သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မအူပင် လယ်ယာပဋိပက္ခ အရှိန်လျော့


မြန်မာ့လယ်ယာလုပ်ငန်းခွင်အတွင်း လယ်သူမများ ပျိုးချစိုက်ပျိုးနေစဉ်။
မြန်မာ့လယ်ယာလုပ်ငန်းခွင်အတွင်း လယ်သူမများ ပျိုးချစိုက်ပျိုးနေစဉ်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ် (၉၆၉)အတွင်း လယ်သမားကြီးတွေရဲ့ ဘိုးဘွားပိုင်လယ်ယာမြေ ဧက (၅၀၀)ကျော် ကို အောချက် ကုမ္မဏီ လီမီတက်က သိမ်းထားပြီး အသုံးမပြုတဲ့အတွက်ကြောင့်ဆိုပြီး ရွာပေါင်း ၆ရွာက လယ်သမားတွေက ဆန္ဒပြခဲ့ကြတာပါ။ အာဏာပိုင်တွေဘက်က ပုဒ်မ ၁၄၄ထုတ်ပြီး ပစ်ခတ်မူတွေလုပ်ခဲ့ ပြီးတဲ့နောက် တင်းမာမှုအရှိန်မြှင့်နေချိန် ညနေပိုင်း မှာတော့ ရွှေညဝါ ဆရာတော်ကြီးက နှစ်ဖက်ပြေလည်မှု ရဖို့အတွက် လယ်သမားတွေဘက်က စပြီး နောက်ဆုတ်ပေးဖို့ ညှိနှိုင်းပြောဆိုတာကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေကို လယ်သမားတွေဘက်က ရပ်ဆိုင်းပေးခဲ့ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

လယ်သမားတွေနဲ့ ကုမ္ပဏီကြားမှာ လယ်ယာမြေ သိမ်းဆည်းမူတွေက ၁၉၉၆ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ အပြောင်းးအလဲတွေဖြစ်လာပြီဆိုတဲ့ ဒီကနေ့ကာလမှာတော့ လယ်သမားတွေက သူတို့လယ်ယာမြေတွေပြန်ရရှိရေးအတွက် တောင်းဆိုမူတွေလုပ်ရင်းနဲ့ အာဏာပိုင်တွေနဲ့ အဓိကရုဏ်းဖြစ်ပွားခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် လယ်သမားတွေလည်း သေနတ် ဒဏ်ရာများရသလို ရဲတွေဘက်ကလည်း လယ်သမားတွေဘက်က ပြန်လည်ရိုက်နှက်မူတွေကြောင့် ရဲတဦးသေဆုံးခဲ့ပြီး လူ၂၀ကျော် ဒဏ်ရာများ ရရှိခဲ့ပါတယ်။ တင်းမာမူတွေဖြစ်ပြီး ဖေဖေါ်ဝါရီလ ၂၈ရက်နေ့မှာလည်း လယ်သမားတွေဘက်က လယ်ပြန်ရရေးအတွက် ဆန္ဒပြနေကြနေကြရာကနေ ညနေပိုင်းမှာတော့ ရွှေညဝါဆရာတော်ကြီးက ကြားဝင်ဖြန်ဖြေပေးခဲ့တာကြောင့် လယ်သမားတွေဘက်က ထိပ်တိုက်ရင်ဆိုင်မှုကို ရပ်ဆိုင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံလယ်သမားတစ်ဦးပြောပြတာက-

“ ရွှေညဝါဆရာတော်ကြီး လာပြီးတော့မှ ကျနော်တို့ကို သြဝါဒတွေ လာမိန့်ကြားသွားတဲ့ အခါကျတော့ ဒါကျနော်တို့က ဆရာတော်ကြီးပြောတဲ့ စကားကို လေးစား လိုက်နာကြတယ်။ မိန်းကလေးတွေ လည်း ပြန်ကုန်ကြပြီ။ ယောကျ်ားလေးတွေလည်း တချို့တဝက်ပြန်ကုန်ကြပြီ။ သိပ်လည်း မရှိတော့ဘူး။ ဝန်စည်စလွယ်လေးတွေ ကျန်လို့ ကျနော်လည်းထိုင်ပြီးစောင့်နေတာ။ ဟိုဘက်ခြမ်း ကိုလည်း ပြေလည်ခိုင်းတယ်ပေါ့။ ဟိုဘက်ခြမ်းကို ပြေလည်ခိုင်းတာကတော့ သူတို့ ပြေလည်ပေးမယ်။ ရဲတွေ နောက်ဆုတ်ပေးမယ်ပြောတယ်။ ဒါပေမဲ့ ရဲတွေက အခုထက်ထိ နောက်ဆုတ်ပေးတာတော့ မတွေ့ဘူးပေါ့။ ကျနော်တို့ကတော့ အရင်ဆုံး ခွာလာတဲ့သူပေါ့နော်။ ဆရာတော်က ကျနော်တို့ကို တောင်သူလယ်သမားတွေပေါ့နော် မင်းတို့ဘက်က ထိခိုက်တာတွေ သေကျေ ပျက်စီးတာတွေ၊ မမြင်ချင်ဘူးပေါ့နော်။ အဲ့တော့ ငါ့စကားကို နားထောင်ပါ။ နောက် တရားဥပဒေအရ ရင်ဆိုင်ပါ။ မင်းတို့လည်း ခွာထားပေး။ သူတို့လည်း ခွာထားပေးမယ်။ အဲ့ဒီ့ကြားထဲမှာ မင်းတို့ကလည်း အဲ့ဒီ့နေရာကို ဘာမှသွားပြီး မကျူးကျော်ပြီး ဘာမှသွားမလုပ်နဲ့။ ဘာမှ သွားမလုပ်နဲ့။ သူတို့ဘက်ကလည်း ဘာမှ မကျူးကျော်စေရဘူး။ လယ်ထဲကိုဆင်းပြီး ဘာမှ မလုပ်စေရဘူးဆိုပြီးတော့ ဆရာတော်ကြီးက အဲ့လိုမိန့်ကြားသွားပါတယ်။”

လယ်သမားတွေက အာဏာပိုင်တွေကို စတင်အကြမ်းဖက်ခဲ့တယ်လို့ ပြောသလို လယ်သမားတွေဘက်ကလည်း အာဏာပိုင်တွေဘက်ကသာ စတင် အကြမ်းဖက်ခဲ့တယ် ဆိုတဲ့ အပြန်အလှန် စွပ်စွဲမူတွေလည်းရှိနေတာပါ။ ဒါပေမဲ့လည်း လယ်သမားတွေကိုညှိနှိုင်းလို့ ရနိုင်ပေမဲ့ အာဏာပိုင်တွေဘက်က အာမခံမူတွေရှိဖိုလိုအပ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးက ဆိုပါတယ်။

“လယ်သမားက ချက်ချင်းညှိလို့ရတယ်။ လယ်သမားတွေနဲ့ မနေ့က ကျမပြောတော့ ကျမ လုပ်ပေးတာ လက်ခံမလားဆိုတော့ လက်ခံမယ်။ ယုံကြည်သလားဆိုတော့ ယုံကြည်တယ် ဆိုပြီး အားလုံး ပြောတယ်လေ။ ဒါပေမဲ့ ကျမတို့က တချက်က အစိုးရက ဒီလယ်သမားတွေကို ဘယ်လို အကာအကွယ် ပေးမလဲ။ ဘယ်လိုတာဝန်ယူမှုတွေရှိမလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တာပါ။ လယ်သမားတွေကို ကျမတို့က ထိန်းသိမ်းလို့ရတယ်။ ဒါပေမဲ့ ကျမတို့က ထိန်းသိမ်းလို့ လယ်သမားတွေက အိမ်ပြန်ရောက်သွားပြီ။ အစိုးရကနေပြီးတော့ တာဝန်ယူမှုတွေလည်း မရှိဘူး။ ကာကွယ်ပေးမှုတွေလည်း မရှိဘူးဆိုရင် အခုလိုမျိုး လုပ်ငန်းရှင် တစ်ယောက်ဖြစ် တဲ့ ဒေါက်တာမြင့်စိန် တယောက် အကျိုးစီးပွားအတွက်ကို ရဲတွေအများကြီးချပြီး လယ်သမားအများစုကိုကျတော့ အကာအကွယ်မပေးဘူး တာဝန်ယူမှုမရှိဘူးဆိုရင် ကျမတို့က စည်းရုံးပေးရတာ၊ လုပ်ပေးရတာ ကျမတို့ သဲထဲ ရေသွန်သလိုဖြစ်သွားမှာရှင့်။ အဲ့တာကြောင့် ကျမတို့လည်း သိပ်တော့ မယုံချင်ဘူးရှင့်။ သူတို့ ဘယ်လောက်အထိ တာဝန်ယူမှုရှိမလဲ။ ဘယ်လောက်အထိ အကာအကွယ်ပေးမှုရှိမလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ပဲ ကျမတို့က လုပ်သွားရမှာပဲလေ။”

ပြိးခဲ့တဲ့ ၂၆ရက်နေ့က အဓိကရုဏ်း ဖြစ်ပွားမူကြောင့် ဒေသခံလယ်သမား ၂၀လောက် ဒဏ်ရာများရရှိခဲ့သလို ရဲတွေဘက်ကလည်း တဦးသေဆုံးပြီး လူ၂၀ကျော် ဒဏ်ရာများရခဲ့တာပါ။ လက်ရှိအခြေအနေမှာတော့ ရွှေညဝါဆရာတော်ကြီးက ကြားဝင်ဖြန်ဖြေပေး ခဲ့တာကြောင့် ပြဿနာတွေ ပြေလည်သွားတဲ့အခြေအနေ မဟုတ်တာတောင်မှ တင်းမာမှုတွေနဲ့ ထိပ်တိုက်တွေ့နေရာကနေ လယ်သမားတွေဘက်က နောက်ဆုတ်ပေးခဲ့ပြီး သိမ်းဆည်းခံထားရတဲ့ သူတို့ရဲ့ လယ်ယာမြေတွေအတွက် ဥပဒေကြောင်းအရပဲ တောင်းဆိုသွားမယ်လို့ ပြောသွားပါတယ်။
XS
SM
MD
LG