သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိ အရှုပ်တော် ပုံ FIFA ဥက္ကဋ္ဌ နှုတ်ထွက်မည် မဟုတ်


FIFA ဥက္ကဋ္ဌ Sepp Blatter (မေ ၂၈၊၂၀၁၅)
FIFA ဥက္ကဋ္ဌ Sepp Blatter (မေ ၂၈၊၂၀၁၅)

FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အတွင်း အဂတိလိုက်စားမှုတွေကြောင့် ရာထူး က နှုတ်ထွက်ပေးဖို့တောင်းဆိုနေကြပေမယ့်လည်း၊ သူ့အနေနဲ့ ရာထူးက နှုတ်ထွက် မှာမဟုတ်ဘဲ၊ ရွေးကောက်ပွဲဝင်ပြိုင်သွားမှာဖြစ်တယ်လို့ FIFA ဥက္ကဋ္ဌက ပြောလိုက် ပါတယ်။ ဒါ့အပြင် ဒီအချိန်ဟာ ဖီဖာအတွက် အခက်ခဲဆုံးအချိန်ဖြစ်တယ်လို့လည်း သူကပြောလိုက်ပါတယ်။ UEFA ဥက္ကဋ္ဌ ပလာတီနီ အပါအဝင် ဘောလုံးအဖွဲ့ချုပ် အတော်များများက နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေနဲ့ အပုပ်နံ့တွေ တထောင်းထောင်း ထွက်လာတဲ့ကြားကပဲ ၊ ဖီဖာရဲ့ နှစ်ပတ်လည် ညီလာခံ ကို ကြာသာပတေးနေ့မှာ စတင်လိုက်ပါပြီ။ ဖီဖာနှစ်ပတ်လည် ညီလာခံဖွင့်ပွဲအခမ်းအနားမှာတော့ -ဒီအချိန်ဟာ ဖီဖာအတွက် အခက်ခဲဆုံးအချိန်ဖြစ်တယ်လို့ ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာ က ပြောလိုက်ပါတယ်။

"FIFA အတွက်တော့ ဒါတွေဟာ ဘယ်တုန်းက မကြုံဘူးလောက်အောင် ခက်ခဲတဲ့ အချိန်တွေပါ။ အခုဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေက ဘောလုံးလောကအတွက်ရော ၊ အခုတပတ် ညီလာခံအတွက်ပါ အရိပ်မည်းကြီးထိုးစေခဲ့ပါတယ်။ လူတဦးချင်းစီရဲ့ လုပ်ရပ်တွေက ဘောလုံးလောကကို အရှက်ရစေပြီး၊ အကုန်လုံးကို ပြောင်းလဲပစ်ဖို့ ကျနော်တို့ဆီက တောင်းဆိုနေပါတယ်။ ဘောလုံးလောက နဲ့ ဖီဖာရဲ့ဂုဏ်သိက္ခာကို ဒီထက်ပိုပြီး ညစ်နွမ်းစေမယ့်ဟာမျိုးကို ကျနော်တို့ ခွင့်မပြုနိုင်ပါဘူး။ ဒီအချိန် ဒီနေရာမှာ ရပ်ပစ်ရမှာပါ။ ကမ္ဘာ့ဖလားအိမ်ရှင်ရွေးတာရော၊ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး ကျနော်မှာပဲ လုံး၀ တာဝန်ရှိတယ်လို့ ပြောတာတွေကိုလည်း ကျနော်သိပါတယ်။ လူတိုင်းကို အချိန်ပြည့်တော့ ကျနော် လည်း စောင့်ကြည့်မနေ့နိုင်ပါဘူး။"

ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲကို ဒီကနေ့ သောကြာနေ့မှာ ကျင်းပမှာဖြစ်ပြီး ၊ မစ္စတာ ဘလတ္တာကို ရွေးကောက်ပွဲမကျင်းပခင် ရာထူးကနေ နှုတ်ထွက်ဖို့ အစည်းအဝေးအတွင်းမှာ တိုက်ရိုက်တောင်းဆိုခဲ့တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Michel Platini က ပြောပါတယ်။

"ကျနော်က သူ့နဲ့ စကားပြောချင်တယ်လို့ ပြောပါတယ်။ သူက မပြောချင်ဘူး လို့ ပြောပါတယ်။ အဲဒါနဲ့ ကျနော်လည်း သူကို နားထောင်ဖို့ ထပ်ပြောပါတယ်။ ၁၉၉၈ ကစပြီး ကျနော်တို့ အတူလုပ်ခဲ့ကြတယ်။ ဒီအချိန်က ဖီဖာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကျနော်တို့ သဘောတူညီမှုရရမယ့် အချိန်ပါ။ ကျနော်တို့ အတူ တွဲလုပ်ခဲ့ကြတယ်၊ အောင်မြင်မှုတွေလည်း ရခဲ့တယ်။ ဒီနေ့တော့ ကျနော်အနေနဲ့ သူကို ဖီဖာကနေ နှုတ်ထွက်ဖို့ တောင်းဆိုပါတယ်။ ဖီဖာရဲ့ ပုံရိပ်က မကောင်းတော့တဲ့အတွက် ကျနော်တို့အနေနဲ့ ဒါကို ဆက်ပြီးဖြစ်နေမှာမျိုး ခွင့်မပြုနိုင်တော့တာကြောင့် ဖီဖာကနေ ထွက်လိုက်ဖို့ တောင်းဆိုတာပါ။"

သူ့ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုတာနဲ့ ပတ်သက်ပြီး ဆပ်ဘလတ္တာကတော့ - ဖီဖာရဲ့ နှစ်ပတ်လည် ညီလာခံ စတော့မယ့် ဒီအချိန်ကျမှ နှုတ်ထွက်ဖို့ဆိုတာ သိပ်နောက်ကျသွားပြီ လို့ တုံ့ပြန်လိုက်ပါတယ်။ မစ္စတာ ဘလတ္တာအနေနဲ့ သူ့ကို မဲပေးဖို့ အများစုကို ယုံလာအောင် စည်းရုံးသိမ်းသွင်းမှာဖြစ်ပေမယ့် ၊ မစ္စတာဘလတ္တာရော ဖီဖာရော ဒီကိစ္စမှာ ရှုံးသွားပြီလို့ သူထင်တယ်ဆိုပြီး ပလာတီနီက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ ဥရောပဘောလုံးအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဖီဖာရဲ့ နှစ်ပတ်လည် ညီလာခံကို သပိတ်မှောက်ကောင်းမှောက်နိုင်တယ်လို့ UEFA ဘက်က သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ FIFA ရဲ့နှစ်ပတ်လည် ညီလာခံကို သပိတ်မမှောက်တာရတာဟာ ဒါ အမေရိကတိုက်ဖက်က ပြဿနာဖြစ်ပြီး ဥရောပတိုက် ရဲ့ ပြဿနာမဟုတ်တာကြောင့် ဖြစ်တယ်လို့ နယ်သာလန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Michael van Praag ပြောပါတယ်။

ဖီဖာဥက္ကဋ္ဌ ဘလတ္တာကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့အထဲမှာ ဂျာမနီဘောလုံးအဖွဲ့ချုပ်လည်းပါဝင်ပါတယ်။ ဆပ်ဘလတ္တာ က ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲ ဆက်ဝင်ဖို့ ကြိုးပမ်းတာနဲ့ ပတ်သက်ပြီး ဂျာမနီဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌက Wolfgang Niersbach က အခုလို ပြောပါတယ်။

"ဒီအချိန်က သေချာပေါက် အပြောင်းအလဲလုပ်ရမယ့်အချိန်ပါ။ ဘာကြောင့်လဲ ဆိုတော့ ဖီဖာကို ဂုဏ်သိက္ခာရှိပြီး အများလက်ခံနိုင်တဲ့ အဖွဲ့အစည်းတခုဖြစ်ဖို့ ဆိုတာမျိုး ကျနော်တို့အတွက် လိုပါတယ်။ ဖီဖာရဲ့ ထိပ်ပိုင်းမှာ အပြောင်းအလဲ မဖြစ်ခဲရင်တော့၊ အဲဒီလိုဖြစ်ဖို့ ခက်ပါလိမ့်မယ်။"

ဖီဖာရဲ့ အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ မန်ယူအသင်းရဲ့ အမှုဆောင် အရာရှိချုပ်ဟောင်း David Gill ကတော့ တကယ်လို့ မစ္စတာ ဘလတ္တာ ပြန်အရွေးခံရရင် သူ့အနေနဲ့ အမှုဆောင်ကော်မတီဝင် အဖြစ်ကနေ နှုတ်ထွက်မယ်လို့ ပြောလိုက်ပါတယ်။

ဖီဖာရဲ့ လက်ရှိနဲ့ အရင်က တာဝန်ရှိသူ ၁၄ ဦးကို တရားမဝင်လုပ်ငန်းနဲ့ အသက် မွေးမှု၊ ငွေလွှဲပြောင်းခြင်းဆိုင်ရာ မသမာမှု၊ ငွေမည်းခဝါချမှု စတဲ့ စွဲချက် ၄၇ ခုနဲ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေက စွဲချက်တင်လိုက်တာပါ။ အမေရိကန်ဘက်က အခုလို လုပ်တာဟာ မစ္စတာ ဘလတ္တာ နောက်တကြိမ် အရွေးမခံ ရအောင် တားဆီးဖို့ လုပ်တာလို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က တုံ့ပြန်လိုက်ပါတယ်။

"မစ္စတာ ဘလတ္တာကို ဖီဖာဥက္ကဋ္ဌအနေနဲ့ နောက်တကြိမ် အရွေးမခံရအောင် တားဆီးဖို့အတွက် ကြိုးပမ်း လိုက်တယ်ဆိုတာ ရှင်းနေတာပဲ။ သံသယဖြစ်စရာကို မရှိပါဘူး။"

အဂတိလိုက်စားမှု အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး ဖမ်းဆီးလိုက်တဲ့ ၁၄ ယောက်ထဲက ၇ ယောက်ကိုတော့ ဖီဖာရဲ့နှစ်ပတ်လည် ညီလာခံတက်ဖို့ ဇူးရစ်မြို့ကို ရောက်ရှိစဉ် ဆွစ်ဇာလန် အာဏာပိုင်တွေက သူတို့တည်းခိုနေတဲ့ ကြယ်ငါးပွင့် ဟိုတယ်မှာ တက်ပြီး ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ဆွစ်ဇာလန်အာဏာပိုင်တွေကတော့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ရွေးချယ်တာနဲ့ ပတ်သက်ပြီး သီးခြား စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

XS
SM
MD
LG