သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးဒုက္ခသည်တွေ မဲပေးနိုင်ရေး ထိရောက်တဲ့ပညာပေးမှုလိုအပ်


Flood in Magwe
Flood in Magwe

ရေဘေးသင့်ဒေသတွေမှာနိုဝင်ဘာလ ရွေးကောက်ပွဲအမှီ မဲပေးနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာ ထားပါတယ်။ ဒါပေမဲ့ ရေဘေးသင့်ပြည်သူတွေအနေနဲ့ တကယ်ပဲရွေးကောက်ပွဲမှာ မပျက်မကွက်မဲပေးနိုင်ဖို့ဆိုရင် ရွေးကောက်ပွဲကော်မရှင်ဘက် အောက်ခြေအဆင့်ထိ ကျယ်ကျယ်ပြန်ပြကန့် ထိထိရောက်ရောက် ပညာပေးလုပ်ဆောင်ဖို့လိုနေသေးတယ်လို့ ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေကပြောပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံ ဆက်ပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း မုတ်သုန်မိုးသည်းထန်ပြီး ရေဘေးသင့်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး စီစဉ်ဆောင်ရွက်နေတယ်လို့ သြဂုတ်လ (၄) ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်ရဲ့ကြေညာချက်မှာဖေါ်ပြထားတာပါ။

ဒါ့အပြင် သြဂုတ်လကုန်ပိုင်းလောက်မှာ အတည်ပြု မဲစာရင်းတွေကို ထုတ်ပြန်ကြေညာမှာဖြစ်တဲ့အတွက် မဲဆန္ဒရှင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ (၁၄) ရက်အတွင်းမဲစာရင်းမှာ အမည်ထည့်ပေးဖို့တောင်းဆိုတာ၊ မဲစာရင်းနဲ့စပ်လျဉ်းတဲ့ ကန့်ကွက်လွှာတင်သွင်းတာ၊ ပုံစံ မဲစာရင်းနဲ့စပ်လျဉ်းတဲ့ပြင်ဆင်လွှာ တင်သွင်း တာတွေ လုပ်ဆောင်ခွင့်ရှိနေကြောင်း ရွေးကောက်ပွဲကော်မရှင်ရဲ့ကြေညာချက်ထဲမှာ ပြောထားပါတယ်။

ဒါပေမဲ့ လက်ရှိရေဘေးဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက် ရွေးကောက်ပွဲကော်မရှင်က ကြေညာချက် ထုတ်ပြန်ရုံနဲ့မလုံလောက်ဘဲ ရေဘေးသင့် ဒေသတွေအထိ ကျယ်ကျယ်ပြန့်ပြန့် သွားရောက်ပညာပေး စာရင်းကောက်ယူဖို့လိုနေတယ်လို့ စစ်ကိုင်းတိုင်းနဲ့ဧရာဝတီတိုင်း ရေဘေးသင့်ဒေသတွေကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဓါတ်ပုံသတင်းထောက် ကိုစိုးဇေယျထွန်းကပြောပါတယ်။

“လူအများသိအောင်တော့ အောက်ခြေအထိဆင်းပြီးတော့မှ သူတို့ စည်းရုံးပညာပေးသင့်တာပေါ့နော်။ ဒီအတိုင်းဆိုရင်တော့ တောသူတောင်သားကတော့ မသိလိုက်မသိဖာသာပဲ သူတို့နေလိုက်ကြမှာပေါ့။ အဲဒါတွေကျတော့ သူတို့ကတော့ ဒီဥစ္စာတွေတော့အဲလောက်ကြီးအထိတော့ ……”

ရေဘေးဒုက္ခမရောက်ခင်ရွေးကောက်ပွဲကော်မရှင်က အရင်ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းတွေမှာ မှားယွင်းမှု အများအပြားရှိခဲ့တာကြောင့်အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ထောက်ပြဝေဖန်ထားပါတယ်။ ဒါကြောင့် သြဂုတ်လကုန်ပိုင်းမှာ ထုတ်ပြန်မယ့် မဲစာရင်းတွေ မှန်မမှန်ဆိုတာကိုလည်း စောင့်ကြည့်ဖို့လိုတယ်လို့ ကိုစိုးဇေယျထွန်းက ပြောပါတယ်။

အစိုးရက လက်ရှိတရားဝင်ထုတ်ပြန်ချက်စာရင်းတွေအရ တိုင်းနဲ့ပြည်နယ်အနှံ့ ရေကြီးမှုကြောင့် ရေဘေး ဒုက္ခသည်ဦးရေ (၆) သိန်းကျော်ရှိပြီး သေဆုံးသူ ဦးရေ (၁၀၀) နီးပါးလောက်ရှိသွားပြီဖြစ်ပါတယ်။ ဒါကြောင့် နိုဝင်ဘာလ (၈) ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲကို ထိခိုက်မှုရှိနိုင်၊ မရှိနိုင်အခြေအနေနဲ့ ပတ်သက်လို့ ကိုစိုးဇေယျထွန်းက သူ့အမြင်ကို အခုလိုပြောပါတယ်။

စေတုတ္တရာမြို့နယ်၊ ငလဲရွာ ရေကျပြီးနောက်မြင်ကွင်း။ (သြဂုတ် ၉၊ ၂၀၁၅။ ဓာတ်ပုံ-ကိုသာကူ)
စေတုတ္တရာမြို့နယ်၊ ငလဲရွာ ရေကျပြီးနောက်မြင်ကွင်း။ (သြဂုတ် ၉၊ ၂၀၁၅။ ဓာတ်ပုံ-ကိုသာကူ)

“နိုဝင်ဘာလဆိုတော့ နည်းနည်းတော့ လိုတော့ လိုသေးတာပေါ့။ ဒီအချိန်အတွင်းမှာတော့ အဆင်သင့် ဖြစ်မယ်လို့တော့ ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရေကြီးတယ်ဆိုတာ ကလေးတို့၊ …..လွဲလို့ရှိရင် တော်တော်များများက ရေလွှမ်းသွားတာပဲရှိတယ်၊ ပြီးတဲ့အခါကျတော့ လူတွေ၊ အိုးအိမ်တွေ အဲလောက် ကြီး အကြီးအကျယ် ထိခိုက်ပျက်စီးသွားတာမျိုးတော့ မရှိဘူးပေါ့နော်။ အဓိကပျက်စီးသွားတာ လယ်ယာမြေတွေတို့၊ ပြီးတော့ သူတို့ရဲ့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေပေါ့နော်။ အိုးအိမ်တွေ ပျက်စီးသွားတာ မရှိတဲ့အတွက်ကြောင့် ရွေးကောက်ပွဲကို ထိခိုက်လိမ့်မယ်လို့တော့ မထင်ဘူးပေါ့။”

ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ရဲ့ကြေညာချက်မှာတော့ မဲဆန္ဒရှင်တွေအနေနဲ့ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့နဲ့ မဲရုံကိုလာပြီး မဲပေးရာမှာလွယ်ကူဖို့ မဲဆန္ဒရှင်သက်သေခံလက်မှတ်တွေကို ရွေးကောက်ပွဲ နေ့ရက်မတိုင်ခင် တပတ်အလိုမှာ ထုတ်ပေးဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ ဖေါ်ပြထားပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုစာရင်းတွေ ပျက်စီးပျောက်ဆုံးသွားတယ်ဆိုရင်လည်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေဆီကနေ မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေ ထုတ်ယူ မဲပေးနိုင်တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်ရှင်။

XS
SM
MD
LG