သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်


လောင်ချာလက်နက်တွေ သယ်ဆောင်လာတဲ့ မြန်မာစစ်သားတွေ ကိုးကန့်ဒေသအတွင်း ကင်းလှည့်နေစဉ်။
လောင်ချာလက်နက်တွေ သယ်ဆောင်လာတဲ့ မြန်မာစစ်သားတွေ ကိုးကန့်ဒေသအတွင်း ကင်းလှည့်နေစဉ်။

မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး မြန်မာ့ တပ်မတော်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။ ကွတ်ခိုင်နဲ့ကျောက်မဲမြို့တို့မှာလည်း တအာန်း ပလောင်တပ်တွေနဲ့ မြန်မာ့ တပ် မတော်တို့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ကချင်ဒေသဘက်မှာလည်း စစ်ရေးတင်းမာမှုရှိနေပါတယ်။ ကိုးကန့်ဒေသဘက်မှာတော့ မနေ့က တိုက်ပွဲ အခြေအနေ ငြိမ်နေပေမယ့် ကုန်းကြမ်းမြို့အနီးမှာ မြန်မာ့တပ်မတော်က နောက်တန်းပြန် တပ်ကားကို ကိုးကန့်လက်နက်ကိုင်တို့ဘက်က တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့မှာလည်း ကိုးကန့်ဒေသဘက်မှာ တိုက်ပွဲတွေဖြစ်ခဲ့ကြောင်း မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းချိန်မှာ ကိုးကန့်လက်နက်ကိုင်တပ် MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက အခုလို စပြောပါတယ်။

“အခုနတုန်းကတော့ ကျနော်ကြားတာတော့ တိုက်ပွဲနည်းနည်းဖြစ်တယ်ပြောတယ်၊ ကျနော် အခြေအနေ မသိရသေးဘူးဗျ။”

မေး။ ။ နောက်ပြီးတော့ မနေ့တုန်းကလည်း သတင်းတွေ ထွက်ပါတယ်၊ ကုန်းကြမ်းဘက်မှာနောက်တန်းပြန်တဲ့စစ်သားတွေ အပစ်ခံရတယ်ဆိုတာရော ဦးထွန်းမြတ်လင်း ကြားပြီးပါပြီလား။

ဖြေ။ ။ ….ကျနော် ကြားတော့ကြားတယ်ဗျ၊ ဒါပေမယ့် အတည်မပြုရသေးဘူး။ ဘယ်တပ်ဆိုတာလည်းမသိဘူး၊ ကျနော်တို့ ဘယ်တပ်ရင်းကလဲ မသိသေးဘူးဗျ။ အခုဟာကတော့ ကျနော်တို့တပ်ကတော့ သေချာပါတယ်။ …ကနေ ပြန်လာတဲ့ စစ်ကားမို့လား အခုပြောတာက၊

မေး။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ မနေ့တုန်းက ကုန်းကြမ်းနားလို့..

ဖြေ။ ။ အော်၊ ဟုတ်ကဲ့။ အဲဒါဆို ကျနော်တို့ဘက်က တိုက်တာ သေချာပါတယ်။

ကိုးကန့်ဒေသ စစ်ရေးအခြေအနေ နောက်ဆုံးရရှိထားတဲ့ သတင်းအရတော့ မြန်မာ့တပ်မတော်ဘက်က လော်ကွာကျိုင်းနဲ့ရှင်ခုတ်ထန် ဒေသတဝိုက်က တောင်ကုန်းတွေကို ထိုးစစ်ဆင်သိမ်းယူနေပြီး ရှင်ခုတ်ထန်ဒေသ မြောက်ဘက်တကြောကို ဆက်ပြီးထိုးစစ်ဆင်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ ကာကွယ်ရေးဝန်ကြီးဌာနဘက်က ကိုးကန့်ဒေသစစ်ရေးအခြေအနေ၊ ကချင်ဘက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေကို သတင်းမထုတ်ပြန်တာမို့ တပ်မတော်ဘက်က အထိအခိုက်ဆုံးရှုံးမှုနဲ့ နောက်ဆုံး ထိုးစစ်တွေ အခြေအနေကိုတော့ မသိရပါဘူး။ ဒါ့အပြင် တပ်မတော်ဘက်ကနေ စစ်ရေးအခြေအနေကို ဖြေကြားမယ့်သူလည်း မရှိပါဘူး။

ကိုးကန့်ဒေသဘက်မှာ ထိုးစစ်တွေရှိနေသလို တနလာၤနေ့မှာလည်း ရှမ်းပြည် ကွတ်ခိုင်နဲ့ ကျောက်မဲမြို့တို့မှာ တအာန်းပလောင်တပ်တွေကို မြန်မာ့ တပ်မတော်က ထိုးစစ်ဆင်ခဲ့တယ်လို့ TNLA ပလောင်တပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ တာအိုက်ကျော်က ပြောပါတယ်။

“ဒီကနေ့ကတော့ နှစ်ပွဲဖြစ်တာပေါ့။ ပထမတပွဲက ကျောက်မဲမြို့နယ်ထဲက မိုင်း…မြို့နယ်ခွဲ၊ ကျောက်ဖြူရွာအနီးမှာ တကြိမ်ဖြစ်တယ်။ ဒီညနေ သုံးနာရီ ကျော်ကျော်လောက်ကျတော့ ကွတ်ခိုင်၊ နမ္ပလင်းရွာအနီးမှာတကြိမ် ပြန် ဖြစ်တယ်။ မနေ့ကတည်း ကွတ်ခိုင်၊ နမ္ပလင်းရွာနားမှာ တကြိမ်ဖြစ်တယ်။ မနေ့ကတော့ သုံး၊ လေးပွဲဖြစ်တာပေါ့နော်။ ကွတ်ခိုင်မြို့နယ်ထဲလည်းဖြစ်တယ်။ နမ့်ခမ်းမြို့နယ်ထဲလည်းဖြစ်တယ်။ ကျောက်မည်းမြို့နယ်မှာလည်း ဖြစ်တယ်။ မူဆယ်မြို့နယ်မှာလည် းဖြစ်တယ်။”

တနင်္ဂနွေနေ့တုန်းကလည်း မန္တလေး-မူဆယ်အသွား လမ်းမကြီးပေါ်က ကွတ်ခိုင်နဲ့နန်းကွတ်ကြားမှာ တအာန်းပလောင်တပ်နဲ့ မြန်မာအစိုးရတပ်တို့ကြားတိုက်ပွဲဖြစ်တာကြောင့် ကားလမ်းပေါ်ကခရီးသည်တွေ လမ်းဘေး ရေမြောင်းတွေထဲမှာ တိုက်ပွဲရှောင်ခဲ့ရပါတယ်။ ဒီတိုက်ပွဲတွေအတွင်း အကျအဆုံးတွေကိုတော့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ တာအိုက်ကျော်က အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ အဓိက-က အခြေစိုက်တပ်စခန်းတော့ မရှိဘူး။ မိုဘိုင်းတပ်စခန်းပဲရှိတယ်။ အထူးသဖြင့် ကျနော်တို့ နေရာယူထားတဲ့ကုန်းတွေမှာ သူတို့ ထိုးစစ်တက်ပြီးမှ ကျနော်တို့အဖွဲ့နဲ့ ထိပ်တိုက်တွေ့တဲ့ပုံစံ ဖြစ်နေတယ်။ ဒီကနေ့ကတော့ ကျောက်မည်းဘက်က အစိုးရတပ်ဘက်က နှစ်ဦးကျတယ်။ ကျနော်တို့ဘက်ကတော့ ကျဆုံးမှုတော့ မရှိဘူး။ မနေ့က တိုက်ပွဲက မူဆယ်မှာ ဖြစ်တဲ့ဟာက အစိုးရတပ်ဘက်က ၇ ဦးကျတယ်။ နမ့်ခမ်းမြို့နယ်ထဲက တဦးကျတယ်။ အားလုံးပေါင်း ၈ ဦးပေါ့နော်၊ မူဆယ်မြို့နယ်မှာဖြစ်တဲ့အဖွဲ့နဲ့ အစိုးရတပ်ဘက်က ၁၀ ဦးကျော် ဒဏ်ရာရတယ်လို့တော့ ကြားတယ်ခင်ဗျ။”

အကျအဆုံး ထိခိုက် ဒဏ်ရာရမှုတွေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက်တွေတော့ မရှိပါဘူး။ ကချင်ပြည်နယ် မန်စီမြို့နယ်ထဲက ကေအိုင်အေ တပ်မဟာ ၃ ရဲ့ ရှေ့တန်း တပ်စခန်းတခုကိုလည်း တနင်္ဂနွေနေ့မှာ မြန်မာအစိုးရရဲ့တပ်မ ၈၈ က အင်အား ၁ဝဝ လောက်သုံးပြီး တိုက်ခိုက်ခဲ့သလို လေကြောင်းကနေလည်း တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေကို ဆက်သွယ်လို့မရသလိုမြန်မာအစိုးရဘက်ကတော့ ဒီတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးတာကြောင့် တနလာၤနေ့ ကချင်ဒေသ စစ်ရေးအခြေအနေတွေကိုတော့ မသိရှိရသေးပါဘူးရှင်။

XS
SM
MD
LG