သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးကြောင့် စားနပ်ရိက္ခာ လျော့မယ့် အန္တရာယ် FAO သတိပေး


ရေဘေးကြောင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေကို အကြီးအကျယ်ထိခိုက်မှုရှိ(ဓါတ်ပုံ FAO/ Bui Thi Lan)
ရေဘေးကြောင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေကို အကြီးအကျယ်ထိခိုက်မှုရှိ(ဓါတ်ပုံ FAO/ Bui Thi Lan)

မြန်မာနိုင်ငံကရေဘေးကပ်ဟာ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်နေပြီလို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO က မနေ့ က ပြောကြားလိုက်ပါတယ်။ ရေဘေးဒုက္ခရောက်ခဲ့ကြတဲ့ လယ်သမားတွေ ရဲ့ ပြန်လည် ထူထောင်ရေးအတွက် အကူအညီတွေကို အလျှင်အမြန် ပံ့ပိုးမပေးနိုင်ရင် မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ လုံလောက်မှု အလားအလာနည်း လာလိမ့်မယ်လို့ လည်း သတိပေးလိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်ပြီးပြောပြမှာပါ။

မြန်မာနိုင်ငံတဝှမ်း မုတ်သုန်မိုးပြင်းထန်ပြီး ရေကြီးမှုနဲ့ မြေပြိုကျမှုတွေအပြင် ဇူလိုင်လကုန်ပိုင်းလောက်က တိုက်ခတ်ခဲ့တဲ့ ကိုမန် ဆိုင်ကလုန်းမုန်တိုင်း ကြောင့် ဆန်စပါးနဲ့ လယ်ယာစိုက်ပျိုးရေးတွေအပါအဝင် ငါး၊ပုဇွန်မွေးမြူရေးလုပ်ငန်း အများအပြားကို ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒါကြောင့် ရေဘေးဒဏ်သင့် ခဲ့တဲ့ တောင်သူလယ်သမားတွေ ကို အရေးပေါ်ထောက်ပံ့ရေး အကူအညီတွေ အမြန်ဆုံးပေးဖို့ လိုအပ်နေကြောင်း FAO အဖွဲ့ကြီးက စက်တင်ဘာလ (၃)ရက်နေ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ရုံးရဲ့ပြောခွင့်ရပုဂ္ဂိုလ် Faran Haq ကဗွီအိုအေကို အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံက လယ်သမားတွေအတွက် အလျင်အမြန် အကူအညီတွေမပေးရင် စားနပ်ရိက္ခာ လုံလောက်ဖို့ အခက်အခဲ အလားအလာအများအပြားရှိလိမ့်မယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က ဒီကနေ့ သတိပေးလိုက်ပါတယ်။”

ရေဘေးကြောင့် မြန်မာနိုင်ငံတဝှမ်း စိုက်ပျိုးမွေးမြူရေး မြေယာ စုစုပေါင်း ၁.၄ သန်းဧကကျော်ရေ လွှမ်းမိုးခဲ့ပြီး လူပေါင်း ၁.၆ သန်းကျော်ရေဘေးသင့်ခဲ့တယ်လို့ FAO ရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။ အထူးသဖြင့် ဆန်စပါးစိုက်ပျိုးတဲ့ လယ်ယာမြေ အများဆုံးပါတဲ့ ဧကပေါင်း ၉ သိန်းကျော် အပါအဝင် ငါး၊ ပုဇွန်မွေးမြူရေးကန် ဧကပေါင်း ၃ သောင်းကျော်နဲ့ ကျွဲ၊ နွား မွေးမြူရေးတိရစ္ဆာန် အရေအတွက် ၂ သောင်းလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ လည်း ရေးသားထားပါတယ်။

ဒါကြောင့် ကျေးရွာဒေသတွေမှာ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ FAO ကပြောကြောင်း Faran Haq က ဆိုပါတယ်။

”အခုလို ရေတွေပြန်ပြီး ကျသွားချိန် ကျေးလက်ဒေသနေပြည်သူတွေအနေနဲ့ သူတို့ ဘဝတွေ ပြန်ပြီးထူထောင်ရေး အကူအညီတွေကို အမြန်ဆုံးလုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ FAO ကပြောပါတယ်။”

ရေဘေးကြောင့် အကြီးအကျယ် ထိခိုက်ခဲ့တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးနောက်ဆက်တွဲဖြစ်လာမယ့် အခုလိုအရေးပေါ် အခြေအနေမျိုး ကို နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ အလှူရှင်နိုင်ငံတွေက လျော့ တွက်ခဲ့ကြတယ်လို့ လည်း FAO ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Bui Thi Lan ကပြောဆိုကြောင်းFAO ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ရေဘေးဒဏ်သင့် လယ်သမားတွေအတွက် မျိုးစေ့တွေ၊ စိုက်ပျိုးရေးကရိယာတွေနဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ဆိုင်တဲ့ အခြားပစ္စည်းတွေကို ထောက်ပံ့ပေးဖို့ လိုအပ်နေတာပါ။

ရေလွှမ်းမိုးမှုကြောင့် အိမ်ထောင်စုအရေအတွက် ၄ သိန်းနီးပါးလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မြေပြိုကျမှုကြောင့် အိမ်အရေအတွက် ထောင်ပေါင်းများစွာ အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုထဲက ၁၂ ခုမှာရှိနေတဲ့ ဆည်မြောင်းတွေ ပျက်စီးခဲ့တယ်လို့ FAO က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် (၆) ပြည်နယ်မှာ ရေကြီးတဲ့ဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရပြီး အဲဒီထဲက (၄)ပြည်နယ်မှာ ၂၀၁၂ခုနှစ်ကတည်းက လူမှုအသိုင်းအဝိုင်းတွေကြား တင်းမာမှုတွေ မကြာခဏဖြစ်ပေါ်ခဲ့တယ်လို့ လည်းရေးသားထားပါတယ်။ ဒီပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြတဲ့ဒုက္ခသည် (၆)သိန်းကျော် ဟာလည်း ရေဘေးဒဏ်ကို ခံခဲ့ရတယ်လို့ FAO ကဆိုပါတယ်။

အစားအစာ၊ အမိုးအကာ၊ ဆေးဝါးအထောက်အကူ စတဲ့ ရေဘေး အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် လူသားချင်းစာနာမှု ဆိုင်ရာ အေဂျင်စီတွေက မြန်မာ အစိုးရကို အကူအညီပေးနေပါတယ်။ ဒါပေမဲ့လည်း ကုလသမဂ္ဂအနေနဲ့ ရံပုံငွေအလုံအလောက် မရှိတာကြောင့်နောက်ထပ် အကူအညီတွေပေးနိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။ တဖက်မှာလည်း ပျက်စီးသွားတဲ့ လမ်း၊ တံတားနဲ့ ရထားလမ်းတွေကြောင့် လည်း ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ကြန့်ကြာမှုတွေရှိစေတာပါ။

FAO အနေနဲ့ အောက်တိုဘာလကစတင်ပြီး ဆန်၊ ပဲ အပါအဝင် ဆောင်းရာသီမှာ စိုက်ပျိုးနိုင်တဲ့ ကောက်ပဲသီးနှံတွေကို ဖြန့်ဖြူးနိုင်ရေး ပြင်ဆင်နေတယ်လို့ မနေ့ကထုတ်ပြန်တဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။

XS
SM
MD
LG