သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂ လအတွင်း မီးလောင်ဆုံးရှုံးမှု ၂၀၁၅ တနှစ်လုံးထက်ပိုများ


(Photo- MOI)
(Photo- MOI)

ပူပြင်းခြောက်သွေ့တဲ့ နွေရာသီ မရောက်ခင်မှာ မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ မီးလောင်မှုတွေကြောင့် ဆုံးရှုံးမှုတွေက မနှစ်က တနှစ်ပတ်လုံးထက် ပိုများနေတဲ့အကြောင်း မြစ်မခသတင်းအေဂျင်စီက ကိုကောင်းမြတ်ဖြိုးက တင်ပြပေးပါထားပါတယ်။
၂၀၁၆ ဇန်နဝါရီလကနေ ဖေဖော်ဝါရီ လလယ်အထိ မီးလောင်လို့ ဆုံးရှုံးခဲ့တဲ့ တန်ဖိုးဟာ ကျပ်သန်းပေါင်း လေးသောင်းနီးပါးရှိနေပြီး ၂၀၁၅ တနှစ်လုံး မီးလောင်လို့ ဆုံးရှုံးခဲ့တဲ့ တန်ဖိုးထက်တောင် ၁၀ ဆကျော် များပြားနေပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ တနိုင်ငံလုံး မီးလောင်မှုပေါင်း နှစ်ထောင်နီးပါး ဖြစ်ပွားခဲ့ပါတယ်။ အခု ၂၀၁၆ နှစ်ဆန်းပိုင်းမှာတော့ မီးလောင်မှုပေါင်း ၂၀၀ နီးပါး ရှိနေပြီး အများစုကတော့ ပေါ့ဆမီးတွေကြောင့် ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးသော်တာကတော့ မီးလောင်ကျွမ်းမှုတွေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။
ဦးသော်တာ။ ။ “မီးဖိုမီးကြောင့်လောင်တာ၊ လျှပ်စစ်ကြောင့်လောင်တာတွေ ၈၅ - ၉၀% လောက်က ပေါ့ဆလို့လောင်တာတွေ ဖြစ်တဲ့အတွက် အားလုံးက သတိ ဝိရိယနဲ့ ၊ ကျနော်တို့ သတိရှိရှိနဲ့ ကျနော်တို့က လုပ်ကိုင် ဆောင်ရွက်သွားကြဖို့။”
ဆောင်းရာသီ မကုန်သေးခင်မှာပဲ မြန်မာနိုင်ငံရဲ့ နေ့အပူချိန်ဟာ ၄၀ စင်တီဂရိတ် ကျော်လာနိုင်တဲ့အတွက် နွေရာသီမှာ အပူချိန် ဘယ်လောက်အထိ မြင့်နိုင်မလဲဆိုတာကတော့ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ခံစားနေရတဲ့ El Nino ရာသီဥတုဟာ အလွန်ပူပြင်း ခြောက်သွေ့စေတတ်တာကြောင့် မီးဘေးအန္တရာယ်ကို အထူးသတိထားကြဖို့ လိုတယ်လို့လဲ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက ပြောဆိုထားကြပါတယ်။
အဲဒီလို အပူချိန် မြင့်တက်နေတဲ့အတွက် မီးလောင်မှုတွေဖြစ်လာရင် ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဒုတိယ ညွန်ကြားရေးမှူး ဦးဆောင်ဆွေဝင်းက အခုလို ပြောပါတယ်။
ဦးအောင်ဆွေဝင်း။ ။ “ပေးခဲ့တဲ့အချိန်လေးမှာ ငြိမ်းသတ်နိုင်ဖို့အတွက် ဒီ သက်ဆိုင်ရာ ကာယကံရှင်၊ ဒါမှမဟုတ်လည်း စတင် တွေ့ရှိသူကပေါ့နော်၊ ကိုယ့်ဆီမှာ အသင့်ဆောင်ထားတဲ့ မီးသတ်ဆေးဗူး၊ ဒါမှမဟုတ် ရေပုန်းပေါ့နော်၊ ဒါမှမဟုတ်လဲ ရရာပစ္စည်းတွေနဲ့ ငြိမ်းသတ်လို့ရှိရင် ဒါဟာ လွယ်လွယ်ကူကူနဲ့ ငြိမ်းသွားမှာပါ။ အဲဒီလို လွယ်လွယ်ကူကူနဲ့ ငြိမ်းသွားနိုင်အောင်အတွက် ကျနော်တို့ အိမ်တွေမှာ၊ နေရာတိုင်းမှာ ရှိသင့် ရှိထိုက်တဲ့ မီးဘေး ကြိုတင် ကာကွယ်ရေး ပစ္စည်းတွေပေါ့၊ ဥပမာ ထင်ထင်ရှားရှားဆိုရင် မီးသတ်ဆေးဗူးပေါ့နော်၊ အခုခေတ်နဲ့ဆိုရင် ဒါ ပြည်သူတွေလည်း မီးသတ်ဆေးဗူးကို ဆောင်ထားသင့်ပါပြီ။”
ဒီနှစ်ဆန်းပိုင်းမှာဆိုရင်တော့ ကြီးမားတဲ့ မီးလောင်မှုတွေဟာ ရန်ကုန်မြို့ မင်္ဂလာဈေး၊ လပွတ္တာမြို့၊ နမ့်ဆန်မြို့၊ တနင်္သာရီတိုင်း ပုလောမြို့က ကျိုက်ကာကျေးရွာ မီးလောင်မှုတွေပဲ ဖြစ်ပါတယ်။ အဲဒီမီးလောင်မှုတွေကြောင့် နေအိမ်နဲ့ ဆိုင်ခန်းပေါင်း ၂,၀၀၀ ကျော် ပျက်ဆီး ဆုံးရှုံးခဲ့ပါတယ်။
မီးလောင်ခဲ့ပြီဆိုရင်တော့ ခံစားရတဲ့သူတွေဟာ အနဲနဲ့ အများကတော့ ဒုက္ခရောက်ကြပါတယ်။ နမ့်ဆန်မြို့လိုမျိုး မီးလောင်ခဲ့ပြီဆိုရင်တော့ အရင်လို ပြန်ဖြစ်ဖို့အတွက် ပြန်လည်ထူထောင်ရေးကို အချိန်ယူပြီး လုပ်ဆောင်ရတော့မှာပါ။
ဒါကြောင့် မီးဘေးအန္တရာယ်ကို ကြိုတင် ကာကွယ်ဖို့အတွက် ဘာတွေလုပ်သင့်တယ်ဆိုတာကိုလည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဒုတိယညွန်ကြားရေးမှူး ဦးအောင်ဆွေဝင်းက အခုလို ပြောပါတယ်။
ဦးအောင်ဆွေဝင်း။ ။ “ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေကို ဆောင်ထားခြင်းဖြင့် တန်ဖိုးများတယ်လို့ တချို့တွေက ထင်ကြပါတယ်။ တကယ်တမ်းကျတော့ ဒီကုန်ကျစားရိတ်က မီးလောင်ဆုံးရှုံးမှုနဲ့ နှိုင်းယှဉ်လို့ရှိရင် ဘာမှ မပြောပလောက်ပါဘူး။ အင်မတန်မှ နဲပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ မီးဘေးကာကွယ်ရေးအတွက် ဒီ သုံးစွဲတဲ့ငွေဟာလည်း အကျိုးရှိစွာ ရင်းနှီးမြုပ်နှံခြင်းဖြစ်ပါတယ်။ မီးဘေး ကြိုတင်ကာကွယ်ရေးပစ္စည်းတွေ ထားရှိခြင်းအားဖြင့် ကျနော်တို့ ရရှိတဲ့အကျိုး ကျေးဇူးတွေဟာ အများကြီးပါ။ အဲဒီအထဲမှာမှ ကျနော် ထင်ရှားတဲ့ သာဓက (၂) ခုကို တင်ပြလိုပါတယ်။ ပထမတခုကတော့ မိမိရဲ့ စည်းစိမ်ဥစ္စာကို လုံခြုံစေပါတယ်။ ဒုတိယတချက်ကတော့ သူတပါးရဲ့ စည်းစိမ်ဥစ္စာကို ချမ်းသာရာ ရစေပါတယ်။”
ရန်သူမျိုး (၅) ပါးထဲမှာ တပါးအပါအဝင်ဖြစ်တဲ့ မီးဘေးကတော့ ခံစားရတဲ့သူတွေအတွက် မသက်သာလှပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ ပညာရှင်တွေက ဒီနှစ် နွေရာသီအတွက် မီးဘေးကို ကြိုတင် ကာကွယ်ထားကြဖို့ တိုက်တွန်းနေကြပါတယ်။

XS
SM
MD
LG