သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boston ဗုံးပေါက်ကွဲမှု အနက်ရောင်အိတ် ကျောပိုးထားသူအား FBI ရှာဖွေ


ဗုံးပေါက်ကွဲပြီးနောက် သဲလွန်စရှာဖွေနေစဉ် (၁၆ ဧပြီ ၂၀၁၃)
ဗုံးပေါက်ကွဲပြီးနောက် သဲလွန်စရှာဖွေနေစဉ် (၁၆ ဧပြီ ၂၀၁၃)
Boston မာရသွန်ပြိုင်ပွဲမှာ တနင်္လာနေ့က ဗုံးမကွဲခင်လေးမှာ အလွန်လေးလံတဲ့ အထုပ် သယ်လာတဲ့ လူတဦးကို တွေ့မိတဲ့သူတွေထံကနေ FBI အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရိုကနေ သတင်းအချက်အလက်တွေ စုဆောင်းရှာဖွေနေပါတယ်။

ဗုံးကွဲတဲ့နေရာက ကျောပိုးအိတ်က ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ အမဲရောင် နိုင်လွန်စတွေကို စုံစမ်းစစ်ဆေးသူတွေ တွေ့ခဲ့ရပါတယ်။ ဘယ်သူ့လက်ချက်ဆိုတာကို အသေအချာ မပြောနိုင်သေးလို့ ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစားနေရတယ်လို့ FBI က ပြောပါတယ်။ တာဝန်ရှိသူကို ရှာဖွေဖော်ထုတ်နိုင်ဖို့ ကမ္ဘာ့အစွန်အဖျားအထိပါ သွားရောက်ရှာဖွေမယ်လို့ အာဏာပိုင်တွေက ကတိပေးထားပါတယ်။

ကနဦး ထောက်လှမ်းရေး အချက်အလက်တွေ မရှိတာကြောင့် ဒီကိစ္စမှာတော့ အယ်လ်ကိုင်းဒါး ဒါမှမဟုတ် နိုင်ငံရပ်ခြား အစိုးရ တရပ်ရပ်က ပါဝင်ပုံတော့ မရှိဘူးလို့ Maryland ပြည်နယ် ဒီမိုကရက်တစ်အမတ် ဒတ်ချ် ရတ်ပါဘာဂါ (Dutch Ruppersberger) က လုံခြုံရေးဆိုင်ရာ အစည်းအဝေးအပြီးမှာ ပြောပါတယ်။

တနင်္လာနေ့က စက္ကန့်ပိုင်းအတွင်း ဆက်တိုက် ပေါက်ကွဲတဲ့ ဗုံးနှစ်လုံးကြောင့် မာရသွန် ပန်းဝင်လိုင်းအနီးက လူသုံးဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ၈ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါဝင်ပါတယ်။ လူပေါင်း ၁၇၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အတော်များများက ခြေလက်တွေ ဆုံးရှုံးခဲ့ကြပါတယ်။
XS
SM
MD
LG