သုံးရလွယ်ကူစေသည့် Link များ

ထွန်တုံးတိုက်ပွဲဆင်နွှဲတဲ့ လယ်သမားတချို့ ဖမ်းဆီးခံရ


ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း စတဲ့ နေရာအသီးသီးက လယ်ယာမြေတွေ အသိမ်းခံထားရတဲ့ တောင်သူတွေအနေနဲ့ လယ်မြေတွေ ပြန်မရတဲ့အပြင် ထွန်းတုံးတိုက်ပွဲ ဆင်နွှဲခဲ့တဲ့အတွက် တချို့ တရားစွဲဆိုခံရတာ၊ ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။
ပဲခူးတိုင်း နတ္တလင်းမြို့ ပဲမခမ်းကျေးရွာ ကြပ်ကြိုးဝိုင်းရှိ လယ်ယာမြေတွေကို ၁၈ နှစ်ကြာ စစ်တပ်က သိမ်းယူထားတာကို လက်မခံနိုင်တဲ့ လယ်သမားတွေက ဇွန်လ ၁၀ ရက်နေ့က လူအင်အား ၁၀၀ ကျော်နဲ့ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။
ဇွန်လ ၁၁ ရက်နေ့မှာတော့ လယ်သမားတွေ ဖိတ်ကြားလို့ လာခဲ့တဲ့ ကွန်ရက်အသီးသီးက လယ်သမားတွေကို အကူအညီပေးနေသူ ၃ ဦးကို နတ္တလင်းမြို့မှာပဲ ဖမ်းဆီးလိုက်ပြီး ဒီကနေ့ ညနေမှာပဲ ပေါင်းတည်ထောင်ကို ပို့လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ စုံစမ်းပြီး သတင်းပေးပိုခဲ့ပါတယ်။

ရှမ်းပြည်နယ်တွင်းမှာလည်း ပြည်နယ်အစိုးရက အင်းလေးဟိုတယ်ဇုံ စီမံကိန်းအတွက် ဒေသခံတွေရဲ့ လယ်မြေတွေ၊ ဘုန်းတော်ကြီးကျောင်းမြေတွေကို သိမ်းယူခဲ့တာပါ။ ညောင်ရွှေမြို့နယ် သလဲကုန်းတိုက်နယ်ထဲက အင်ကြင်းကုန်းရွာ၊ ကံဘဲ့ရွာ၊ ဝက်သကင်ရွာတွေရဲ့ မြေ ၆၂၂ ဧကကို သိမ်းယူခဲ့တဲ့အပေါ် ဒေသခံတွေက ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့တာကြောင့် ဖမ်းဆီးမှုတွေ လုပ်လာတာလို့ ရှမ်းပြည်နယ် ၈၈ မျိုးဆက်ကျောင်းသား ကိုနေမျိုး က ပြောပါတယ်။

“၉ ရက်နေ့ညက သူတို့ အိမ်ထဲကို ဝင်ဖမ်းကြတယ်။ ၈ ယောက်ပေါ့ဗျာ။ ဖမ်းပြီးတော့ သူတို့ရဲ့ မိသားစုတွေ၊ အမေတွေက သွားပြန်ခေါ်တယ်ပေါ့နော်။ ၂ နာရီလောက်ပဲ ဖမ်းထားပြီးတော့ အကုန် ပြန်လွှတ်ပေးလိုက်ပါတယ်။ ဟိုရွာသူရွာသားတွေက ဝိုင်းထားသလို ဖြစ်သွားလို့ပေါ့နော်။ ဖမ်းထားလို့ပေါ့နော်။ ဝရမ်းတော့ ထုတ်ထားတယ်ပေါ့နော်။ ၁၃ ရက်နေ့နောက်ဆုံး တရားရုံးတင်မယ်လို့ ပြောနေပါတယ်။ ပထမ ၇ ယောက် အစွဲခံထားရတယ်ခင်ဗျ။ ပြီးမှ အမျိုးသမီးတွေကိုချည်း ၆ ယောက် ထပ်စွဲတယ်။ တရားထပ်စွဲတယ်ဆိုတော့ အားလုံး ၁၃ ယောက်ဖြစ်သွားတယ်ခင်ဗျ။ အရင် ၈ ယောက်က သပ်သပ်၊ ၅၀၅ (ခ) နဲ့စွဲတာ၊ ထွန်တုံးတိုက်ပွဲအတွက်ပေါ့နော်။ ကျနော်တို့ အခုပဲ ရဲမှူးကြီးနဲ့တွေ့တဲ့အခါကျတော့ ၅၀၅ (ခ) က နိုင်ငံတော်သီချင်းကို ဆိုလို့ပေ့ါလေ။ ဒါတို့ပြည်၊ ဒါတို့မြေ ဆိုတဲ့ သီချင်းဟာ နိုင်ငံတော်အခမ်းအနားတွေမှာပဲ ဆိုရမယ်။ ဒီလို ထွန်းတုံးတိုက်ပွဲမှာ ဆိုတာကကျတော့ ဒါ ပြောင်နောက်တယ်လို့ ယူဆတယ်ပေါ့။ အဲ့ဒါ ၅၀၅ (ခ) နဲ့ ငြိစွန်းတယ်ပေ့ါဗျာ။ အဲ့ဒါ ဒီ ၈ ယောက် လာအဖမ်းခံပါ။ တရားရုံးမှာပဲ ရင်ဆိုင်ပါပေါ့။ အဲ့လိုမျိုး ဝရမ်းထုတ်ထားတယ်ဗျ။”

ဒေသခံတောင်သူတွေကို ပုဒ်မ ၅၀၅ (ခ) ဆူပူမှုအပါအဝင် တခြားပုဒ်မတွေနဲ့လည်း တရားစွဲထားတဲ့အကြောင်း တရားရုံးချိန်းတွေမှာလည်း နယ်မြေအသီးသီးမှာ ရုံးထုတ်တဲ့အတွက် ရုံးချိန်းလိုက်တက်နေရတဲ့ တောင်သူတွေ အခက်အခဲရှိပုံကိုလည်း ပြောပြပါတယ်။

“ဟိုတယ်ဇုံစီမံကိန်းဆိုပြီးတော့ သူတို့ မြေတွေကို သိမ်းတယ်။ ဘုန်းကြီးကျောင်းခြံတွေကို သိမ်းတယ်။ အဲ့ဒီမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက်ကြောင့် သူတို့ သိမ်းမှန်းမသိတော့ သူတို့ စိုက်ပျိုးတဲ့မြေကို ဒီမြေထိုးစက်ကြီးတွေနဲ့ ထွန်တော့ သွားတားတယ်ခင်ဗျ။ သွားတားတော့ ပုဒ်မ ၁၈၈ နဲ့တစ်ခု၊ ပုဒ်မ ၃၅၂ အဲ့ဒါနဲ့က တစ်ခု စွဲထားကြတယ် အားလုံး ၁၃ ယောက်ပေါ့။ တရားရုံးကို ညောင်ရွှေကို ပထမချိန်းတယ်။ နောက်တောင်ကြီးရုံးကို ချိန်းပြန်ရော။ တောင်ကြီးရုံးကနေမှ အခု ကလောရုံးကို ချိန်းတော့ အခု မိုင် ၄၀ သိပ်ဝေးသွားပြီ တရားရုံးစရိတ်နဲ့ကို တော်တော်ကုန်တယ်ခင်ဗျ။ အဲ့ဒါကြောင့် ၃ ချိန်းလောက်သွားပြီးတော့ နောက်ပိုင်းကျတော့ တစ်ရက်ကြိုပြီးတော့ လမ်းလျှောက်သွားကြတယ်။”

ပဲခူးတိုင်း နတ္တလင်းမြို့ ပဲမခမ်းကျေးရွာ ကြပ်ကြိုးဝိုင်းရှိ လယ်ယာမြေတွေကို လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက ခမရ (၅) အင်းမစစ်တပ်နဲ့ ပြည်သူ့ရဲ တို့ကနေ သိမ်းယူခဲ့ပြီး နဂိုမူလပိုင်ရှင် လယ်သမားတွေကို သီးစားချထားခဲ့တာပါ။

သီးစားခအဖြစ် ၁ ဧကကို စပါး ၂၁ တင်း၊ ပဲ ၁ တင်းသာ ပေးဆောင်ခဲ့တာကြောင့် လယ်သမားတွေဟာ စိုက်ပျိုးစရိတ် မြင့်လာခြင်း၊ ရာသီဥတုမကောင်းခြင်းတို့ကြောင့် သီးစားခပေးပြီးလျှင် ဝမ်းစာဖူလုံပဲ ဖြစ်ခဲ့ရပါတယ်။

ဇွန်လ ၁၀ ရက်နေ့ကတော့ စစ်တပ်က သိမ်းထားတဲ့ လယ်မြေ ၈၃ ဧက၊ ရဲတပ်ဖွဲ့က သိမ်းထားတဲ့ လယ် ၃၈ ဧကတို့ကို လယ်ပိုင်ရှင်တွေက ထွန်တုံးတိုက်ပွဲ လုပ်ခဲ့ရာမှာ အဲ့ဒီနေ့မှာပဲ တားဆီးခံခဲ့ရတဲ့အကြောင်း ဒေသခံလယ်သမားကြီးတစ်ဦးက ပြောပြပါတယ်။

“လူပေါင်း ၁၀၀ ကျော်လောက် ပါဝင်တယ်ပေါ့။ သူတို့ကို ဟန့်တားတာပေါ့။ သူတို့က အမြန်တွေ စိုက်ပြီးတော့မှ စက် ၃ စီးနဲ့ ကျနော်တို့ကို လာပြီးတော့မှ မနက် မိုးမလင်းခင်ကတည်းက လိုက်မောင်းနေပြီးတော့ ပွဲစလိုက်တာတော့ မနက် ၉ နာရီလောက်မှ ပွဲကိုစလိုက်တာ။ သူတို့တွေနဲ့ အတိုက်အခံဖြစ်တာပေါ့။ သူတို့ မောင်းနေတဲ့ဟာကို ကျနော်တို့က ဝင်မမောင်းပါနဲ့။ ကျနော်တို့ တောင်သူတွေက ဒုက္ခရောက်နေတယ်။ ကျနော်တို့တွေက ဒီလိုမှ လုပ်မစားရင်လည်း ထမင်းငတ်ပါတော့မယ်။ အဲ့လိုမျိုး ပြောပြီးတော့မှ ကျနော်တို့က တားတယ်။ ဆက်ပြီး မောင်းလို့ရှိရင်လည်း ကျနော်တို့က အိပ်လှဲပေးလိုက်မယ်။ ခင်ဗျားတို့မောင်း အသက်သေ ခံသွားမယ်။ အငတ်တော့မခံဘူးပေါ့။ အဲ့လိုမျိုး ကျနော် ပြောလိုက်တယ်။”

လယ်သိမ်းယာသိမ်းမှုတွေက တိုင်းနဲ့ပြည်နယ် အတော်များများမှာ ဖြစ်နေပြီး စစ်တပ်၊ ရဲ သင်တန်းကျောင်း၊ အစိုးရဌာနဆိုင်ရာ ကုမ္ပဏီတွေက သိမ်းယူနေတဲ့အတွက် ပြည်သူတွေမှာ စားဝတ်နေရေး ကြပ်တည်းမှုတွေ ဖြစ်နေကြရတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတယ်လို့ လယ်သမားအရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

လယ်သမားတွေကို အကူအညီပေးနေသူတွေကိုလည်း အကြောင်းအမျိုးမျိုးရှာပြီး ဧရာဝတီတိုင်းအတွင်းမှာ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းကျော်ဟာ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းနေရတာပါ။ လယ်မြေတွေကို အဓမ္မ သိမ်းယူတာ ခံနေရတဲ့အတွက် တောင်သူတွေဟာ စားဝတ်နေရေး ကြပ်တည်းလွန်းတာကြောင့် ပြည်ပကို အလုပ်အကိုင် ရှာဖွေဖို့အတွက် ထွက်ကြသူတွေ များလာကြပါတယ်။

ဒီလိုထွက်လာခဲ့ပေမဲ့ အဆင်ပြေမှုတွေ မရှိဘဲ မြန်မာနိုင်ငံသားတွေဟာ ပြည်ပနိုင်ငံ အသီးသီးမှာလည်း ခေါင်းပုံဖြတ် အနိုင်ကျင့်ခံရခြင်းတွေ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရခြင်းတွေကို ဆက်လက် ခံစားနေရတာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG