သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook သတင်းကြောင့် မန္တလေးမှာ ဆူပူမှုဖြစ်ပွား


အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ သတင်းတခုကနေ မန္တလေးမြို့မှာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး ရဲက လူစုခွဲခဲ့ရပါတယ်။ ၈၂ လမ်းနဲ့ ၂၇ လမ်းဒေါင့်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တခုနဲ့ ပတ်သက်နေတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတခုကြောင့် အဲဒီဝန်းကျင်မှာ သန်းခေါင်ကျော်ချိန် လူတွေ စုဝေးရောက်ရှိပြီး မတည်မငြိမ် ဖြစ်ခဲ့တာဖြစ်ပါတယ်။ ရဲကတော့ ပြဿနာမဖြစ်အောင် လုံခြုံရေး ယူထားရတယ်လို့ ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြထားပါတယ်။

မန္တလေးမြို့ လမ်း ၈၀ နဲ့ ၈၁ ကြား၊ ၂၆ နဲ့ ၂၇ လမ်းဝန်းကျင်မှာ အင်္ဂါနေ့ သန်းခေါင်ကျော်ချိန်မှာ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတခု ဖြစ်ပွားခဲ့တာပါ။ တဘက်နဲ့ တဘက် အုတ်ခဲတွေနဲ့ ပစ်ပေါက်မှုတွေရှိခဲ့တာကို အဲဒီနားမှာရှိနေတဲ့ ပဋိပက္ခ ကြိုတင်ကာကွယ်တားဆီးရေးအဖွဲ့က ကိုသိန်းအောင်မြင့်က ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပြခဲ့ပါတယ်။

“၈၁ လမ်း ဗလီဘက်ကနေ လှမ်းပစ်နေတယ်။ ဒီဘက်ကလည်း ဗမာတွေဘက်ကလည်း ပြန်ပစ်တယ်ပေါ့။ သူပစ်ကိုယ်ပစ် ပစ်နေတယ်။ တဘက်၊ တဘက်နဲ့တော့ အုတ်ခဲတွေနဲ့ လှမ်းပစ်တော့၊ ခဲတွေနဲ့ လက်လှမ်းမှီသလောက် လှမ်းပစ်နေကြတာပဲ။ ကျနော်တို့တောင် နည်းနည်း ခပ်လှမ်းလှမ်းကနေပဲ လှမ်းကြည့်နေရတယ်။”

ဒီလို အခြေအနေမျိုး စတင်ဖြစ်ခဲ့တာဟာ အင်တာနက်ပေါ်မှာ အင်္ဂါနေ့က ထွက်ပေါ်လာတဲ့ သတင်းတခုကြောင့် ဖြစ်တယ်လို့ ကိုသိန်းအောင်မြင့်က ပြောပါတယ်။

“Facebook စာမျက်နှာမှာ ဒီ ၂၇ လမ်းပေါ့ ၂၇ လမ်းနဲ့ ၈၂ လမ်းထောင့်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်ပေါ့ အဲ့ဒီလက်ဖက်ရည်ဆိုင်ကနေ မူဆလင်အမျိုးသား ၂ ဦးကနေ ဗမာအမျိုးသမီးကို မုဒိမ်းကျင့်လိုက်တယ်ဆိုတဲ့ အသံပေ့ါနော် ဒါ Facebook စာမျက်နှာမှာ တက်လာတယ်။ ဒါ ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ ကျနော်တို့လည်း အတိအကျ မသိဘူး။ တကယ့် အဖြစ်မှန်လား၊ ကောလဟာလလားဆိုတာလည်း ကျနော် အတိအကျ မသိဘူးပေါ့။ အဲ့ဒီအပေါ်မှာ တဖြည်းဖြည်းနဲ့ ဒီနေ့ လူတွေ စုလာပြီး ဒီညနေမှာ ပဋိပက္ခအသွင်ဆောင်တာပဲ။ သက်ဆိုင်ရာ ရဲတွေ လာပေမဲ့လည်း မိုးချုပ်လာတော့ တဖြည်းဖြည်းနဲ့ ပိုမို ရှုတ်ထွေးလာတယ်။ ဘောပွဲပြီးတဲ့အချိန်မှာ ပိုရှုတ်ထွေးလာပြီးတော့ ထိန်းမရ သိမ်းမရ အနေအထားဖြစ်နေတယ်ခင်ဗျ။ အခုအနေအထားက ည ၁ နာရီခွဲ ကျော်သွားတဲ့အထိ ထိန်းမရ သိမ်းမရ ဖြစ်နေတယ်။ အခု သက်ဆိုင်ရာရဲတွေကလည်း ဒီအပေါ် လူစုခွဲဖို့ လိုက်ပြီးတော့ လူတွေကို မေတ္တာရပ်ခံတယ်ပေါ့ဗျာ။ ပြီးတော့ ဒီမှာက သံဃာတွေလည်းရှိပါတယ်။ သံဃာတွေလည်း ဝိုင်းပြီးတော့ ထိန်းပေးနေပါတယ်။”

မိန်းကလေးတယောက် အဓမ္မပြုကျင့်ခံရလို့ အမှုဖွင့်တယ်ဆိုတဲ့ တဆင့်သတင်းကနေ အခုလို ပဋိပက္ခဖြစ်ခဲ့တာမို့ ဒီအဖြစ် တကယ်ဖြစ်ခဲ့သလားဆိုတာကို လက်ဖက်ရည်ဆိုင်ရှိတဲ့ မန္တလေး အမှတ် ၈ ရဲစခန်းကို မေးကြည့်တဲ့အခါ တာဝန်မှူးက ဗွီအိုအေကို ခုလို ဖြေခဲ့ပါတယ်။

“အဲ့ဒါတော့ ကျနော်တို့ စခန်းမှာဖွင့်တာတော့ မဟုတ်ဘူး။ အဲ့ဒါ သူတို့ ပျဉ်းမနားလို့ သူတို့ အင်တာနက်ထဲမှာတော့ ကြားရတာပေါ့။ သိရတာပေါ့လေ။ ဖော်ပြထားတာတော့ ပျဉ်းမနားမှာ ဖွင့်တဲ့ဟာပေါ့။”

မေး။ ။ အဲတော့ အမှုဖွင့်တယ်ဆိုတော့ တကယ်ဖွင့်ထားတဲ့ အမှုလားရှင့်။

ဖြေ။ ။ အဲ့ဒါ ပျဉ်းမနားကို မေးကြည့်မှသိမယ်။ ပျဉ်းမနားကလို့ပဲ ကျနော်တို့ သိရတယ်။ အင်တာနက်ထဲကနေ Facebook ဆိုတာတော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့်တော့ သိနေတယ်လို့ တင်ထားတာတွေ့တာပဲ။ တကယ်ဖွင့် မဖွင့်ဆိုတာကိုတော့ ပျဉ်းမနားကိုပဲ မေးကြည့်မှပဲ သိပါလိမ့်မယ်။ ကျနော်တို့စခန်းက မဟုတ်တဲ့အတွက် အဲကိစ္စကို မသိပါဘူး။

မေး။ ။ ဟုတ်ကဲ့ရှင့်။ အဲတော့ အခု နောက်ဆုံးအခြေအနေက ဘယ်လိုပြောရပါသလဲရှင့်။

ဖြေ။ ။ နောက်ဆုံးအခြေအနေကတော့ ထူးထူးထွေထွေတော့ ဘာမှမဖြစ်ပါဘူး။ ဒဏ်ရာလည်း ထူးထူးထွေထွေ ရတာမရှိဘူး။ အေးအေးဆေးဆေးပဲ အခု လောလောဆယ်ကတော့။ ကျနော်တို့ လုံခြုံရေးဆိုက်ပဲ ယူထားတဲ့ အနေအထားပေါ့ ပြဿနာမဖြစ်အောင်လို့။ အခါတိုင်းလိုပဲ ကျနော်တို့ လှည့်ကင်းတွေ သွားတယ်၊ လာတယ် ဒီအနေအထားပဲ ရှိပါတယ်။

မေး။ ။ ဘာလို့လဲဆိုတော့ အခု ၈၀၊ ၈၁ လမ်းဝန်းကျင်မှာ ဟိုဘက်ဒီဘက် အဲ့လိုမျိုး ခဲတွေနဲ့ ပေါက်နေကြတယ် ဆိုပြီးတော့ -

ဖြေ။ ။ အဲ့ဒါတော့ ကျနော်တို့ ပြောလို့မရဘူး။ ကျနော်တို့က အထိုင်ကဆိုတော့ ကျနော် အဲ့ဒါတွေ မပြောနိုင်ပါဘူး။ ပြောလို့မရဘူး။ ကျနော်လည်း အဲ့ဒီနေရာကို မရောက်တဲ့အတွက်။ ဟိုကလည်း ကျနော်တို့ကို အဲ့ကိစ္စနဲ့ပတ်သက်လို့ သတင်းပို့တာ ဘာညာ မရှိဘူး။

မေး။ ။ ဒါဆို အခုလောလောဆယ် လုံခြုံရေးတာဝန်ကတော့ ဒီရဲပဲယူထားတယ်ပေါ့။ စစ်တပ်ကရော လာတာမျိုးရှိပါသလားရှင့်။

ဖြေ။ ။ အဲဒါကတော့ မကြာမိဘူး။ မပါဘူးခင်ဗျ။ ကျနော်တို့ ရဲလောက်ပဲပေါ့။

ဗုဒ္ဓဟူးနေ့မနက် အစောပိုင်းမှာဖြစ်ခဲ့တဲ့ မန္တလေးမြို့က အခြေအနေတွေဟာ မနက် ၂ နာရီကျော်လောက်မှာတော့ ပြန်လည် တည်ငြိမ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ ၂၆ လမ်းတလျှောက် ဈေးချိုနာရီစင်နဲ့ ၈၁ လမ်း တလျှောက်လုံးက လမ်းဘေးမှာ ရပ်ထားတဲ့ကား တော်တော်များများ မှန်တွေ ရိုက်ခွဲထားတာ မြင်ရတယ်လို့လည်း မျက်မြင်တယောက်က ပြောပြခဲ့ပါတယ်။

XS
SM
MD
LG