သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၃၀ အတွင်း အဆိုးဆုံး တောင်ငူရေဘေး


မြန်မာနိုင်ငံတွင်း ရေဘေးသင့်ဒေသတချို့ကိုမြင်ရစဉ်။
မြန်မာနိုင်ငံတွင်း ရေဘေးသင့်ဒေသတချို့ကိုမြင်ရစဉ်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်မှာ မိုးများပြီး ရေကြီးတာကြောင့် သောင်းနဲ့ ချီတဲ့ ဒေသခံပြည်သူ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ သွားပြီးတော့ ခိုလှုံနေကြရပါတယ်။ ဒီလိုရေလွှမ်းမိုးတာဟာ မြစ်ချောင်းတွေက ရေအတက်မြန် တာကြောင့်လို့ အာဏာပိုင်တွေဖက်က သုံးသပ်ပေမဲ့ ဒေသခံ တချို့ကတော့ ရေလှောင်တမံတွေ ဖွင့်ချတာကြောင့်လို့ ပြောဆိုနေ ပါတယ်။ တောင်ငူမြို့နယ်ဖက်က ရေလွှမ်းမိုးမှုအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ၄ရက်လောက် မိုးအဆက်မပြတ် ရွာသွန်းခဲ့ တာကြောင့် တောင်ငူမြို့နယ် အတွင်းက မြစ်ကမ်း တလျောက် မြေနိမ့်ပိုင်းက
ကျေးရွာနဲ့ မြို့ပေါ်ရပ်ကွက်တွေ ရေလွှမ်းမိုးခဲ့တာဖြစ်ပါတယ်။
လက်ရှိရေ လွှမ်းမိုးတာကြောင့် တောင်ငူမြို့နယ်အတွင်း ယာယီ ကယ်ဆယ်ရေး စခန်း၃၀ကျော် ဖွင့်လှစ် ထားရပြီး ရေဘေးသင့်ပြည်သူ သောင်းနဲ့ချီ လက်ခံထားရတယ်လို့ ဒု မြို့နယ် အုပ်ချုပ်ရေးမှုး ဦးထွန်းထွန်းဝင်းက အခုလို ပြောပါတယ်။

" လောလောဆယ် သုံးဆယ့်တစ်ခုခင်ဗျ။ ဟုတ်ကဲ့။ အဲ့တောင်ငူ တမြို့နယ်လုံး ခင်ဗျ။ အိမ်ထောင်စုက လောလောဆယ် ၃၁ရက်နေ့ စာရင်းအရ ဆိုရင်တော့ ၂၇၆၇ အိမ်ထောင်စုပေါ့။ လူဦးရေကတော့ တစ်သောင်းတစ်ထောင်ရှစ်ရာ လေးဆယ့်ခုနှစ် ခင်ဗျ။ မနေ့ကဆိုရင်တော့ ကျနော်တို့က ရှစ်ထောင်ကျော်ပဲရှိတယ်။ ဟုတ်ကဲ့။"

ဒီလို ယာယီကယ်ဆယ်ရေးစခန်းတွေကိုတော့ ၂၉ရက်နေ့တည်းက စတင် ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ လတ်တလော ကူညီ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အခြေအနေကို ဦးထွန်းထွန်းဝင်းက အခုလို ဆက်ပြောပါတယ်။

" ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကျနော်တို့က တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆန်အိတ်တို့၊ ဆီတို့ပေါ့လေ။ လှမ်းပေးပါတယ်။ နောက်ကျနော်တို့မြို့မှာရှိတဲ့ မြို့မိမြို့ဖပေါ့ အထောက်အကူပြုအဖွဲ့တွေရယ်၊ နောက်တခါ လူမှုရေး အသင်းအဖွဲ့တွေပေါ့၊ နောက်တခါ တစ်ဦးချင်း အလှူရှင်တွေပေါ့။ ဒီဟာတွေကတော့ အမြဲတမ်းမပြတ် လှူဒါန်း ဆောင်ရွက်နေတာပါ။

ဒီနေ့ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၆၀၀ စင်တီမီတာကိုကျော်လွန်ပြီး ၇၁၃စင်တီမီတာကို ရောက်ရှိနေပါတယ်။
တောင်ငူမြို့က ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဦးအောင်ဇေယျကတော့ တောင်ငူမြို့က အခြေအနေကို အခုလို ပြောပါတယ်။

" ရေတွေကြီးတာပေါ့ဗျာ။ ဒီနှစ်ကတော့ အဆိုးဆုံးပဲဗျ။ ကျနော်တို့ နှစ်သုံးဆယ်လောက် အတွင်းမှာ ဒါတော့ စံချိန်ပဲဗျ။ အကုန်လုံးခေါင်မိုးတွေပါ လွှင့်ကုန်တာဗျ။ ရပ်ကွက်တွေ တချို့တွေဆို၊ ကျနော်တို့ ကားလမ်းမပေါ်လည်း သုံးပေလောက်အထိကို တက်နေပြီ။ ကျနော်တို့ မိန်းလမ်းပေါ့လေ။ ရန်ကုန်-မန္တလေးလမ်းပေါ့လေ။ လမ်းဟောင်းပေါ့။ ကျနော်တို့ အရင်လမ်းဟောင်းပေါ့။ အမြန်လမ်းတော့မဟုတ်ဘူး။ မြို့ထဲကလမ်းတွေ အကုန်လုံး ကျော်ကုန်တာ။ ကျနော်တို့ အုတ်ကြွပ်တန်းဘက်ဆိုရင် ၁၀ရပ်ကွက်ရဲ့ ရှေ့ဆိုရင် ၃ပေ ကျော်ကျော်လောက်ရှိတယ်။ ငါးဖယ်အင်းကျောင်းရှေ့၊နောက် ရပ်ကွက်တွေကတော့ လူနှစ်ရပ်၊ သုံးရပ်လောက်ကို နက်သွားပြီးတော့ ရေတက် တာတော်တော်ကြမ်းတယ်။ နေပူကြီးထဲကို တက်နေတာခင်ဗျ။

တောင်ငူမြို့နယ်အတွင်းမှာ အခုလို ရေလွှမ်းမိုးတာဟာ ရေလှောင်တမံတွေ က ရေလွှတ်တာကြောင့် လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

"အခုဟာက ဒါ တော်တော်များတယ် ခင်ဗျ။ အခုထက်ထိ တက်တုန်းပဲ ရှိတယ်။ နေပူပြီးတော့ကို၊ ဆည်တွေ များတယ်ဆိုတော့။ ကျနော်တို့ဆီမှာ ဆွာဆည်ရှိတယ်။ ဟိုတနေ့က ဆွာဆည်က လွှတ်လိုက်တယ်။ ခပေါင်းဆည်ရှိတယ်။ သောက်ရေသန့်ရှိတယ်ဗျာ။ ဆည်တွေက ခုနပြောသလို ဖြေးဖြေးမလွှတ်ပဲ တခါတည်း တပြိုင်နက်တည်း လွှတ်ချလိုက်တော့ အကုန်လုံး လူတွေက တချို့ဆို
ပြေးဖို့တောင် မနည်းလုပ်ရတယ်။ ရေတာရှည်ဘက်ဆို ပိုဆိုးတယ်ဗျ သူတို့။"

ဒီလို ဆည်တွေ ရေဖောက်ချတာကြောင့်ရေကြီးတယ်ဆိုတာကိုတော့ ဒုမြို့နယ် အုပ်ချုပ်ရေးမှုးဦးထွန်းထွန်းဝင်း က အတည်ပြုချက်မပေးပါဘူး။
ရေတာရှည်မြို့နယ် ဘက်မှာတော့ အသေအပျောက်ရှိတယ်လို့ အဲဒီဒေသကို သွားရောက်လေ့လာခဲ့တဲ့ သူတဦးက ပြောပါတယ်။

"ရေတာရှည်ဘက်မှာလဲ တော်တော်ကြီးတယ်ဗျ။ တောင်ငူနဲ့တဆက်တည်းပဲ စစ်တောင်းမြစ်က။ ရေတာရှည်က ပြီးတော့ ဆွာဆည်က ရေလွှတ်တာလည်း ပါတော့ ပိုဆိုးတယ်ပေါ့။ ဆွာမြို့က ရွာတွေထိတယ်။ မြို့လှကရွာတွေထိတယ်။ ကမ်းနဘေးကရွာတွေထိတယ်။ ဆွာချောင်းဘေးက ဆည်နားကရွာတွေ ထိတယ်။ ခန့်မှန်းခြေလူဦးရေ အခုလောလောဆယ်ကို ရေတာရှည်မြို့နယ် မှာ လောလောဆယ် ဒုက္ခသည်ရေဘေးကယ်ဆယ်ရေး စခန်းကိုရောက်ခဲ့တာ သုံးထောင်ကျော်လောက်ရှိတယ်။ ဟုတ်ကဲ့။ ဆွာချောင်းဘေး စစ်တောင်းမြစ်ဘေးပေါ့နော်။ ရေတာရှည်မြို့နယ်ထဲက၊ နောက်ပြီးတော့ ရေတာရှည်မြို့နယ်ထဲမှာ နှစ်ယောက်သေ တယ်လေ။ နွားတွေ ဆွဲရင်းနဲ့ ရွှေ့ရင်းနဲ့ ချောင်းထဲပါသွားတာ။ ၂၉ရက်နေ့ မနက်က။"

ဒီရက်ပိုင်းတွေအတွင်းမှာတော့ တောင်ငူမြို့နယ်မှာသာမက အခြားတိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာလည်း မိုးများခဲ့တာကြောင့် ဒေသခံတောင်သူတွေဟာ စပါးရိတ်သိမ်းဖို့ အခက်အခဲတွေ့ကြုံနေရပါတယ်။ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်မှာတော့ ရိတ်သိမ်းနေဆဲ တောင်ယာစပါးခင်းတွေ ပျက်ဆီးကုန်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း ကရင်နဲ့ မွန်ပြည်နယ်တွေမှာ မိုးများပြီး ရေကြီးတာကြောင့် ကရင်ပြည်နယ်မှာ လူ ၃သောင်းကျော် ရေဘေးသင့်ခဲ့သလို မွန်ပြည်နယ်မှာတော့ လူ ၅ထောင်လောက် ရေဘေးသင့်ခဲ့ပါတယ်။ သူတို့တွေအတွက် အစိုးရက ယာယီကယ်ဆယ်ရေးစခန်း ၁၀၀ကျော် ဖွင့်လှစ်ပြီး ဒုသမ္မတကိုယ်တိုင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်ခဲ့ရပါတယ်။
XS
SM
MD
LG