သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ မြန်မာ့ နိုင်ငံရေးနဲ့ စီးပွားရေး အလားအလာ ခန့်မှန်းချက်


မြန်မာအလံ
မြန်မာအလံ
မကြာခင်မှာ ၂၀၁၃ ခုနှစ် ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ရက်ပိုင်း အတွင်း ရောက်လာတော့မယ့် ၂၀၁၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အဓိက လွှမ်းမိုးမယ့် ကိစ္စဟာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဖြစ်လိမ့်မယ်လို့ ဝါရင့်နိုင်ငံရေး သမားတစ်ဦးက သုံးသပ်လိုက်ပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေဟာ သိသိသာသာ တိုးတက်ပြောင်းလဲလာမယ့်ပုံ မရှိဘူးလို့လည်း ပညာရှင်တွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပေးပါမယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ အခုအချိန်မှာ လမ်းဆုံလမ်းခွမှာသာ ရှိနေသေးပြီး - ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ လာမယ့် ၂၀၁၄ ခုနှစ်ကျရင် ဖြစ်လာနိုင်တဲ့ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုတွေဟာ သိပ်ပြီး ကွာခြားမယ့် အနေအထားမျိုး မရှိဘူးလို့ ဝါရင့် သတင်းစာဆရာကြီး တစ်ဦးလည်းဖြစ်၊ နိုင်ငံရေးလောကမှာ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်တဲ့ ဦးဝင်းတင် က သုံးသပ်လိုက်ပါတယ်။

၂၀၁၃ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေကို ပြန်ကြည့်မယ်
ဆိုရင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးတာလို၊ ၈ လေးလုံး နှစ်ပတ်လည် ပွဲမျိုးတွေမှာ အရင်က စစ်ဗိုလ်ချုပ်တွေဖြစ်ခဲ့တဲ့ လက်ရှိ ဝန်ကြီးတွေ တက်ရောက်လာတာလို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနိုင်တာလို တစုံတရာ ပြောင်းလဲမှုတွေ ရှိလာတဲ့အတွက် အရင်က အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အလယ်မှာ တဖြေးဖြေး ဝင်ဆံ့လာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း လာမယ့် ၂၀၁၄ ခုနှစ်မှာ ဒီတိုင်းရင်းသားတွေနဲ့ မပြီးပြတ် သေးတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက အဓိက လွှမ်းမိုးနေရာယူထားနိုင်တယ်လို့ ဦးဝင်းတင်က သုံးသပ်ပါတယ်။

“၂၀၁၄ ကျရင် ဘာဖြစ်မလဲဆိုတဲ့ဟာ - ၁၄ ကျရင် ပြဿနာတွေ ပေါ်လာမှာ။ တိုင်းရင်းသားပြဿနာ ငြိမ်းချမ်းရေးပြဿနာ၊ ငြိမ်းချမ်းရေးပွဲတွေဟာ ပထမတခါတော့ ဆွေးနွေးပြီးပြီ။ အပစ်အခတ်ရပ်စဲရေး၊ ဒါပေမဲ့ အခုထိ အောင်မြင်မယ်၊ မအောင်မြင်မယ်ဆိုတာ မသေချာသေးဘူး။ ဒီအတိုင်းပဲဖြစ်နေတယ်။ အဲ့ဒီကနေတဆင့် တိုင်းရင်းသားတွေက တောင်းနေတဲ့ အပစ်အခတ်ရပ်စဲရေးယူရင် နိုင်ငံရေးဆက်ပြီးတော့ ဆွေးနွေးရမယ်ဆိုတဲ့ဟာကို ကတိပေးတယ်။ ဝန်ကြီးတွေကနေ ဆက်လုပ်ပါမယ်ဆိုတဲ့ဟာကို။ သို့သော် ၂၀၁၄ ခုနှစ်ထဲမှာ နိုင်ငံရေးဆွေးနွေးပွဲကြီး တွေ လုပ်ဖြစ်မလားဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။

လာမယ့် ၂၀၁၄ ခုနှစ်မှာ သူတို့ဆက်လုပ်ရမှာကတော့ တိုင်းရင်းသားတွေနဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စပါမယ်။ ဖက်ဒရယ်ဦးတည်ချက်ဆိုတာ ပါမယ်။ နောက်တခါ အခြေခံဥပဒေမှာ သူတို့ ပြည်သူပြည်သားတွေရဲ့ အခွင့်အရေးတွေ၊ ဒီမိုကရေစီ အင်္ဂါရပ်တွေနဲ့ ပြည့်စုံတဲ့ လူ့အဖွဲ့အစည်းပုံစံ ပေါ်ပေါက်ရေးဆိုတဲ့ ဟာမျိုးတွေ အဲ့ဒါတွေမှာလည်း ကျနော်ထင်တယ်။ သိပ်ပြီးတော့ဖြစ်လာမယ် မထင်ဘူး။ တခုပဲရှိတယ်။ သူတို့ရဲ့ အာဆီယံဥက္ကဋ္ဌဆိုတဲ့ဟာကို အကြောင်းပြုပြီးတော့ နိုင်ငံရေး ကို ဖေးမနိုင်မယ်ဆိုရင် တော့ တမျိုးပေါ့ဗျာ။ ကျနော် အဆိုးမြင်တာတော့ မဟုတ်ဘူး။ နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေတွေကတော့ သိပ်ပြီးတော့ ပြောင်းလဲတိုးတက်မယ့်ပုံ မပေါ်ဘူးလို့ ထင်တယ်။”

ဒါကတော့ မကြာခင်ရောက်လာတော့မယ် ၂၀၁၄ ခုနှစ်ရဲ့ မြန်မာ့နိုင်ငံရေးအခြေအနေကို ဦးဝင်းတင် သုံးသပ်ခဲ့တာပါ။

အလားတူ - နိုင်ငံရေးလိုပဲ မြန်မာ့စီးပွားရေးအခြေအနေဟာလည်း ၂၀၁၄ ခုနှစ်မှာ ပုံမှန်အတိုင်း ဆက်ရှိနေမှာဖြစ်ပြီး၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ အတွက် အခြေအနေကောင်းပေမဲ့၊ လူတစ်ဦးချင်းရဲ့ဝင်ငွေ မြင့်တက်မလာတာနဲ့ တချို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းငယ်လေးတွေအတွက်တော့ - အလားအလာ မကောင်းနိုင်ဘူးလို့ စီးပွားရေးပညာရှင် တစ်ဦးဖြစ်တဲ့ - မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်း တွဲဘက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်း က သုံးသပ်ခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာတော့ လက်ရှိ ၂၀၁၄ ခုနှစ်အတွက် စဉ်းစား သုံးသပ်ကြည့်မယ် ဆိုရင်တော့ တချို့လုပ်ငန်းတွေ အတွက် တော့ ကောင်းနိုင် တာပေါ့၊ ဥပမာဆိုပါတော့ ဟိုတယ်နဲ့ခရီးသွား လုပ်ငန်းတွေပေါ့နော်။ ဘာလို့လဲဆိုတော့ အာဆီယံဥက္ကဌ ဖြစ်လာမယ် နောက် အာဆီယံအစည်းအဝေး ၃၀၀ ကျော်လောက် ကျင်းပမယ်ပေါ့။ အဲ့ဒီအပြင် ခရီးလုပ်ငန်းအနေအထား တိုးတက်လာတဲ့ အနေအထားမှာရှိတော့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့အပိုင်းကတော့ ၂၀၁၄ မှာ ကောင်းမယ့် အနေအထားရှိပါတယ်။

သို့သော်လည်းပဲ ကျန်တဲ့အပိုင်းတွေကို အသေးစားလုပ်ငန်းတွေအတွက်ကတော့ အလားအလာ မကောင်းနိုင်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေ ဝင်လာမှာရှိမယ်။ နိုင်ငံတော်အစိုးရကလည်း ပံ့ပိုးမှုအပိုင်း အားနည်းတာရှိတယ်။ အသေးစားလုပ်ငန်းတွေအတွက် အခက်အခဲရှိနိုင်ပါတယ်။ စိုက်ပျိုးရေးထွက်ကုန်ပိုင်းကိုကြည့်မယ်ဆိုရင်တော့ လက်ရှိအနေအထားကတော့ ကျနော်တို့အနေနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်နေတဲ့အပိုင်းမှာရှိနေတယ်။ တဦးချင်းဝင်ငွေနဲ့ ပတ်သက်ရင်တော့ တက်လာတာမရှိတဲ့အတွက် ကြောင့် ဝယ်ယူစားသုံးမှုကလည်း အများကြီး တက်မလာဘူး။

အဲ့ဒါကြောင့် တခြားလုပ်ငန်းအများစုဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်း၊ ကုန်ပစ္စည်းလုပ်ငန်းတွေကတော့ အများကြီးး တိုးတက်လာဖို့ မမြင်ပါဘူး။ လက်ရှိ အနေအထားအတိုင်း ဆက်သွားရင်တော့လည်း အများကြီး ပြောင်းလဲလာမယ်လို့ မမြင်ပါဘူး။ ၂၀၁၃ နဲ့ ၂၀၁၄ အများကြီးကွာမယ်လို့ မမြင်ပါဘူး။”

ဒါကတော့ လာမယ့် ၂၀၁၄ ခုနှစ်အတွက် မြန်မာ့စီးပွားရေးအခြေအနေကို စီးပွားရေးပညာရှင် တစ်ဦးဖြစ်တဲ့ - မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်း တွဲဘက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်း သုံးသပ်ခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ နက္ခတ်ဗေဒပညာ လောကမှာ ဆရာတဆူဖြစ်တဲ့ ဆရာစံဇာဏီဘိုကတော့ - ၂၀၁၄ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို အခုလို ဟောကြားခဲ့ပါတယ်။

“၂၀၁၄ ထဲမှာ မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ ကောင်းသောအပြောင်းအလဲနဲ့ ထူးခြားတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်ဖို့ရှိတယ်။ အညံ့ ၃ နေရာရှိတယ်။ ၂၀၁၄ ဖေဖော်ဝါရီ ၁၉ နဲ့ မတ် ၂၀ ကြားမှာတကြိမ်၊ အကြောင်းအရာက နိုင်ငံရေး အတွင်း ပဋိပက္ခ လွှတ်တော်တွင်း ဆောင်ရွက်မယ့် ကိစ္စတွေအပေါ်မှာ အစိုးရက ငြင်းပယ်မှုပြုတဲ့ အတွက် လူထုအတွက် ဆုံးရှုံးမှုတခုပေါ့။ နောက် ဒီအစိုးရကိုယ်တိုင်လည်း ငွေကြေးနဲ့ပတ်သက်တဲ့ ဘဏ္ဍာရေးနဲ့ပတ်သက်တဲ့ သုံးစွဲမှုအပေါ် သူတို့ ဖြေရှင်းရလိမ့် မယ်။ ဇွန် ၂၀ နဲ့ ဇူလိုင် ၂၀ ကြားမှာ တည်ရှိမယ့်အကြောင်းအရာက လူတို့ရဲ့ တဖက်စွန်းရောက် ပဋိပက္ခကို ဖြေရှင်းရမယ်။

တတိယကာလ နိုဝင်ဘာ ဝန်းကျင်ကတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ လမ်းကြောင်းအသစ်ပေါ်မှာ ဆက်သွားဖို့ အတွက် ပြည်တွင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဖြေရှင်းမှု အဲ့ဒါကတော့ အစိုးရအနေနဲ့ သူတို့ရဲ့ အုပ်ချုပ်မှု ယန္တရားနဲ့ ပြည်သူလူထုရဲ့ အနေအထားတွေ ယှဉ်ပြိုင်မှုရှိပြီးတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်အချို့ကို လျှော့ပေးရမယ့် အနေအထားရှိတယ်။ မြန်မာပြည်ရဲ့ ကံကြမ္မာအနေအထားဟာ နောက်ကိုပြန်ဆုတ်တာမရှိဘူး။

တိုင်းပြည်ရဲ့ လုပ်ငန်းပိုင်း စီးပွားရေးရာပိုင်းမှာတော့ ဖွံ့ဖြိုးစရာအကြောင်း သိပ်အကြီးစားမမြင်ဘူး။ မြန်မာပြည်ရဲ့ဇာတာအရ အလုပ်သမား လူတန်းစားရဲ့ အနေအထားကတော့ သုံးစွဲနိုင်စွမ်းနဲ့ သူတို့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေ၊ များလာမယ်။ လုပ်ငန်းရှင်တွေ အတွက်ကတော့ Human Resources HR Problems တွေ သူတို့ ထိပ်တိုက်ရင်ဆိုင်ရမယ်။ နောက် လုပ်ငန်းရှင် အကြီးစားတွေ၊ နိုင်ငံတကာအဆင့်နဲ့ လုပ်တဲ့လူတွေကတော့ ပုံမှန်အနေအထားပဲဖြစ်တယ်။ သူတို့ထင်သလောက် မဖြစ်နိုင်ဘူး။”

နက္ခတ်ဗေဒပညာ လောကမှာ ဆရာတဆူဖြစ်တဲ့ စံဇာဏီဘိုဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၄ ခုနှစ်ကို ခြုံကြည့်မယ် ဆိုရင်တော့ - မြန်မာနိုင်ငံရဲ့ အနေအထားဟာ အရင်လို နောက်ပြန်ဆုတ်မယ့် - အာဏာသိမ်းမယ့် အခြေအနေ မရှိဘူးလို့ ဝါရင့်နိုင်ငံရေးသမား ဦးဝင်းတင်နဲ့ နက္ခတ်ဗေဒပညာရှင် ဆရာစံဇာဏီဘိုတို့က သုံးသပ်ပြောဆိုခဲ့ကြပါတယ်။
XS
SM
MD
LG