သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးကြောင့် ဒုက္ခသည် ၆ သိန်းရှိပြီ


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဘုန်း ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ရေဘေးဒက္ခသည်များ။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဘုန်း ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ရေဘေးဒက္ခသည်များ။

မြန်မာနိုင်ငံတဝှမ်းမှာ ရေဘေးဒုက္ခသည်ပေါင်း ၆ သိန်းကျော်ရှိသွားပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ပြောပါတယ်။ အခုချိန်ထိ ရေဘေးဒဏ်ကြောင့် သေဆုံးခဲ့သူ ၁၀၀ နီးပါးရှိတဲ့အထဲက ထက်ဝက်ကျော်ဟာ ရခိုင်ပြည်နယ်ကဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က အကြောင်းစုံကို တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း ရေဘေးဒဏ်သင့်နေတဲ့ ပြည်နယ်နဲ့တိုင်း ၁၂ ခုမှာ အခုဆိုရင် ရေဘေးဒုက္ခသည်စုစုပေါင်း ၆ သိန်း ကျော် ရှိသွားပြီလို့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်တာပါ။ ရေဘေးကြောင့် သေဆုံးခဲ့ရသူ ၁၀၀ နီးပါးရှိ သွားပြီလို့လည်း လူမှုဝန်ထမ်း ကယ်ဆယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ကယ်ဆယ်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

“ရေဘေးသင့်တဲ့ပြည်သူ ၆ သိန်းကျော်လောက် ရှိတယ်။ ရေဘေးသင့်ဆိုတာ ရေကြီးတဲ့ဒေသမှာရှိတဲ့ပြည်သူတွေကို ပြောတာပေါ့နော်။ အမှန်မှာ ပြောင်းရွှေ့တာဆိုရင် တသိန်း ၂ သောင်းကျော်ပဲရှိတယ်။ ဒီနေ့စာရင်းကတော ညနေမှ မိုးချုပ်လောက်မှရတာ။ သေဆုံး (၉၆) ယောက်၊ တနိုင်ငံလုံးကလေ။ ရခိုင်ပြည်နယ်ဆိုလို့ရှိရင် (၅၆) ယောက်ပါ။ စစ်ကိုင်းတိုင်းမှာဆိုရင် (၇) ယောက်။ မကွေးမှာ (၂) ယောက်။ ကချင်မှာ (၁) ယောက်၊ ရှမ်းမှာက (၆) ယောက်။ နောက် မန္တလေးမှာ ၁၁ ယောက်။ ချင်းမှာက (၄) ယောက်။ ပဲခူးဘက်မှာက (၂) ယောက်ပေါ့- သေဆုံးပေါ့။”

အိမ်ခြေ ၁၈၀ လောက်ရှိတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် နားပဲ့ချောင်းကျေးရွာမှာ လူအသေအပျောက်မရှိပေမယ့် ဘေးပတ်ဝန်းကျင်ရွာတွေ မှာ သေဆုံးမှုတွေရှိခဲ့တယ်လို့နားပဲ့ချောင်းရွာ ကျောင်းတိုင်ဆရာတော်က ခုလိုမိန့်ပါတယ်။

“ဦးဇင်းတို့ရွာမှာတော့ လူအသေအပျောက်တော့မရှိဘူးပေါ့နော်၊ ဒါပေမယ့် အဲဒီ မြောက်ဦးမြို့နယ်၊ ငါးခူတောင် ကျေးရွာမှာတော့ လူ သုံးယောက် သေတယ်လို့ပြောတယ်။ နောက်တရွာက ကမ်းသေ သရက်တောကျေးရွာ။ အဲဒီရွာမှာလည်း လူ ၂ ယောက် သေတယ်လို့ ပြောသံကြားတယ်။ နောက်တရွာက ကြက်မကျယ်ကျေးရွာလို့ ခေါ်တယ်။ အဲဒီရွာမှာက တယောက်၊ နောက်တရွာက ငါးဆလိုက်ချောင်း မင်းရွာပါ့- အဲဒီမှာ လူ ၇ ယောက် သေတယ်လို့ ပြောသံကြားတယ်။”

ရခိုင်ပြည်နယ် နယ်စပ်ဒေသဖြစ်တဲ့ ရသေ့တောင်မြို့နယ် ပန်ဇင်းမော်ကျေးရွာမှာတော့ တံတားတွေအားလုံး ကျိုးပျက်ကုန်တာကြောင့် အခြား ကျေးရွာတွေနဲ့ လမ်းပန်းဆက်သွယ်ရေးလုံးဝ ပြတ်တောက်နေတယ်လို့ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ရသေ့တောင်မြို့နယ်ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောပါတယ်။

“အပျက်အစီးတွေကတော့ အိမ် ၅ လုံးဆို ခေါင်မိုးတွေရော အကုန်လုံး ကျွတ်ပါသွားတယ်။ အိမ် မရှိတော့ဘူး၊ တိုင်ငုတ်တွေပဲ ကျန်ခဲ့တော့တယ်ခင်ဗျ။ လိုတာကတော့ ဆေးဝါးတွေလိုတယ်၊ အိမ်တွေ ပြုပြင်ဖို့လိုတယ်။ ပိုက်ဆံမရှိဘူး၊ အိမ်တွေဘာတွေ မဆောက်ရဘူးပေါ့။ သစ်တွေ၊ ဝါးတွေမရှိဘူးပေါ့။ ပြီးတော့ ပုဇွန်ကန်လုပ်နေတဲ့လူတွေကလည်း ဘာမှကိုမရှိဘူးပေါ့။ အကုန်လုံး ဆုံးရှုံးသွားတဲ့ဟာတွေရှိတယ်။ လိုအပ်တာကတော့ ကျနော်တို့ ရသေ့တောင်မြို့နယ်၊ ပန်ဇင်းမော်မှာ တကယ့်တကယ် လမ်းပမ်းဆက်သွယ်ရေး ဘာမှ မရှိဘူး၊ တံတားတွေ အကုန်လုံး ပြိုလဲသွားလို့။ ကျနော် လွှတ်တော်က အမတ်တွေကို တောင်းဆိုထားတယ်။ ပန်ဇင်းမော်ကနေ ကျန်တဲ့ရွာ ဘယ်ရွာကိုမှ သွားလာလို့မရဘူး။”

ဒီလို ဒုက္ခတွေရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် သဘာဝဘေးအန္တရာယ် အရေးပေါ်စီမံခန့်ခွဲမှု ဗဟိုဌာနက ကူညီ ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့နေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

“အခုအချိန်အထိလောက်ကတော့ စားသောက်ရေးအတွက် ဆန်တို့၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်။ အသင့်စား နိုင်တဲ့ အစားအစာတွေပေါ့နော်၊ ဆေးဝါးတို့၊ ရေသန့်ဆေးပြားတို့။ ဆေးဝါးတွေ အကုန်ပေးတယ်။ နောက် အဝတ် အထည်တွေ၊ စောင်တို့၊ ခြင်ထောင်တို့၊ အိပ်ယာတွေရယ်၊ အစားအသောက်တွေကတော့ အဓိကပေါ့ ပေးနေရတယ်။”

ဒါပေမယ့် အစိုးရရဲ့ကူညီထောက်ပံ့ရေးပစ္စည်းတွေ အခုချိန်ထိ သူ့တို့ရွာတွေကိုရောက်မလာသေးဘဲ ပုဂ္ဂလိကအလှူရှင် တချို့ကသာ ကူညီနေတာမျိုးပဲ ရှိတယ်လို့ နားပဲ့ချောင်းရွာ ကျောင်းတိုင်ဆရာတော်က မိန့်ပါတယ်။

“ရေတွေကတော့ တကာကြီးရယ်၊ အကုန်လုံးကျသွားပြီ။ လယ်ကွင်းတွေရော၊ ရွာတွေကော အကုန်လုံး၊ လမ်းတွေရော အကုန်လုံးကျသွားပြီ။ ဘယ်လိုအခြေအနေဖြစ်ပျက်နေလဲဆိုတော့ လူတကာ စားဝတ်နေရေး၊ ဆန်လည်းရှားတယ်။ နောက်တခုက သောက်ဖို့ရေ မရှိဘူးဖြစ်နေတယ်။ အစိုးရက တိုက်ရိုက်လာလှူတာတော့ မရှိသေးဘူး ပေါ့နော်။ ဒီ မင်းပြားမြို့နယ်မှာဆိုရင်တော့ ဗိုလ်မှူးဦးစံရွှေအာင်က ပေးနေတယ်လို့ ပြောသံကြားတယ်။ သူက မင်းပြားတောင်းပိုင်းမှာ ပေးနေတယ်လို့ အဲလိုကြားတယ်။ ဦးဇင်းတို့ရွာကိုတော့ မရောက်ဘူး။ တိုက်ရိုက်ရောက်တာကတော့ မေတ္တာမျှဝေ ရခိုင်လူမှုကွန်ယက် အသင်းပေါ့နော်။ အဲဒါကတော့ ရွာကိုတော့ တိုက်ရိုက် မရောက်ဘူး တကာကြီး။ ဒါပေမယ့် ဦးဇင်းတို့ ရွာက စက်လှေနဲ့ ဆန်အိတ်တွေကို သွားယူရတယ်။ အရေးပေါ်လိုနေတာကတော့ ရေနဲ့ဆန်ပေါ့။”

အရေးပေါ် ကူညီထောက်ပံ့ရေးပစ္စည်းတွေဟာ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းတွေဆီပေးပို့ထားတာဖြစ်ပြီး ပြည်သူတွေ လက်ထဲရောက်အောင် လုပ်ဆောင်နေတယ်လို့ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

“အခုကတော့လေ၊ တော်တော်လေးတော့ ရောက်နေကြပါပြီ။ ကျမတို့ သိသလောက်ပေါ့နော်။ ကျမတို့ကကျတော့ ဒီကနေ ပစ္စည်း ထောက်ပံ့တဲ့အပိုင်းဆိုတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို ပေးလိုက်တယ်။ ရေဘေးသင့်ပြည်သူတွေအတွက်ကတော့ သူ့ရဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ အစီအစဉ်နဲ့ သွားတာဆိုတော့လေ။ တကယ် လက်တွေ့မြေပြင်မှာ ထောက်ပံ့တဲ့အပိုင်းကျတော့ အစိုးရအဖွဲ့တွေဆီမှာ ပိုပြီးတော့ တိကျပါတယ်။ သူတို့ပြောမယ်ဆိုရင်လေ။ ဒါပေမယ့် ကျမတို့သိသလောက်ကလည်း သူတို့ တော်တော်များများကို ရောက်အောင်တော့ သွားပြီးတော့ ပို့နေပါတယ်။”

ရေဘေးသင့်ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ပြည်နယ်နဲ့ တိုင်းအစိုးရတွေက တင်ပြလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ပြည်ထောင်စုအစိုးရရဲ့ ဝန်ကြီးဌာနတွေအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ပေးသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

XS
SM
MD
LG