သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်သမားရေးလှုပ်ရှားသူ ၃ ဦးကို တရားမဝင် သင်းပင်းဖွဲ့စည်းမှုနဲ့ရုံးတင်


တရားမဝင် သင်းပင်းဖွဲ့စည်းမှုပုဒ်မ ၆ နဲ့ ငြိစွန်းတယ်ဆိုပြီး ပေါင်းတည်ထောင်မှာ ဖမ်းဆီးအရေးယူခံထားရတဲ့ ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့က ဒေါ်မြင့်မြင့်အေး၊ မခင်မိမိခိုင် အပါအဝင် လယ်သမားရေးလှုပ်ရှားသူ ၃ ဦးကို ဒီကနေ့ ပဲခူးတိုင်း နတ္တလင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ လယ်သမားရေး ကူညီဆောင်ရွက်ပေးနေသူတွေကို အခုလို တရားမဝင် အသင်းအဖွဲ့ဆိုင်ရာ ပုဒ်မနဲ့ စွဲဆိုတာနဲ့ပတ်သက်ပြီး တရားဥပဒေကြောင်းအရ လျှောက်လဲဖြေရှင်းသွားမှာ ဖြစ်တယ်လို့ တရားစွဲခံရသူတွေဘက်က ရှေ့နေလိုက်ပေးနေတဲ့ မြန်မာနိုင်ငံ
ရှေ့နေများကွန်ရက် အဖွဲ့က ပြောပါတယ်။

နတ္တလင်းတရားရုံးမှာ တရားရင်ဆိုင် လျှောက်လဲကြတဲ့အကြောင်း အပြည့်အစုံကို အခုတရားရုံးကို ရောက်နေတဲ့ ရှေ့နေနဲ့ လယ်သမားရေး လှုပ်ရှားသူတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြထားပါတယ်။

ပေါင်းတည်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လယ်သမားရေးလှုပ်ရှားသူ ၃ ဦးကို စက်တင်ဘာလ ၃ ရက်နေ့မှာ ပဲခူးတိုင်း နတ္တလင်းတရားရုံးမှာ တရားရုံးထုတ် စစ်ဆေးမှု ပြုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က မြန်မာစစ်တပ်ကနေ သိမ်းယူထားတဲ့ လယ်ယာမြေတွေပေါ်မှာ မူလ လယ်ပိုင်ရှင်တွေက ပြန်လည် ထွန်ယက်ပြီး ထွန်တုံးတိုက်ပွဲ ဆင်နွှဲတဲ့ ဆန္ဒပြမှုမှာ လယ်သမားတွေ ဆန္ဒပြနေတဲ့ လယ်နေရာတွေကို သွားရောက်ထောက်ခံခဲ့တဲ့အတွက် ပဲခူးတိုင်း နတ္တလင်းရဲစခန်းက လယ်သမားရေး လှုပ်ရှားသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး၊ လယ်သမားရေး လှုပ်ရှားသူ မခင်မိမိခိုင်နဲ့ နတ္တလင်း ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုသန့်စင်ထက်တို့ ၃ ဦးကို တရားမဝင်အသင်း ကွန်ရက်ဖွဲ့စည်းမှုဆိုင်ရာ ၁၉၈၈ ခုနှစ် ဥပဒေအပိုဒ် ၆ ကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

တရားစွဲဆိုခံထားရတဲ့ လယ်သမားအရေး လှုပ်ရှားသူတွေဘက်က အမှုလိုက် အကျိုးတော်ဆောင်ရှေ့နေဖြစ်သူ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့က ဦးအောင်သိန်းက စက်တင်ဘာလ ၃ ရက်နေ့ နတ္တလင်းတရားရုံးတွင်း တရားခွင်အခြေအနေကို အခုလို ဗွီအိုအေမြန်မာပိုင်းကို ရှင်းပြပါတယ်။

“ကျနော်တို့ တရားလိုကို ပြန်ခေါ်စစ်ဆေးတာပေါ့။ တရားလို လာရောက်အစစ်ခံတယ်။ လာရောက်အစစ်ခံတဲ့ အခါမှာ ကျနော်တို့ဘက်က သင်းဖွဲ့ဥပဒေပုဒ်မ (၆) ဟာ ၆/၈၈ ဆိုတာ နဝတဥပဒေအရ ထုတ်ပြန်ထားတဲ့ ဥပဒေဖြစ်တယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပေါ်ပေါက်ပြီးတဲ့ နောက်ပိုင်းမှာသော်လည်းကောင်း ပြည်သူ့လွှတ်တော် ပေါ်ပေါက်ပြီးတဲ့ နောက်ပိုင်းမှာ ဘယ်တိုင်းနဲ့ ပြည်နယ်မှာမှ အဲဒီပုဒ်မနဲ့ တရားစွဲဆိုတာ တခါမှမရှိဘူး။ ဒီပဲခူးတိုင်းဒေသကြီး နတ္တလင်းကနေ စတင်ပြီးတော့ တရားစွဲဆိုတယ်ဆိုတာ ကျနော်တို့ တွေ့ရတယ်ဆိုတဲ့ အကြောင်းပေါ့နော် အဲဒါတွေရော ခင်ဗျားသိသလားဆိုပြီးမေးတယ်။"

"နောက်တခုက အဲဒီ ၆/၈၈ မှာ နောက်ဆုံးပိုဒ်မှာ ရှင်းလင်းချက်ဆိုတာ ပါတယ်။ အဲဒီရှင်းလင်းချက်က ဘာဖြစ်လို့လဲဆိုတော့ ၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ ပါတီတွေ ဖောင်းပွလာမှာ၊ အသင်းအဖွဲ့တွေ ဖောင်းပွလာမှာ စိုးရိမ်တဲ့အတွက် အနှောင့်အယှက် မဖြစ်စေဖို့ဆိုပြီး ရည်ရွယ်ပြီးတော့ ဒီသင်းဖွဲ့ဥပဒေကို ပြဌာန်းခြင်းဖြစ်တယ်ဆိုပြီး ရှင်းလင်းချက်မှာ ဖော်ထားတယ်။ အဲဒီတော့ ဒီကနေ့ဟာ လွှတ်တော်သက်တမ်း ၂ သက်တမ်းလောက် ကျော်သွားခဲ့ပြီး နေပြီပေါ့နော်။ ဆိုတော့ ဒီဘက်ကနေ ဒီဥပဒေနဲ့ အရေးယူတယ်ဆိုတဲ့ အဆင့်အနေအထားအရ အကျုံးဝင်လား၊ မဝင်ဘူးလားဆိုတာ စဉ်းစားဖို့ပြဿနာ၊ ကွန်ရက်ဆိုတဲ့ ဥစ္စာက အသင်းအဖွဲ့မဟုတ်ဘူးလို့ ကျနော်တို့ တရားခံဘက်က အဲဒီလိုသွားတယ်။ ခင်ဗျားတို့က ကွန်ရက်ဆိုတာ အဖွဲ့ဆိုပြီး ပြောတယ်။ အဖွဲ့ဆိုတဲ့ အထောက်အထားနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ဘက်က ဘာမှမတင်ပြနိုင်ဘူး။"

"ဒီလူ ၃ ယောက် လယ်သမားတွေဆီကို လာရုံနဲ့ အဖွဲ့ကြီးတခုဆိုတာ ဖြစ်သလားဆိုတဲ့ မေးခွန်းဟာ အရေးကြီးတဲ့ မေးခွန်းတခု ဖြစ်တာပေါ့နော်။ အဲဒီတော့ လယ်သမားတွေ ဖိတ်ကြားလို့လာတယ်၊ လယ်သမားတွေ အကျိုးအတွက် ဆောင်ရွက်ပေးဖို့ ဒီကွန်ရက်ကနေပြီးတော့ လယ်သမား အကျိုးစီးပွား အကာအကွယ်ပေးဖို့ ဆောင်ရွက်ဖို့လာတယ်။ အဲဒီဟာကို ခင်ဗျားတို့က သူ့ဟာသူ ကွန်ရက်ဆိုတဲ့ သဘောသဘာဝအတိုင်း ဖြစ်တာခြင်းနဲ့ ခင်ဗျားတို့က အဖွဲ့ဆိုတာမျိုးနဲ့ တရားစွဲခဲ့တာဟာ ခင်ဗျားတို့ကို ဘယ်သူက ဥပဒေအကြံဉာဏ်ပေးလဲ၊ ဘယ်ဥပဒေအရ ရှေ့ကနေ အဲဒီပုဒ်မနဲ့ စွဲလို့ပြောလဲဆိုတဲ့ မေးခွန်းတွေ ကျနော်တို့ဘက်ကတော့ မေးခဲ့ရတာပေါ့။”

နတ္တလင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးတဲ့အထဲ သက်ဆိုင်ရာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတဲ့အတွက် ပုဒ်မ (၁၈) ကို ဖောက်ဖျက် ကျူးလွန်တယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ တကိုယ်တော်ဆန္ဒပြခဲ့သူ ကိုသန့်စင်ထက် အမှုနဲ့ ပတ်သက်ပြီးလည်း တရားခွင်အတွင်း လိုက်ပါနာကြားသူ နိုင်ငံသားရေး၊ လယ်သမားရေး လူပ်ရှားသူ ဦးဇော်ရမ်း က အခုလို ပြောပါတယ်။

“ကိုသန့်စင်ထက်ကို ထပ်ဆင့်စွဲထားတဲ့ ပုဒ်မ (၁၈) ကလည်း တယောက်တည်း ဆန္ဒပြတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒဒေနဲ့ အညီပေါ့နော်၊ လူစုလူဝေးနဲ့ မဟုတ်တဲ့အတွက် ပုဒ်မ (၁၈) နဲ့လည်း လုံးဝမငြိပါဘူး။ အမှုသဘောအရ ပြောမယ်ဆိုရင်တော့ ၃ ယောက်စလုံး လုံးဝကို သင်းဖွဲ့ဥပဒေ ၆ နဲ့လည်း လုံး၀ မငြိပါဘူး။ နောက်တခါ ပုဒ်မ (၁၈) နဲ့လည်း မငြိတာကို တွေ့ရပါတယ်။”

လယ်သမားအရေး လှုပ်ရှားသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အာမခံမပေးဘဲ အခုဆို ပေါင်းတည်ထောင်ထဲမှာ ချုပ်နှောင်ထားပြီး ထောင်သွင်းအကျဉ်းချ ခံထားရတဲ့ အမျိုးသမီးလှုပ်ရှားသူတွေဖြစ်တဲ့ ဒေါ်မြင့်မြင့်အေးမှာလည်း လေဖြတ်ဝေဒနာ ခံစားနေရသူဖြစ်တဲ့အတွက် မိသားစုက ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်ဖို့အရေး ဒေသခံအာဏာပိုင်တွေနဲ့ ထောင်အာဏာပိုင်တွေကို တောင်းဆိုနေကြသလို တရားရင်ဆိုင်နေရတဲ့ သူတို့တွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အရေးကိုလည်း လယ်သမား၊ အလုပ်သမားရေး လှုပ်ရှားသူတွေနဲ့ အမျိုးသမီးရေး လှုပ်ရှားသူတွေကလည်း
တောင်းဆိုနေကြပါတယ်။
XS
SM
MD
LG