သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DKBA တပ်အချိုု့ မြန်မာ စစ်တပ်နဲ့တိုက်ပွဲဖြစ်


မြန်မာအစိုးရတပ်တွေနဲ့ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်တို့ မွန်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ အပြင်းအထန်ဆက်ဖြစ်နေသလို ကျိုက်မရောမြို့နယ်မှာရှိတဲ့ DKBA တပ်မှူးတစ်ဦးရဲ့မိသားစုကိုလည်း လာရောက်ဖမ်းဆီးသွားပါတယ်။ မြဝတီမြို့မှာတော့ စစ်တပ်နဲ့ရဲအပါအဝင် အဖွဲ့စုံကနေ KNU-KNLA ငြိမ်းချမ်းရေးကောင်စီက တပ်ဖွဲ့ဝင်တွေရဲ့အိမ်တွေကို ဝင်ရောက်ရှာဖွေတာလည်း ရှိခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရွှေဝါပြောင်ရွာနဲ့ ငါးပြေမရွာကြားမှာ တနင်္ဂနွေနေ့ ၉ နာရီကျော်ကစပြီး တနေ့လုံးနီးပါး နှစ်ဘက် ဆက်တိုက် ပစ်ခတ်နေခဲ့ကြကြောင်းနဲ့ DKBA တပ်တွေကို မြန်မာစစ်တပ်ဘက်က စစ်ကြောင်းအင်အားများများနဲ့ ပိတ်ဆို့တိုက်ခိုက်နေကြောင်း DKBA ဗျူဟာမှူး ဗိုလ်မှူး စောဆန်းအောင်က ဆိုပါတယ်။

“ငါးပြေမ (ရွာ) တဖက်ခြမ်းပေါ့။ မနေ့ကဖြစ်တဲ့ ရွှေဝါပြင်နဲ့ ငါးပြေမကြားမှာ။ ညဘက် ၉ နာရီကျော်ကနေပြီးတော့ ပစ်လိုက်၊ နားလိုက်ပေါ့။ သူတို့အင်အားကတော့ များတယ်လေ။ စစ်ကြောင်းက လေးဘက်လေးတန်ထိုးတယ်။ ဒီနေ့ ကျနော်တို့ရဲ့ ဗိုလ်ကြီးဝင်းဇော်ပေါ့။ ဗိုလ်ကြီးဝင်းဇော်ရဲ့ အမျိုးသမီးပေါ့။ သူ့အမျိုးသမီးရဲ့ မောင်တယောက်ကို ဖမ်းသွားတယ်။ တပ်ပိုင်းကလေ၊ ကျနော်တို့ရဲ့ DKBA အဖွဲ့ဝင်အမျိုးသမီးပဲ၊ သူ့မောင်လေးတယောက်ကို ဖမ်းသွားတယ်။ ၂ ယောက်ပေါ့။ သူ့နို့စို့ကလေးပါတယ်။ အကုန်လာဖမ်းသွားတယ်။ မဖြစ်ခင်ကလည်း သူ့အိမ်ကို တက်မွှေသွားတယ်။”

အခုပစ်ခတ်မှုတွေဟာ နားလည်မှုလွဲတဲ့ ထိတွေ့မှုမဟုတ်ဘဲ နှစ်ဘက်ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်လာတဲ့အခြေအနေဖြစ်ပါတယ်။ နှစ်ဘက်လုံးက ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး မထိခိုက်အောင် ဘယ်လို ဖြေရှင်းကြမယ်ဆိုတဲ့ ညှိနှိုင်းမှုတွေတော့ မကြားရသေးပါဘူး။ မကြာသေးခင်တုန်းကတော့ ခွဲထွက်ပြီး ကွဲပြားနေကြတဲ့ ကရင်တပ်ဖွဲ့တွေအချင်းချင်း ကော်မတီဖွဲ့စုစည်းမှုတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ တွဲဘက်အတွင်းရေးမှူး (၁) ဖဒို သောသီကတော့ ဒီကာလမှာ လူထုမနစ်နာစေရအောင် နှစ်ဘက်လုံးက ဆင်ခြင်ကြဖို့နဲ့ သူ့တို့တပ်ဖွဲ့တွေကြား ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

“ငြိမ်းချမ်းရေးလုပ်တဲ့ကာလမှာတော့ ဒီလိုမျိုး သေနတ်ပေါက်တာမျိုးတွေတော့ မဖြစ်သင့်တဲ့အရာပေါ့။ သို့သော်လည်းပဲ အထစ်အငေါ့လေးတွေ ရှိနေတဲ့အရာကိုတော့ ကျနော်တို့ DKBA ပဲဖြစ်ဖြစ်၊ Peace council ပဲဖြစ်ဖြစ်၊ KNLA ပဲဖြစ်ဖြစ် - စည်းလုံးညီညွတ်မှုကို တည်ဆောက်နေတဲ့ လက်နက်ကိုင်အုပ်စုတွေကို စုစည်းနိုင်တဲ့ ကော်မတီတရပ်လည်း ရှိထားပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ နောက် ကျနော်တို့ဘက်က တပ်ချုပ်တွေလည်းပဲ အဲဒီကိစ္စ ဝိစ္စတွေကိုတော့ ဆောင်ရွက်သွားလိမ့်မယ်လို့တော့ မျှော်လင့်တာပဲ။ အစိုးရဘက်ကရော၊ နောက်ပြီးတော့ DKBA ဘက်ကရောပေါ့ - ဒါမျိုးတွေတော့ နှစ်ဘက်လုံးက ဆင်ခြင်ဖို့လိုတာပေါ့။ အထူးသဖြင့် စိုးရိမ်ကြောက်လန့်နေရမယ့်သူကတော့ ပြည်သူလူထုတွေပါပဲ။ အဲဒီလို အခင်းဖြစ်တာတွေတော့ မဖြစ်သင့်ဘူးလို့ ပြောချင်တာပေါ့။”

KNU တပ်မဟာ ၃ နယ်မြေမှာလည်း ဒီရက်ပိုင်းအတွင်း ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့ကြောင်း၊ စက်တင်ဘာလထဲမှာပဲ တပ်မဟာ (၅) နယ်မြေထဲမှာ ထိတွေပစ်ခတ်မှုတွေ ရှိခဲ့တဲ့အတွက် ထူးခြားမှုတွေရှိတဲ့အကြောင်းKNU စစ်ဦးစီး ပထမတန်း ဗိုလ်ချုပ် မယ့်အေစိန်ကလည်း ဆိုပါတယ်။

“အခုပစ်တဲ့ပုံစံကလည်း စပြီးတော့ ဖန်တီးလာတဲ့သဘောတော့ရှိတယ်။ ဘာဖြစ်လို့ဆို အသေးစိတ် DKBA ကို တောက်လျှောက် --ဖြစ်တယ်။ ပြီးတော့ အခုဟာတော့ --- တပ်မဟာ ၃၀ လည်းဖြစ်တယ်။ နည်းနည်းတော့ စဉ်းစားရမှာပေါ့။ --- ဖြစ်တာက တောက်လျှောက်ဆက်ဖြစ်တယ်ဆိုတော့ နည်းနည်းတော့ ထူးတော့ထူးတယ်။ ပြီးတော့ သတင်းအရလည်း ကားတွေဘာတွေ တက်လာတယ်။”

မြဝတီမြို့၊ မြေနီကုန်းရပ်ကွက်မှာတော့ တနင်္ဂနွေနေ့မနက်ပိုင်းကစပြီး အပစ်ရပ် နောက်တဖွဲ့ဖြစ်တဲ့ KNU-KNLA ငြိမ်းချမ်းရေးကောင်စီက တပ်ဖွဲဝင်တွေရဲ့ အိမ်တွေကို စစ်တပ်နဲ့ ရဲ အပါအဝင် အဖွဲ့စုံက လိုက်လံရှာဖွေခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောပြပါတယ်။

“--အဖွဲ့ဝင်တွေရှိတဲ့အိမ်တွေကို သူတို့က လက်နက်နဲ့--- သူတို့က အိမ်တွေမှာက ကာယကံရှင်တွေက အဲဒီအချိန်မှာ မရှိကြတော့ဘူးလေ။ ကာယကံရှင်တွေက မရှိကြတဲ့အခါကျတော့ အိမ်တွေကို ပိတ်ပြီးထားတော့ အဲဒီ ပိတ်ထားတဲ့အိမ်တွေကိုပဲ အတင်းဝင်ရှာတာပေါ့။ အဲဒီ အိမ်ရှင်တွေက မရှိကြတဲ့အခါကျတော့ သူတို့ ယူနီဖောင်းလေးတွေ တွေ့တယ်။ အဲဒါလေးတွေတွေ့ပြီးတော့ ရရာလေးတွေယူပြီးတော့ ပြန်သွားတာပေါ့။”

ဒိကေဘီအေနဲ့မြန်မာအစိုးရတို့ဟာ ထိတွေမူထက်ပိုတဲ့ ၃ ရက်ဆက်တိုက် နာရီအတော်ကြာ ပစ်ခတ်မူတွေ ရှိနေတဲ့အတွက် ငြိမ်းးချမ်းရေးနဲ့အပစ်အခပ်ရပ်စဲရေးပျက်ပြားသွားပြိလားဆိုတဲ့ အမေးကိုတော့ ဒိကေဘီအေဘက်က ယုံကြည်မူတွေ တည်ဆောက်ဖို့ခက်ခဲသွားတဲ့အခြေအနေရှိတယ်လို့ သာပြောဆိုခဲ့ပြိး ကရင်ပြည်နယ်အစိုးရဘက်က တာဝန်ရှိသူတွေကိုတော့ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူးရှင်။

XS
SM
MD
LG