သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း နဲ့ ဗွီအိုအေ သီးသန့် တွေ့ဆုံ မေးမြန်းခန်း (အပြည့်အစုံ)


ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကို ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းက နေပြည်တော် လွှတ်တော်မှာ သွားရောက် တွေ့ဆုံမေးမြန်း
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကို ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းက နေပြည်တော် လွှတ်တော်မှာ သွားရောက် တွေ့ဆုံမေးမြန်း

မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပြင်ဆင်မှုတွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အပြီး ၂၀၁၆ နှစ်ဆန်းပိုင်းမှာမှ ဖွဲ့စည်းမယ့် လွှတ်တော် အသစ်မှာ အတည်ပြုပေးရမယ်ဆိုတဲ့အကြောင်း ဗွီအိုအေကို သီးသန့် ထပ်မံ ရှင်းလင်းခဲ့ပါတယ်။ အရေးကြီးတဲ့ ပြင်ဆင်မှုတွေဖြစ်တဲ့အတွက် ဥပမာအားဖြင့် ပြည်နယ် အစိုးရဝန်ကြီးချုပ်ခန့်အပ်မှုမျိုး၊ တရားသူကြီး အဖွဲ့ ရွေးချယ်မှုမျိုး စတဲ့ ကိစ္စမျိုးတွေမှာ အခု လွှတ်တော်သက်တမ်း အတွင်း ရုတ်တရက်ပြင်ဆင်လိုက်ရင် လက်ရှိ အစုးိရတရားရေး ကဏ္ဍ စတာတွေမှာရှုပ်ထွေးမှုတွေ ဖြစ်လာလိမ့်မယ်လို့ သူရဦးရွှေမန်းက ပြောပါတယ်။ လက်ရှိ လွှွတ်တော်တွင်း ဆွေးနွေးနေတဲ့ထဲမှာ ပုဒ်မ (၅၉) (စ) ပြင်ဆင်ရေးပါ တပါတည်းပါတာမို့ အကယ်၍ ပြင်ဆင်ရေး အတည်ပြုခဲ့မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒုတိယသမ္မတအဖြစ် အမည်စာရင်း တင်သွင်းခွင့် သမ္မတအဖြစ် ရွေးချယ်ခံခွင့် ရှိမရှိ ဆိုတာတွေကိုပါ နောက်လာမယ့် လွှတ်တော်အသစ်အစပိုင်းမှာ တပါတည်း အတည်ပြုပေးဖို့ ရနိုင်မှာ ဖြစ်တယ်လို့ပြောပါတယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း က နေပြည်တော်လွှတ်တော်မှာ သွားပြီး တွေ့ဆုံမေးမြန်းခဲ့တာပါ။

ဦးသန်းလွင်ထွန်း။ ။ မင်္ဂလာပါ ဥက္ကဋ္ဌကြီး ခင်ဗျာ။ အခု လာမယ့် ၂၅ ရက်နေ့ အထိ အရေးတကြီး ဆွေးနွေးနေကြတဲ့အကြောင်းအရာက ဒီ လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ရေးမှာ အဓိကကျတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ အကြိတ်အနယ် ညှိနှိုင်းနေကြတဲ့ အကြောင်းအရာလေးတွေ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌကြီးကိုယ်တိုင်လည်း သတင်းစာရှင်းလင်းပွဲတခုမှာ ဒီပြင်ဆင်မှုတွေဟာ ၂၀၁၅ ရွေးကောက်ပွဲ အပြီး လာမယ့် လွှတ်တော် သက်တမ်းကျမှ အကောင်အထည်ပေါ်လာမယ်ဆိုတဲ့ သဘောမျိုးကို အပြင်ဘက်မှာ နားလည်မှုတွေ ရှိနေပါတယ်။ အဲဒီတော့ အဲဒီကိစ္စကို ဥက္ကဋ္ဌကြီး အနေနဲ့ အရင်ဆုံး နည်းနည်းလေး ရှင်းပြပါလားခင်ဗျ။

သူရ ဦးရွှေမန်း။ ။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ၂၀၀၈ ခုနှစ် မေလမှာ Referendum (ပြည်သူ့ဆန္ဒခံယူပွဲ) လုပ်ပြီး အတည်ပြုခဲ့တယ်။ ဒီဥပဒေဟာ ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်ပြီး ရွေးကောက်ပွဲပေါ်က ရလဒ်တွေကို မူတည်ပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ကျင်းပတယ်။ အဲဒီ ပြည်ထောင်စုလွှတ်တော် ကျင်းပတဲ့အချိန်ကျမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက အသက်ဝင်ပါတယ်။ အဲဒါကြောင့် အခု လွှတ်တော်ထဲ မှာ ဆွေးနွေးနေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များဟာ ဒီလ ၂၅ ရက်နေ့မှာ ဆွေးနွေးပွဲ ပြီးဆုံးမှာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ဆက်လက်လုပ်ဆောင်ရမယ့် ကိစ္စက ဥပဒေကြမ်းပြုစုရေး ကိစ္စ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းပြုစုရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ နဲ့ အညီ လွှတ်တော်ကိုတင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီအပိုင်းကတော့ လာမယ့် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ လွှတ်တော်တွင်းမှာ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။လွှတ်တော်ထဲမှာ မဲခွဲကြမယ်ဆိုတဲ့သဘောပေါ့။

သူရဦးရွှေမန်း။ ။ မဲခွဲကြမယ်။ မဲခွဲကြမယ်။ အဲလိုမဲခွဲပြီးတော့ ရလာမယ့် အဖြေပေါ် မူတည်ပြီးတော့ တချို့ဥပဒေတွေဟာ လွှတ်တော်တွင်းနဲ့ပဲ ပြီးသွားမယ်။ တချို့ ဥပဒေတွေကတော့ လူထုဆန္ဒခံယူပွဲ ဆက်လက်လိုအပ်မယ်။ အဲဒီအပိုင်းကျတဲ့ အခါကျတော့ လာမယ့် ၂၀၁၅ မေလ အတွင်းမှာ အပြီးလုပ်မယ်လို့ လျာထား သတ်မှတ်တယ်။ အဲဒီက ထွက်ပေါ်လာတဲ့ ပြဌာန်းချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အတည်ဖြစ်သွားပြီ။ သို့ရာတွင် ဒီအတည်ဖြစ်ပေ မယ့် အသက်ဝင်လှုပ်ရှားဖို့ကတော့ ၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော်များ ပြန်လည်ဖွဲ့စည်းပြီး ပထမဆုံးအကြိမ်၊ ပထမဆုံးရက် လွှတ်တော် ကျင်းပတဲ့ အချိန်မှာ အသက်ဝင်သွားမယ်။ အသက်ဝင်သွားတဲ့အတွက် အဲဒီအတိုင်းပဲ နောက်ဆက်ပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ပြီးတော့ စောင့်ထိန်းလိုက်နာမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ကျနော် ဒီနေရာမှာ နားလည်တဲ့အချက်က လွှတ်တော်တွင်း ပြင်ဆင်မှုတွေနဲ့ ပတ်သက်လို့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပထမဦးဆုံး အကြိမ် လွှွတ်တော်ခေါ်တဲ့အခါမှာ ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၁၁ ဖေဖော်ဝါရီလမှာ ပထမဆုံးအကြိမ် လွှတ်တော် ခေါ်တဲ့အချိန်မှာ လွှတ်တော်ရဲ့ ပထမဆုံးလုပ်ငန်းက ဒီ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ပြုလိုက်တဲ့၊ အသက်ဝင်တယ်ဆိုတဲ့အချက် ရှိတယ်လေ။ ဒါပေမယ့် ဒီရှိပြီးသား ဥပဒေ တခုကို ပြင်ဆင်တဲ့ကိစ္စက ဘာကြောင့်မို့ အခုလက်ရှိ ဥပဒေပြုနေတဲ့ လွှတ်တော်အတွင်းမှာပဲ အသက်ဝင်လှုပ်ရှားမှု မဖြစ်နိုင်တာလဲ ဆိုတာလေးကို အဲဒါလေးကို ကျနော်သိပ်မရှင်းဘူး။ ဘာကြောင့်မို့လို့ နောက် လွှတ်တော်အထိ စောင့်ရမှာလဲ။

သူရဦးရွှေမန်း။ ။ ဟုတ်တယ်။ အကယ်လို့ ဒီကိစ္စက အခုလို မေးမှလည်း ပိုရှင်းလိမ့်မယ်။ တချို့လည်း လွယ်လွယ်နဲ့ မသိနိုင်ဘူး။ ဆိုကြပါစို့။ အကယ်လို့ ခုနက ၂၀၁၅ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ ပြီးတဲ့နောက်ပိုင်းမှာ ပြီးတာနဲ့ ချက်ချင်းကြီး ဒီဟာ အသက်ဝင် လှုပ်ရှားမယ်ဆိုရင် ဒီနေ့ မဏ္ဍိုင်ကြီး သုံးရပ် ဖွဲ့စည်းထားတာ ရှိတယ်။ ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင် ရှိတယ်။

အဲဒီမဏ္ဍိုင်ထဲမှာ ဆိုကြပါစို့။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်လိုက်တဲ့အခါမှာ ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များသည် တိုင်းဒေသကြီးလွှတ်တော်က ရွေးချယ်တဲ့ဟာကို သမ္မတကနေပြီးတော့ အတည်ပြုတယ် ဆိုရင် ခုန ပြုပြင်ပြောင်းလဲတာမှာ ဒါပါသွားရင် အဲဒီအတိုင်း လိုက်နာကျင့်သုံးရမယ် ဆိုရင် ဒီနေ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေဟာ ဒီနေ့ လူတွေ ဖြစ်မှာ မဟုတ်တော့ဘူး။

အဲဒီအတိုင်းပဲ၊ အစိုးရအဖွဲ့ထဲမှာလည်း ပြောင်းလဲလိုက်တဲ့အပေါ် မူတည်ပြီးတော့ ဆိုကြပါစို့ အကယ်လို့ ပြင်ဆင်ရေးမှာ အောင်မြင်သွားမယ်ဆိုရင် ဝန်ကြီးများသည် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ရမယ်ဆိုတဲ့ ပြောင်းလဲမှုပါသွားရင် ဒီနေ့ လက်ရှိ ရှိနေတဲ့ ဝန်ကြီးတွေဟာ တမျိုးတမည်တွေ ဖြစ်သွားနိုင်တယ်။ အဲဒီအတိုင်းပဲ၊ ဒီနေ့ လွှတ်တော်တွင်းမှာ ဆွေးနွေးနေကြတဲ့ တရားသူကြီးချုပ်များကိုလည်း လွှတ်တော်က ရွေးချယ် တာဝန်ပေးတဲ့ သူများ ဖြစ်ရမယ်ဆိုလို့ရှိရင် အကုန်လုံး ကမောက်ကမ ဖြစ်သွားနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီဟာကို အသက်ဝင် လှုပ်ရှားမယ်ဆိုလို့ ရှိရင် မဏ္ဍိုင်ကြီး သုံးရပ် အတွင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ပြီးတော့မှ တိုင်းပြည်အတွက် အန္တရာယ် ဖြစ်နိုင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။သဘောကတော့ လွှတ်တော်တွင်း ပြင်ဆင်မှုတွေဟာ တခြားအုပ်ချုပ်ရေး မဏ္ဍိုင်ကိုပါ သွားပြီးတော့ သက်ရောက်မှုတွေ ရုတ်ချည်းဖြစ်လာနိုင်တဲ့ အနေအထားကို ကာကွယ်ဖို့အတွက် ဒါ နောက်ထပ် လွှတ်တော်အသစ်တက်လာတဲ့အချိန်ရောက်မှ အတည်ပြုပေးမယ်၊ နောက်ထပ် အစိုးရဖွဲ့စည်းနိုင်မယ့် အချိန်မျိုးမှာမှ အတည်ပြုပေးမယ်ဆိုတဲ့ သဘောမျိုးပေါ့။

သူရ ဦးရွှေမန်း။ ။အဓိက မဏ္ဍိုင်ကြီး သုံးရပ်ပေါ့။ မဏ္ဍိုင်တခုတည်းမဟုတ်ဘူး။ ဒီဥပဒေပြုရေး မဏ္ဍိုင်မှာလည်း အပြောင်းအလဲ ရှိနိုင်တယ်။ အဲဒီအတိုင်းပဲ နောက်တခါ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင် ၊ မဏ္ဍိုင်ကြီး သုံးရပ်မှာ အပြောင်းအလဲ ဖြစ်သွားနိုင်တဲ့ အတွက် အဲဒီလိုသာ ပြောင်းလဲ သွားမယ်ဆိုရင် ဒီနေ့ နိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို တမျိုး ထိခိုက်သွားနိုင်တယ်။

ဦးသန်းလွင်ထွန်း။ ။ဒီအချိန်မှာ လူထု အဓိက စိတ်ဝင်စားနေတဲ့ အချက်က ဒီ ၄၃၆ ကို ပြင်ပြီးပြီ ဆိုရင် အခုရှိနေတဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကြီး ဟာ ပြုလွယ် ပြောင်းလွယ် ပြင်ဆင်လွယ်တဲ့ ဥပဒေတရပ် ဖြစ်လာပြီ။ အဲဒီအခါကျလို့ ရှိရင် နောက်ထပ် အရေးကြီးတဲ့ အချက်အလက်၊ ဥပဒေကြောင်း အရ ပြင်ဆင်မှုတွေမှာ အားလုံး စိတ်ဝင်စားနေတာက ၅၉(စ)၊ ၅၉ (စ) ဆိုလို့ ရှိရင် ဒါကို ပြင်ဆင်မှသာ နိုင်ငံတော် အကြီးအကဲ၊ နိုင်ငံတော် အကြီးအကဲ အလောင်းအလျာဖြစ်တဲ့ ဒုတိယသမ္မတတွေကို ရွေးကောက်ပေးရမယ့် အနေအထား။ အဲတော့ အခုလာမယ့် ၄၃၆ မှာ အခု ပြင်ဆင်နေတဲ့ အကြောင်းအရာတွေကို လာမယ့် လွှတ်တော် ပထမ သက်တမ်းကျတော့မှ စတဲ့ အခါကျတော့မှ အတည်ပြုပေးရမယ်ဆိုလို့ ရှိရင်၊ အဲဒီအချိန်မှာ ၅၉ (စ) ကို မပြင်ပေးနိုင်ဘူး ဆိုလို့ရှိရင် လူထု စိတ်ဝင်စားနေတဲ့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခွင့် ဆိုတာက ဘယ်အချိန်မှာ ဖြစ် မှာလဲ။ အဲဒီတော့ ပထမလွှတ်တော်သက်တမ်းအတွင်းမှာ ဒီလို အစိုးရကို နာမည်စာရင်း မပေးခင် ကာလအတွင်းမှာ ၅၉(စ) ပြင်ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား။

သူရ ဦးရွှေမန်း။ ။ အခု ဒီနေ့ လွှတ်တော်တွင်းမှာ ဆွေးနွေးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ပတ်သက်လို့က ၄၃၆ တခုတည်းကို ဆောင်ယူတာ မဟုတ်ဘူး။ ခုနက ပြောတဲ့ ၅၉ (စ) စသဖြင့် ပုဒ်မတွေ အများကြီး ဆောင်ယူတာ ဖြစ်ပါတယ်။ ဒါကို ဒီတပတ် လွှတ်တော်မှာ ဥပဒေကြမ်း ပြုစုပြီးတော့ အဆုံးအဖြတ် ပေးတဲ့ နေရာမှာ ၄၃၆ လည်း ပါတယ်။ ၅၉ (စ) လည်း ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ တပါတည်း ပါသွားတာပေါ့။

သူရ ဦးရွှေမန်း။ ။ တပါတည်း ပါတယ်။ အဲတော့ တချို့က ပြောနေကြတယ်။ ၄၃၆ တခုပဲ အာရုံစူးစိုက် ပြင်မယ်ဆိုတဲ့အခါမှာ ၄၃၆ ပြင်လို့ မရဘူးဆိုရင် ဘာလုပ်မလဲ။ ပြင်လို့ ရခြင်း မရခြင်းက လောလောဆယ် ဖြစ်ချင်တဲ့ဆန္ဒပဲ ရှိတယ်။ ဖြစ်လာမယ် မဖြစ်လာဘူးဆိုတာက လွှတ်တော်က ခုနက မဲပေး ဆုံးဖြတ်တဲ့ အခါကျမှ ပေါ်လာမှာ။ ဒါကြောင့်မို့လို့ ခုနက ပြင်ဆင်တဲ့နေရာမှာ ၄၃၆ တခုတည်း ဦးတည်ဆောင်ရွက်တယ်ဆိုပေမယ့် ကျန်တဲ့ အရေးကြီးတဲ့ ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာတွေ ပြင်ဖို့ တပါတည်း ဆောင်ရွက်နေတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒါပေမယ့် ကျနော် နားလည်ထားသလောက်ကတော့ ၄၃၆ က အင်မတန် အရေးကြီးပါတယ်။ ၄၃၆ ကြောင့်ပဲ လွှတ်တော်ရဲ့ ဥပဒေတွေဟာ ပြင်မလွယ် ဆင်မလွယ် ပြဿနာတွေ ဖြစ်နေရတာပါ။ အထူးသဖြင့် ၇၅ ရာခိုင်နှုန်း ကိစ္စ၊ နောက်ပြီးတော့ တဆင့်ပြီးတဆင့် တင်ရမယ့် ကိစ္စတွေဟာ မဖြစ်နိုင်သလောက် ဖြစ်နေတာကိုး။ အရေးကြီးတဲ့အချက်တွေ ပြင်ဆင်ရေးဟာ မဖြစ်နိုင်သလောက် ဖြစ်နေတယ်။ အထူးသဖြင့် ဥက္ကဋ္ဌကြီးလည်း ဟိုတနေ့က ပြောခဲ့ပါတယ်။ တပ်မတော်ရဲ့အမတ်ဦးရေဟာ - ၂၅ ရာခိုင်နှုန်းသော အမတ်ဦးရေရဲ့ ထောက်ခံမဲတမဲမှ မရခဲ့ဘူးဆိုလို့ရှိရင်၊ ၄၃၆ မပြင်ပဲ ၅၉ (စ) ပြင်ဖို့ လုပ်နေတယ်ဆိုလို့ ရှိရင်၊ တပါတည်း အကုန်လုံး ဆုံးရှုံးသွားမှာပဲ မဟုတ်တော့ဘူးလား။ ဘယ်လိုလုပ် ဒီဟာတွေဟာ ပြင်ဖို့ ဖြစ်လာနိုင်မှာလဲ။

သူရ ဦးရွှေမန်း။ ။ ၄၃၆ ကလည်း ၄၃၆ အပိုင်းပဲ။ ၅၉ (စ) ကလည်း ၅၉ အပိုင်းပဲ။ ၄၃၆ ကို အောင်မြင်အောင် ဆောင်ရွက်မယ်ဆိုလို့ ရှိရင်လည်း လွှတ်တော်တွင်းမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ၇၅ ရာခိုင်နှုန်း အပါ၊ ၅၉ (စ) လည်း ၇၅ ရာခိုင်နှုန်း အပါ၊ ဒါကြောင့်မို့လို့ တပါတည်းပဲ ဆောင်ရွက်ပါတယ်။ ဒါကြောင့်မို့ ၄၃၆ တခုတည်း ဆောင်ရွက်မယ်ဆိုရင် အဲဒါ တခုတည်း ပြီးတဲ့နောက်ပိုင်းမှာ အဲဒါပြီးဖို့ ဆိုရင်လည်း Referendum (လူထု ဆန္ဒခံယူပွဲ) လုပ်ရဦးမှာ။ ၄၃၆ ကို ပြောင်းချင်တယ်။ ပြောင်းချင်တယ်ဆိုလို့ ရှိရင် အောင်မြင်သွားပြီ။ အောင်မြင်သွားတဲ့အခါမှာ Referendum လုပ်ရဦးမှာ၊ Referendum လုပ်ပြီးသွားရင် Referendum က သတ်မှတ်ထားတဲ့ ဆန္ဒမဲရတော့မှ ၄၃၆ က အတည်ဖြစ်မှာ။ အဲဒီတော့ အဲဒီ လုပ်ငန်းစဉ်နဲ့ အတူတူ တပါတည်း ဆောင်ရွက်တာ ဖြစ်ပါတယ်။

အဲဒီမှာ ခုနက မေးခွန်းနဲ့ တဆက်တည်း ပြောပါမယ်။ လွှတ်တော်များ ပြန်လည် ဖွဲ့စည်းတဲ့အခါမှာ ၂၀၁၅ ရွေးကောက်ပွဲ ပြီးလို့ လွှတ်တော်များ ပြန်လည် ဖွဲ့စည်းတဲ့အခါမှာ လွှတ်တော်တွေ ပေါ်ပေါက်လာပြီ။ အဲဒီ လွှတ်တော်တွေ ပေါ်ပေါက် လာတဲ့အခါမှာ အကယ်လို့ ၅၉ (စ) ကို ပြင်နိုင်တယ် ဆိုရင် အဲဒီမှာ ပြင်ထားလိုက်တဲ့အတွက် လွှတ်တော် ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ အစိုးရဖွဲ့စည်းလိုက်တယ်ဆိုလို့ ရှိရင် အကယ်၍ အဲဒီ ပုဂ္ဂိုလ်ဟာ ခုနပြောတဲ့ ၅၉ (စ) ပြင်ထားတာနဲ့ ညီညွတ်သွားတယ်ဆိုရင် အစိုးရအဖွဲ့မှာ ထိုက်သင့်တဲ့နေရာ- ပြောမယ်ဆိုရင် ဒုတိယ သမ္မတ၊ အဲဒီကတဆင့် သမ္မတ ဖြစ်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါတယ်။

ဒါကြောင့်မို့ အခုလုပ်ဆောင်ချက်ဟာ ရည်မှန်းချက်ကို အတိအကျထားပြီးတဲ့ အခါမှာ အောင်မြင်မယ်ဆိုလို့ ရှိရင် ၄၃၆ တင် မကဘူး ကျန်တဲ့ ဥပဒေတွေကိုပါ တခါတည်း ပြင်ဆင်ပေးပြီးတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အပြီး ဖြစ်ပေါ်လာမယ့် လွှတ်တော်တွေက ဆက်စပ်ပြီးတော့ အစိုးရအဖွဲ့ ဖွဲ့စည်းတာ၊ တိုင်းဒေသကြီး အစိုးရဖွဲ့စည်းတာ၊ တိုင်းဒေသကြီး လွှတ်တော် ဖွဲ့စည်းတာ၊ တိုင်းဒေသကြီးမှာ ရှိတဲ့ တရားရေးမဏ္ဍိုင်တွေ ဖွဲ့စည်းတာ၊ ပြည်ထောင်စုမှာရှိနေတဲ့ တရားရေးမဏ္ဍိုင်နဲ့ အကျူံးဝင်အောင် လွှတ်တော်တွင်းမှာ ဆွေးနွေးနေပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ ဒါကြောင့်မို့လို့ ဥက္ကဋ္ဌကြီးက ပြီးခဲ့တဲ့ရက်က တပ်မတော်ရဲ့အခန်းကဏ္ဍနဲ့ တပ်မတော်အပေါ် သြဇာရှိတဲ့ သမ္မတကြီးရဲ့ အခန်းကဏ္ဍ၊ ဒီလို ပြုပြင်ပြောင်းလဲရေးမှာ အရေးကြီးတယ်ဆိုတဲ့အကြောင်း ထည့်သွင်းပြောဆိုသွားတာလို့ ကျနော် ယူဆပါတယ်။ အဲတော့ အဲဒီ အကြောင်းကိုမရှင်းခင်မှာ ကျနော် နည်းနည်းလေး ထပ်မေးချင်တာက ဒီအခု လက်ရှိ လွှတ်တော်ထဲမှာ ဆိုလို့ ရှိရင်လည်း ပြည်ခိုင်ဖြိုးပါတီရဲ့ အများစုပေါ့နော်။ ကျနော် မှတ်မိသလောက်ဆိုရင်တော့ ၅၄ ရာခိုင်နှုန်း ရှိမယ် ထင်ပါတယ်။ ၅၄ ရာခိုင်နှုန်းသော ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်တွေကရော အခု အများစု အထူးသဖြင့် NLD ပါတီနဲ့ ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က တင်ပြနေတဲ့ ၄၃၆ ပြင်ဆင်ရေး အဆိုပြုချက်တွေ အပေါ်ကို ရာနှုန်းပြည့် ထောက်ခံမှုရော ရှိရဲ့လား။ ကျနော်တို့က ဟိုဘက်က ၂၅ ရာခိုင်နှုန်းကို မဲပြီး ပြောနေကြတယ်။ ဒီ ပြည်ခိုင်ဖြိုး ပါတီရဲ့ လွှတ်တော်အမတ်တွေထဲမှာ ၅၄ ရာခိုင်နှုန်းသော အမတ်တွေထဲမှာရော ရာနှုန်းပြည့် ထောက်ခံပေးမှာရော ရှိရဲ့လား။

သူရ ဦးရွှေမန်း။ ။ ဒီနေရာမှာ ပါတီရဲ့မူဝါဒနဲ့ပဲ ပြောရပါလိမ့်မယ်။ ပါတီရဲ့မူဝါဒက ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲနိုင်ဖို့ စပြီးတော့ အဆိုပြုတယ်။ ပြီးတဲ့ အခါမှာ ဒီအဆိုကို ထောက်ခံတယ်။ ထောက်ခံတဲ့အတွက် ဒီနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲဖို့အတွက် ကော်မတီတွေဖွဲ့၊ ပြီးတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေး။ ပါတီအနေနဲ့ အဓိက ပြောမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲဖို့လိုတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ ဟိုခေတ် ဟိုအခါတုန်းက အမှန်ဆုံးလို့ ပြောနိုင်တယ်။ ဒါပေမယ့် ဒီခေတ် ဒီအခါ ကျတဲ့အခါကျတော့ ဒီခေတ် ဒီစနစ်နဲ့ လျော်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ဖို့ လိုတယ်။ ဒါကြောင့်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းရမယ်၊ ပြင်ရမယ်။ ဘယ်အပေါ်မှာ ပြင်ရမလဲ။ ဦးတည်ချက်က ၃ ချက်ထားတယ်။ နံပတ် ၁- ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲတဲ့အခါမှာ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပိုကောင်းလာရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲတဲ့ အခါမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ပိုကောင်းလာရမယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲတဲ့အခါမှာ ဒီနေ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် ပိုမြင့်လာရမယ်။ အဲလို ဆောင်ရွက်တဲ့အခါမှာ တချို့ ထားသင့်တာ ထားဖို့လိုမယ်။ ပြင်သင့်တာ ပြင်ဖို့လိုမယ်။ ဒါကြောင့် ဆက်ပြောမယ်ဆိုရင် ၄၃၆ ပြင်ဖို့ကိစ္စကိုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဒီလို သဘောထား ရှိတယ်။ ကျန်တဲ့ ဥပဒေ ပြောင်းလဲသင့် ပြောင်းလဲထိုက်တဲ့ ဥပဒေတွေကိုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြောင်းလဲဖို့ စီမံဆောင်ရွက်နေတာတွေ ရှိတယ်။ နောက် မဲပေးတဲ့ကိစ္စ အပေါ်မှာ ပါတီရဲ့ မူဝါဒတွေ အပေါ်မှာ ပါတီဝင်များ လွှတ်တော်ကိုယ်စားလှယ်များ လိုက်နာရမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ပါ။ အဲ့တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စတွေ ကနေပြီးတော့ တခြားအရေးကြီးတဲ့ကိစ္စလေးတခုကို ကျနော်ေ ပြာင်းချင်ပါတယ်။ ဥက္ကဋ္ဌကြီးလည်း စောစောကပြောပါတယ်။ ငြိမ်းချမ်းရေး ကိစ္စ၊ ငြိမ်းချမ်းရေး ကိစ္စက ပြည်တွင်းမှာတင်မကဘဲ ပြည်ပ နိုင်ငံတကာကပါ အထူးတလည် စောင့်ကြည့်နေရတဲ့ ကိစ္စ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေပေါ့နော်။ဒီအပစ်အခတ်ရပ်စဲရေး ကိစ္စတွေမှာ ပြီးခဲ့တဲ့လက လွှတ်တော်တွေမှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် မဖြစ်မနေ ထိုးကြဖို့ကိစ္စ နည်းနည်းလေး တုံ့နှေးနေကြတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကြေညာချက်ထုတ်ပြီး တိုက်တွန်းထားတာ တွေ့ရတယ်။ ဒါပေမဲ့ နိုဝင်ဘာလ ၁၉ရက်နေ့က ဖြစ်ခဲ့တဲ့ ကချင်ပြည်မှာ ဖြစ်တဲ့ တိုက်ပွဲသတင်းတွေပေါ့နော်။ အထူးသဖြင့် တပ်မတော်ကနေပစ်ခတ်မှုကြောင့် ကချင် အရာရှိငယ်တွေ၊ အရာရှိလောင်းတွေ သေဆုံးရတဲ့ကိစ္စ ဒီလို ပစ်ခတ်မှုတွေမှာ နှစ်ဖက် တိုက်ခိုက်မှုပေါ့နော် ဟိုဘက်က ပစ်တာလည်း ရှိမယ်။ ဒီဘက်က ပစ်တာလည်းရှိမယ်ဆိုပေမဲ့ ဒါတွေက ငြိမ်းချမ်းရေးအတွက် အင်မတန်ကို ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စတွေပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လွှတ်တော်မှာတော့ ဒီကိစ္စမျိုးကို အရေးတကြီး အဆို တင်သွင်းပြီးတော့ တိုက်တွန်းမှုတွေ နှစ်ဖက် အစိုးရ၊ တပ်မတော်၊ တဖက်က တိုင်းရင်းသားအဖွဲ့အစည်းတွေ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ အကြောင်းတွေ ဆွေးနွေးတာပြောဆိုတာ လွှတ်တော်ရဲ့သဘောထား ရယူတာတွေ ကျနော် မတွေ့ရဘူး ခင်ဗျ။ အဲ့တော့ အဲ့တာနဲ့တဆက်တည်းပဲ ဥက္ကဋ္ဌကြီးရဲ့လမ်းညွှန်မှုနဲ့ ဒီဘက် လွှတ်တော်ထဲမှာ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေကို ဘယ်လိုများ ဆောင်ရွက်နေသလဲဆိုတာလေးကို ကျနော် သိပါရစေ။

သူရဦးရွှေမန်း။ ။ သိတဲ့အတိုင်းပဲလေ။ လွှတ်တော်ထဲမှာ ဆွေးနွေးနေတာက ငြိမ်းချမ်းရေး ပါတယ်။ တခြား တိုင်းပြည်တိုးတက်ရေး ဒီမိုကရေစီရေး လူ့အခွင့်အရေးကိစ္စတွေပါ ဆွေးနွေးနေတဲ့အတွက် ခုနကိစ္စများ အကယ်လို့ပေ့ါလေ လွှတ်တော်ကိုလည်း တင်ပြလာမယ်ဆိုလို့ရှိရင် စဉ်းစားပေးရမှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ အဆို ဆိုတဲ့အခါမှာလည်း လွှတ်တော်ကိုလည်း တဦးကနေပြီးတော့ အနည်းဆုံးတင်ပြပြီးတော့ သက်ဆိုင်သူတွေ ထောက်ခံမှ ဒီအဆိုကို ဆက်ဆွေးနွေးရမှာပါ။ ဒီဟာကတော့ ဒီလိုကိစ္စမျိုးတွေမှာ မကြာမကြာဖြစ်တဲ့အတွက် မကြာမကြာ လွှတ်တော်က တိုက်တွန်းဆောင်ရွက်နေပေမဲ့ ဆက်ဖြစ်နေတယ်။ လွှတ်တော်လည်း စိတ်မကောင်းပါဘူး။ ပုဂ္ဂိုလ်ရေးအရလည်း စိတ်မကောင်းပါဘူး။

သို့သော်လည်း ဒီလိုဖြစ်တဲ့ကိစ္စတွေက သူ့အကြောင်းနဲ့သူ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်အနေနဲ့ ဒီလိုပစ်ခတ် တိုက်ခိုက်မှုတွေ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ဒေသမှာ ရှိတဲ့ပြည်သူတွေ အတွက် လုံးဝကို မလိုလားအပ်တာ အမှန်ပဲ။ ဒါကြောင့်လည်း မိမိတို့ လွှတ်တော် အနေနဲ့ ဥပဒေပြုရေး၊ အချင်းချင်း ပြန်လှန်ထိန်းကျောင်းရေးဆိုတဲ့ အဓိက တာဝန်အပြင် ဒီကနေ့ လွှတ်တော်မှာ ဦးစားပေးဆောင်ရွက်နေတာ ခုနက ပြောတဲ့ အချက်တွေ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြီးတဲ့အခါမှာ ငြိမ်းချမ်းရေး တရားဥပဒေစိုးမိုးရေးကို အလေးထားပြီး လွှတ်တော်က ဆောင်ရွက်လျက် ရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဥက္ကဋ္ဌကြီးအနေနဲ့က အခုလွှတ်တော်မှာ ဥက္ကဋ္ဌနဲ့ နာယကကြီး အပြင်ကို အရင်ကလည်း စစ်ဖက်ဆိုင်ရာမှာ အဆင့်အမြင့်ဆုံး ရာထူးယူခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ အပစ်အခတ်ရပ်စဲရေးကိစ္စတွေမှာ ဥက္ကဋ္ဌကြီးရဲ့ သဘောထား ဘယ်လိုရှိပါသလဲ။ ဘာကြောင့်များ ဒီလိုတုံ့နှေးမှုတွေ ဘာကြောင့်များ ဒီလိုမပြေလည်မှုလေးတွေ ရှိနေတာလည်း ဆိုတာအပြင်ကို တကယ်လို့များ ဥက္ကဋ္ဌကြီးအနေနဲ့ ဒီအခြေအနေတွေကို ထဲထဲဝင်ဝင်ဦးဆောင်ရမယ့် အနေအထား ရောက်လာပြီ ဆိုလို့ရှိရင် ဘယ်လိုပုံစံမျိုးနဲ့ ချဉ်းကပ်ချင်သလဲ သိချင်ပါတယ်။

သူရဦးရွှေမန်း။ ။ အသေးစိတ်တော့ မပြော-နိုင်ဘူး ပေါ့လေ။ ခုနက ဒါနဲ့ပတ်သက်လို့ အရင်လည်း အတွေ့အကြုံရှိခဲ့တဲ့အတွက် တချို့ကိစ္စတွေမှာ ဒီ့ထက်တော့ ပိုပြီး စွမ်းဆောင်နိုင်မယ်လို့ထင်တယ်။ ဒါ ကိုယ့်အထင်ပေါ့။ သို့သော်လည်း အဖြေရှိပေမဲ့လို့ တကယ်လက်တွေ့ကျတဲ့အခါကျတော့ လုပ်ဆောင်ချက်ကပဲ အဖြေပေးမှာပါ။ ဒါပေမဲ့ စိတ်ထဲမှာတော့ ရှိပါတယ်။ သို့ရာတွင် စိတ်ထဲရှိပေမဲ့လို့ ခုနက ပြောသလိုပေါ့ လုပ်နိုင်ခွင့်နဲ့ လုပ်ကိုင်နိုင်တဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးတော့ အောင်မြင်မှုအခြေအနေကတော့ လုပ်ပြီးမှ ပြောလို့ရတဲ့ အနေအထားရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ အဲ့တော့ စောစောကမေးခွန်းကိုပဲ ပြန်ထပ်ဆက်ရမယ့် ဆိုရင်တော့ ဘာလဲဆိုတော့ ဒီမေးခွန်းမေးတဲ့အတွက် တချို့လည်း စိတ်အနှောင့်အယှက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခု ကချင်ကိစ္စမှာ အခုနောက်ဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက်မှာဆိုလို့ရှိရင် လွှတ်တော်ထဲမှာ ဥက္ကဋ္ဌကြီးပြောသလို အဆိုတင်သွင်းလာသူရှိလာမယ်ဆိုရင် စဉ်းစားဆုံးဖြတ်ပြီးတော့ အဆိုပြုချက်တင်တာရှိနိုင်တယ် ဒါမှမဟုတ် အကြံပြုချက်တွေ ကြေညာချက်တွေ ထုတ်လာနိုင်တာတွေ ရှိတယ်။ ဒါပေမဲ့လည်း တင်တဲ့သူမရှိဘူး။ ဒါ တခြားအကြောင်းတွေနဲ့ အလုပ်များနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးအောင်သောင်းကိစ္စမှာဆိုရင် ဒါ အမေရိကန်ကနေပြီးတော့ Blacklist အမည်မည်းစာရင်းသွင်းပြီးတော့ ဒဏ်ခတ်လိုက်တဲ့ကိစ္စမှာ ဒါကို လွှတ်တော်မှာ အရေးတကြီး အဆိုတင်သွင်းပြီးတော့ တထိုင်တည်းမှာပဲ အားလုံး ကန့်ကွက်လိုက်ကြတယ်ဆိုတဲ့ကိစ္စမျိုးကျတော့ ဟို ကျနော်တို့ အပြင်အမြင်အရ ပြောရမယ်ဆိုလို့ရှိရင် ဒီလိုအမည်မည်းစာရင်း သွင်းခံထားရတဲ့သူတွေ ဆိုတာက လွှတ်တော်ထဲမှာပဲ ရှိနေတာပဲ။ နဂိုကတည်းကလည်း ရှိနေတယ်။ အလားတူပဲ အစိုးရအဖွဲ့တွေမှာလည်း ရှိနေကြတာပဲ။

ဒါပေမဲ့ ဦးအောင်သောင်းကို အခုလို လွှတ်တော်သက်တမ်းကာလမှာ အမည်မည်းစာရင်း အမည်တင်သွင်းခံရတယ်ဆိုပြီး လွှတ်တော်ကနေ အရေးတကြီး အဆိုတင်သွင်းပြီးတော့ ကန့်ကွက်လိုက်ကြတယ်ဆိုတော့ တကယ်တမ်းဖြစ်သင့်တာက ဘာကြောင့် ဒီလို ဗမာပြည်ရဲ့ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နေတဲ့ အချိန်မှာ တဖက်ဖက်ရဲ့ နားလည် လွဲမှားမှုပဲ ဖြစ်မလား၊ ဒါမှမဟုတ် အမှန်တကယ် အချက်အလက်တွေ ပါသလားဆိုတာ လွှတ်တော်အနေနဲ့ စုံစမ်း ကြားနာမှု စုံစမ်းစစ်ဆေးမှု တခုခု မလုပ်သင့်ဘူးလား။ ဒါကို တခဲနက် ကန့်ကွက်လိုက်ကြတယ်ဆိုတာထက် ဘာကြောင့်လဲဆိုတော့ ဥက္ကဋ္ဌကြီးက ဒီကိစ္စတွေမှာ အခုလွှတ်တော်ထဲမှာ ဦးစီးပြီးတော့ ဆောင်ရွက်ပေးနေတဲ့သူမို့လို့ ကျနော်မေးတာပါ။

သူရဦးရွှေမန်း။ ။ မှန်ပါတယ်။ ဒီကိစ္စဟာ အချုပ်အခြာအာဏာပိုင်တဲ့ မြန်မာနိုင်ငံ။ အဲ့ မြန်မာနိုင်ငံထဲကမှ လွှတ်တော်ကိုယ်စားလှယ်။ လွှတ်တော် ကိုယ်စားလှယ်ထဲကမှ ကော်မတီဥက္ကဋ္ဌ။ အဲ့ သူ့ကို ဒီလိုဆောင်ရွက်လိုက်တဲ့ကိစ္စမှာ ဘာကြောင်းတွေဆိုတာ လွှတ်တော်က စုံစမ်းစရာအကြောင်းမရှိဘူး။ ဒါ လွှတ်တော်ရဲ့လုပ်ငန်းလည်း မဟုတ်ဘူး။ သို့သော် မြန်မာနိုင်ငံသားတစ်ယောက် လွှတ်တော်ကိုယ်စားလှယ် လွှတ်တော်ကော်မတီဥက္ကဋ္ဌ တစ်ယောက် အမေရိကန်နိုင်ငံက ဒီလို၊ အမေရိကန်နိုင်ငံ သက်ဆိုင်ရာ အဖွဲ့အစည်းက ဒီလိုလုပ်လိုက်တဲ့အခါမှာ အချုပ်အခြာအာဏာနဲ့ လွှတ်တော်ကို တနည်းမဟုတ် တနည်း ထိခိုက်နိုင်တယ်လို့ ယူဆတယ်။ အဲ့လိုယူဆတဲ့အတွက် အဲ့လိုဟာကို လွှတ်တော်က ကန့်ကွက်တယ်။ အဲ့လိုပဲ ဒီလိုဖြစ်အောင် သတင်း ပေးသူကိုလည်း ရှုတ်ချတယ်။

ဒါသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ အခွင့်အရေး၊ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့အခွင့်အရေးကို မြန်မာနိုင်ငံမှာရှိတဲ့ လွှတ်တော်က ဆောင်ရွက်ခြင်း ပဲဖြစ်ပါတယ်။ အဲ့သလိုဆောင်ရွက်တဲ့ အခါမှာ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ကောင်းလာမယ့် အခြေအနေမျိုးမှာ ဒီလိုလုပ်လိုက်တဲ့အတွက် အမေရိကန်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးထိခိုက်မှာလည်း စိုးရိမ်တယ်။ ဒါကြောင့်မို့လို့ ကန့်ကွက်တယ် ရှုတ်ချတယ်ဆိုတဲ့နေရာမှာ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်မှာစိုးတယ်ဆိုတာလည်း ဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ အဲ့လိုပဲ ထိထိရောက်ရောက် တန်ပြန်ဆောင်ရွက်တယ်လို့ လည်း ပြောလို့ရပါတယ်။ အမှန်ကတော့ မြန်မာနိုင်ငံ အချုပ်အခြာ အာဏာကို မိမိတို့ မြန်မာနိုင်ငံသားတွေက အချုပ် အခြာအာဏာကို စောင့်ထိန်းပေးဖို့ လွှတ်တော်က ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ဦးအောင်သောင်း ဆိုတာနဲ့ မဟုတ်ပါဘူး။ မည်သည့်လွှတ်တော်ကိုယ်စားလှယ်မဆို မည်သည့်နိုင်ငံသားမဆို ဒါကြောင့် မိမိရဲ့ အချုပ်အခြာ အာဏာပိုင်အတွင်းမှာ ဒီလိုဖြစ်ပေါ်လာတဲ့ကိစ္စကိုတော့ မိမိတို့အနေနဲ့ ဘယ်တုန်းကမှ လက်ခံခဲ့တာမရှိပါဘူး။

ဦးသန်းလွင်ထွန်း။ ။ အဲ့တော့ ဒီပုံစံဆိုလို့ရှိရင် လွှတ်တော်ထဲမှာပဲ ရှိတဲ့ တခြား လွှတ်တော် ကိုယ်စားလှယ်တွေရှိပါသေးတယ်။ အမည်တွေတော့ ကျနော်လည်း အတိအကျ မမှတ်မိဘူးပေါ့။ ခေါင်းထဲ ချက်ခြင်း ထွက်လာတာဆိုလို့ရှိရင်တော့ ဦးခင်ရွှေတို့လိုရှိလိမ့်မယ်လေ။ သူတို့ဆိုလို့ရှိရင် အမည်မည်းစာရင်း တင်သွင်းခံထားရတာပဲ။

သူရဦးရွှေမန်း။ ။ ဘယ်သူလဲ။ ဘယ်သူလဲ။

ဦးသန်းလွင်ထွန်း။ ။ ဦးခင်ရွှေတို့။

သူရဦးရွှေမန်း။ ။ ဟုတ်ပြီ။

ဦးသန်းလွင်ထွန်း။ ။ အမည်မည်းစာရင်း တင်သွင်းခံထားရတဲ့သူတွေကို ဒါဆိုလို့ရှိရင်တော့ လွှတ်တော်ထဲနေပြီးတော့ ဒီကိစ္စတွေကို နောက်ဆက်တွဲ ကြားရမယ့် ပုံစံမျိုး ရှိနေတာပေါ့။

သူရဦးရွှေမန်း။ ။ မဆိုင်ပါဘူး။ အခုဟာကျတော့ သူတို့ရှိရင်ရှိနေမယ်။ ဦးအောင်သောင်းဆိုတဲ့ သူတယောက်ကိုပဲ ကန့်ကွက်တယ်။ ပြီးတဲ့အခါမှာ ထုတ်ပြန်ကြေညာလိုက်တယ်။ ထုတ်ပြန်ကြေညာတဲ့အခါမှာ ထုတ်ပြန်ကြေညာချက်ကို ကြည့်မယ် ဆိုလို့ရှိရင် တော်တော်လေး ဆိုးဝါးပါတယ် နော်။ ဦးအောင်သောင်းကို ထိခိုက်တာထက် အဖွဲ့အစည်းကိုလည်း ထိခိုက်တယ်။ ပြီးတဲ့အခါမှာ လွှတ်တော်လည်း ထိခိုက်တယ်။ အဲ့ဒီ့ဟာသည် ထုတ်ပြန်ကြေညာချက်လေး သပ်သပ်မဟုတ်ဘဲနဲ့ အဲဒီကနေ အကြောင်းကြားစာအရ အခုလိုဆိုးဆိုးဝါးဝါးဖြစ်သွားတဲ့ သဘောရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ကျေးဇူးတင်ပါတယ်။ အဲဒီတော့ ဥက္ကဋ္ဌကြီးရဲ့ အခုလက်ရှိ လုပ်ငန်းတွေအပြင်ပေါ့နော် လာမယ့် ရွေးကောက်ပွဲတွေလည်း နီးလာပါပြီ။ ရွေးကောက်ပွဲတွေမှာ ဥက္ကဋ္ဌကြီးအနေနဲ့ ပြည်ခိုင်ဖြိုးပါတီကို ပြန်လည် ဦးဆောင်ပြီးတော့ ရွေးကောက်ပွဲတွေ အပြီးမှာ ပြန်လည် ဦးဆောင်ရမှာပါပဲ။ အဲဒီအခါကျလို့ ရှိရင် ဥက္ကဋ္ဌကြီး နဂိုပြောကြားထားချက်အတိုင်းပါပဲ ရည်မှန်းချက် အနေနဲ့ နိုင်ငံတော် အကြီးအကဲ၊ သမ္မတအနေနဲ့ ရည်မှန်းချက် အနေနဲ့လည်း ဥက္ကဋ္ဌကြီး နေနဲ့ ပြေကြားထားပြီးသားပါ။ …ဆိုတော့ အဲဒီကိစ္စတွေမှာဆိုရင် တဖက်မှာဆိုရင်လည်း အနီးစပ်ဆုံး ပြောရမယ် ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် တို့လို ပုဂ္ဂိုလ်မျိုးတွေကလည်း နိုင်ငံတော် အကြီးအကဲ အဖြစ်မျိုးကို လိုချင်ပါတယ်။ လုပ်ဆောင်လိုတာမျိုးတွေကို ပြောကြားထားတွေရှိနေတော့ အခုလက်ရှိအချိန် ဖွဲ့စည်းပုံအရ ပြောမယ်ဆိုလို့ရှိရင် ဒုတိယသမ္မတတွေအဖြစ်ကို အရင်ဆုံး အမည်တင်သွင်းခံရဖို့ လုပ်ကြရမှာပေါ့။

လုပ်ကြရဖို့ဆိုရင် တပ်မတော်က တယောက် ရှိမယ်၊ တိုင်းရင်းသားတွေထဲက တယောက်ရှိမယ် ဆိုလို့ ရှိရင် ဥက္ကဋ္ဌကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က နောက်ထပ် ကျန်နေတဲ့တနေရာ ဒုတိယသမ္မတနာမည် တင်သွင်းခံရဖို့အရေးကို အပြိုင်အဆိုင်၊ တကယ်လို့ ပုဒ်မ ၅၉ (စ) ကို ပြင်ခဲ့တယ်ဆိုရင်ပေါ့ အပြိုင်အဆိုင် ကြိုးပမ်းကြရမယ့်ပုံ ရှိပါတယ်။ အဲဒီအတွက် ဥက္ကဋ္ဌကြီး နေနဲ့ ဘယ်လို သဘောရှိပါသလဲခင်ဗျ။

သူရ ဦးရွှေမန်း။ ။ ဘယ်လို သဘောရှိသလဲဆိုရင် ပြိုင်ဆိုင်ဖို့အတွက် ကတော့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြိုင်ဆိုင်မယ်။ ကျန်တဲ့ တခြားသူ ရှိမယ်ဆိုရင်လည်း ပြိုင်ဆိုင်မယ်။ ဒါက အခွင့်အရေးပါပဲ။ ပြိုင်ဆိုင်မှုအတွက် မိမိတို့ လိုလားတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြောမယ် ဆိုရင်လည်း အခု ပါတီချင်းပြိုင်ဆိုင်နေတာပဲ။ လူချင်းလည်း ပြိုင်ဆိုင်နေတယ်။ အဲဒီလို ပြိုင်ဆိုင်ဖို့အတွက် ဒီလို ရှိတဲ့နေရာမှာ တယောက်နဲ့တယောက် ရန်သူလို သဘောထား ဆောင်ရွက်မယ့်အချိန်လည်း မဟုတ်ဘူး။ ဟိုတုန်းကလို ပါတီချင်းအနေနဲ့လည်း အပြုတ်တိုက်ဖို့ အပြတ်ရှင်းတဲ့အချိန်လည်း မဟုတ်ဘူး။ ဒီဟာသည် ခေတ်စနစ်နဲ့ ပေါ်ပေါက်လာတဲ့ကိစ္စ ဖြစ်တယ်။ ပြိုင်ဆိုင်မှုအတွက် လိုလားတယ်။ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ခင်ခင်မင်မင်နေပြီးတော့ ဆောင်ရွက် တဲ့ နေရာမယ် နိုင်ငံနဲ့နိုင်ငံသား အကျိုးစီးပွား အတွက်ဆိုရင် အားလုံး ပူးပေါင်း ဆောင်ရွက်မယ်။ သို့သော် ရွေးကောက်ပွဲဆိုရင် ပြိုင်မယ်။ အနိုင်ရအောင်။ အဲဒီအတိုင်းပဲ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်လာမယ့်ကိစ္စလည်း ပြိုင်မယ်။ ကောင်းသော ယှဉ်ပြိုင်ခြင်း၊ တရားသော ယှဉ်ပြိုင်ခြင်း အတွက် နှစ်ယောက်လုံးက သဘောတူပါတယ်။

VOA မြန်မာဌာနမှူး ဦးသန်းလွင်ထွန်း နဲ့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမေးမြန်းခန်းကို စနေနေ့ VOA TV magazine အစီအစဉ်မှာ တင်ဆက်မှာဖြစ်ပြီး တနင်္ဂနွေနေ့ TV magazine အစီအစဉ်မှာတော့ မြန်မာနိုင်ငံပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ တွေ့ဆုံမေးမြန်းခန်းကို ရှုစားရမှာ ဖြစ်ပါတယ်။

ရေဒီယိုအစီအစဉ်မှာ ဆိုရင်လည်း တနင်္ဂနွေနေ့ ညပိုင်း ၉ နာရီကနေ ၁၀ အစီအစဉ်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမေးမြန်းခန်းကိုရော လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ တွေ့ဆုံမေးမြန်းခန်းကိုရော အစအဆုံး ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG