သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး ထိပ်သီး တွေ့ဆုံမည့် ကိစ္စ ကန် သံအမတ်ကြိုဆို


 VOA မြန်မာပိုင်း ရန်ကုန်ရုံးခွဲက ဒေါ်ခင်စိုးဝင်းက အမေရိကန်သံအမတ်ကြီး Derek Mitchell ကို သီးသန့်တွေ့ဆုံမေးမြန်း။
VOA မြန်မာပိုင်း ရန်ကုန်ရုံးခွဲက ဒေါ်ခင်စိုးဝင်းက အမေရိကန်သံအမတ်ကြီး Derek Mitchell ကို သီးသန့်တွေ့ဆုံမေးမြန်း။

သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက် အရ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မနက်ဖြန်တွေ့ဆုံမယ့် နိုင်ငံရေးဆွေးနွေးပွဲကနေ အသွင်ကူးပြောင်းရေးတည်ငြိမ်၊ အထမြောက်အောင် အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲတွေ ဆက်လက် ကျင်းပကြဖို့ လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောဆို လိုက်ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး၊ မြေယာအရေး စတဲ့ အခရာကျတဲ့ကိစ္စတွေကို မပြောင်းလဲသရွေ့ ပြည်သူလူထုက ဘဝင်မကျဖြစ်သလို နိုင်ငံတကာ အသိုင်းအဝိုင်း ကလည်း တချိန်ချိန်မှာ နောက်ကြောင်းပြန်လှည့်ဖို့ ရှိနိုင်တယ်လို့ သုံးသပ်ကြ မှာဖြစ်တဲ့အကြောင်း အမေရိကန်သံအမတ်ကြီး Derek Mitchell ကပြောဆို လိုက်တာပါ။ ဒေါ်ခင်စိုးဝင်းက အမေရိကန်သံအမတ်ကြီး Derek Mitchell ကို သီးသန့်တွေ့ဆုံမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ မနက်ဖြန် တွေ့ဆုံကြမယ့် အစီအစဉ်ကို ကြိုဆိုကြတဲ့ သူတွေရှိသလို အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံ အကြို အဖြစ် နိုင်ငံတကာရဲ့ ဖိအားတွေ လျော့ပါးအောင် အချိန်ကိုက် လုပ်ဆောင် တာဖြစ် တယ်လို့ ရှု့မြင်ကြတဲ့သူတွေလည်း ရှိပါတယ်။

ဒါကြောင့်မို့လို့ အမေရိကန်သံအမတ်ကြီး Derek Mitchell အနေနဲ့ ရော ဘယ်လိုများ သုံးသပ်လု့ိရပါသလဲလို့ မေးကြည့်တဲ့အခါမှာ-

"အခုလို နိုင်ငံရဲ့ အရေးကြီးတဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေတွေ့ဆုံကြမယ်ဆိုတာကြားရလို့ အားတက်မိပါတယ်။ ပြည်သူလူထုကလည်း ဒီလို အရေးကြီး ပုဂ္ဂိုလ်တွေတွေ့ ဆုံဆွေးနွေးပြီး အသွင်ကူးပြောင်းရေး ရှေ့ရှု ကြတာ ကို မြင်ချင်နေကြ တယ်လို့ယူဆပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကနေ ၂၀၁၆ ခုနှစ်အထိ ချောချောမွေ့မွေ့ အသွင်ကူးပြောင်းနိုင်တာကိုမျှော်လင့်နေကြ တာဖြစ်ပါတယ်။ ဒါပေမဲ့ လူကြီးတွေ ဆွေးနွေးနေရုံနဲ့ မလုံလောက် တာ ကတော့သေချာပါတယ်။ ဘာတွေဆွေးနွေးကြတယ်၊ ဘယ်လောက်သဘောရိုးနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြသလဲ၊ ဘာအကြောင်းအရာတွေဆွေးနွေးကြသလဲ။ ဒီဆွေးနွေးပွဲကနေဆက်ပြီး နောက်ဆက်တွဲဆွေးနွေးကြဖို့ရှိသလား၊ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ နိုင်ငံရဲ့ ပြဿနာတွေကို တိုင်ပင်ညှိနှိုင်းနိုင်ကြဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲ အလွန်အထိ တည်ငြိမ်အောင်ဆောင်ရွက်ကြမှာလား စတာတွေကို သိဖို့တော့ လိုပါတယ်။ ဒါဟာ ပထမခြေလှမ်းဖြစ်ပါတယ်။ သေချာ တာကတော့ တွေ့ဆုံကြရုံနဲ့ မလုံလောက်ပါဘူး။ နောက်ထပ် ဘာတွေ ဆက်လုပ်ကြမလဲ ဆိုတာ စောင့်ကြည့် ရမှာဖြစ်ပါတယ်။"

မြန်မာ့ပြုပြင်ပြောင်းလဲရေး တိုးတက်မှု အထိုက်အလျောက် ရှိပေမဲ့လို့ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ စိုးရိမ်ရတဲ့ ကိစ္စတွေ ရှိနေသေး တာကြောင့် နောက်ကြောင်းပြန်လှည့်ခြေ ရှိတဲ့ လက္ခဏာတွေ တွေ့နေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ပြောဆိုတဲ့ အပေါ်မှာတော့ သံအမတ်ကြီး Derek Mitchell က အခုလိုသုံးသပ်ပါတယ်။

"ပြုပြင်ပြောင်းလဲရေးအခြေအနေကို သုံးသပ်ရမယ်ဆိုရင် ဘယ်မှာ ဘဲဖြစ်ဖြစ် တော်လှန်ရေး လို ရုတ်တရက်ပြောင်းလဲသွာတာမျိုးမဟုတ်ဘဲ တရွေ့ရွေ့တဆင့် ချင်းပြောင်းလဲနေတယ်လို့ ယူဆပါတယ်။ အတော့်ကို လေးနက်ရှုတ်ထွေးပါတယ်။ တချို့နေရာတွေက နောက်ကြောင်းပြန်၊ တချို့က လုံးဝမရွေ့ဘူး၊ တချို့ကတော့ ရှေ့ပြေးနေတယ် စသဖြင့်ရှိကြပါတယ်။ တိုင်းရင်းဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် လူထုအကြား အတော်လေးကို စိုးရိမ်မကင်းဖြစ်နေတာတွေ့ရပါတယ်။ တကယ့်ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး လစ်ဟင်းနေတာတွေကိုလည်း စိုးရိမ်နေကြပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကတည်းက ရခိုင်ပြည်နယ်လူထုက သူတို့ရဲ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်မပေးနိုင်တဲ့ အပေါ်လည်းမှာလည်း စိုးရိမ်နေကြပါတယ်။"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ စတဲ့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေ မြန်မာနိုင်ငံကို လာရောက်ပြီး တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံတဲ့ အခါတိုင်းမှာ စစ်တပ်က သိမ်းဆည်းထားတဲ့ မြေယာမြေတွေကို မူလပိုင်ရှင် လက်ထဲ ပေးအပ်ရေးကို အမြဲတစေ တိုက်တွန်းလေ့ ရှိပါတယ်။ မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ ဒီမြေယာသိမ်းတဲ့ပြဿနာ တွေက အနှောင့်အယှက်တွေဖြစ်နေတယ်လို့ ရှု့မြင်တဲ့အကြောင်းကိုလည်း သံအမတ်ကြီး Derek Mitchell က အခုလိုဆိုပါတယ်။

" မြေယာပိုင်ဆိုင်မှုအခွင့်အရေးဟာ အခရာကျဆုံး ကိစ္စတခုဖြစ်ပါတယ်။ ဒီမြေယာပြဿနာကို မကိုင်တွယ်နိုင်ရင်တော့ စီးပွားရေးဖွံ့ဖြိုးမှု အတွက် မေးခွန်းထုတ် စရာတွေ ရှိလာပါလိမ့်မယ်။ နောက်တခုက ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီနိုင်ငံမှာ အကြီးကျယ်ဆုံး ကိစ္စပါ။ နိုင်ငံရဲ့ တည်ဆောက်ပုံ လို့ပြောနိုင်ပြီး ဒီမိုကရေစီ ပုံဖေါ်ဖို့ ရေးထားပုံ ရတယ်လို့ဆိုရမှာဖြစ်ပေမဲ့ အစိုးရကနေ လူထုအသံ နားထောင်ဖို့ လိုသလို၊ လူထုအခြေပြုအဖွဲ့အစည်းတွေကို နေရာပေးဖို့ အကန့်အသတ်တွေ လည်းရှိနေပါတယ်။ အရပ်သားအစိုးရအုပ်ချုပ်မှုအောက်မှာ စစ်တပ်ကရှိဖို့၊ လူနည်းစု အခွင့်အရေးပေးဖို့၊ လူထုက စိတ်ကြိုက် ခေါင်းဆောင်ရွေးချယ်ပိုင်ခွင့် စတဲ့ ဒီမိုကရေစီ အနှစ်သာရတွေ လက်ရှိဖွဲ့စည်းပုံမှာ ကင်းမဲ့နေတာတွေ့ရပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေး၊ မြေယာအရေးနဲ့ ဥပဒေတွေစတဲ့ အခြေခံ အဓိကကျတဲ့ ကိစ္စတွေကို မပြောင်းလဲ သရွေ့ ပြည်တွင်းရှိလူထုက တည်ငြိမ်ရေး ရေရှည် တည့်တံ့ ပါ့မလားလို့ ဘဝင်မကျဖြစ်သလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒါဟာ တကယ့် ရေရှည် လုပ်ငန်းစဉ်လားဆိုတာကို မရေမရာဖြစ်ကြပြီး အကန့်အသတ်တွေ ရှိ တာကြောင့် တချိန်ချိန်မှာ နောက်ကြောင်းပြန်လှည့်ဖို့ ရှိနိုင်တယ် လို့ သုံးသပ်ကြမှာပါ။"

သမ္မတ အိုဘားမားအနေနဲ့ နေပြည်တော်မှာ နိုဝင်ဘာလ ၁၂ရက်နေ့၊ ၁၃ရက်နေ့မှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ ရှိပြီးတော့ မြန်မာ့ပြုပြင်ပြောင်းလဲရေးကို သူကိုယ်တိုင် ဆန်းစစ်သွားလိမ့်မယ်လို့ ယူဆတဲ့ အကြောင်း သံအမတ်ကြီး Derek Mitchell က ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG