပွား တနည်းအားဖြင့် ပြောရမယ်ဆိုရင် အမျိုးသား အကျိုးစီးပွားအတွက် ရည်မှန်းချက်တွေ ကောင်းကောင်း ရှိပြီးသားဖြစ်မှာပါ။ ဒါကြောင့် အဲဒီလို ရည်မှန်းချက်ကောင်းပြီးတော့ အရည်အချင်းရှိတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ မိမိတို့ဘက်ကတော့ နိုင်ငံ့အတွက် ကောင်းကျိုးပြုမယ်ဆိုရင် အချိန်မရွေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ အသင့် ရှိပါတယ်။ ဒါကြောင့် အခုနက NLD ပါတီကို ရှေ့က ခေါင်းစဉ်တပ် ပြောသွားတဲ့အတွက် နိုင်ငံနဲ့နိုင်ငံသား အကျိုးစီးပွားအတွက်ဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကြီးခင်ဗျ။

ဦးရွှေမန်း။ ။ ကျေးဇူးတင်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက သီးသန့်တွေ့ဆုံ မေးမြန်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG