သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးကြောင့် သေဆုံးသူ ၉၀ ကျော်


ရေလွှမ်းမိုးခံလိုက်ရတဲ့ မြို့ရွာတွေ။
ရေလွှမ်းမိုးခံလိုက်ရတဲ့ မြို့ရွာတွေ။

မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ စုစုပေါင်း ၉၀ ကျော်သွားပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာ ရေဘေးဒဏ် ခံနေရတဲ့ ပြည်နယ်နဲ့တိုင်း ၁၂ခုထဲမှာ ရခိုင်ပြည်နယ်က အထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့လကစလို့ ဒီကနေ့အထိ ရေဘေးဒဏ်ခံနေရတဲ့ ပြည်နယ်နဲ့တိုင်း (၁၂)ခုမှာ သေဆုံးသူ စုစုပေါင်း ၉၀ကျော်သွားပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဌာန ရဲ့ ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ဗွီအိုအေကို ပြောဆိုပါတယ်။

" ကျနော်တို့ မနေ့ကအထိတော့ သေဆုံးသူ ၉၀ကျော်ပါပြီ။ အဲ့ဒီ့ ၉၀ကျော်ထဲမှာ ရခိုင်ပြည်နယ်က အားလုံး ၅၆ ယောက်ရှိပါတယ်။ "

ရေဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ရင်ဆိုင်နေရပြီး အဲ့ဒီ့အထဲမှာ ရခိုင်ပြည်နယ်ဟာ အဆိုးဝါးဆုံးပဲလို့ ဦးဝင်းရွှေကပြောပါတယ်။

"ရခိုင်ပြည်နယ်က ထိခိုက်မှု အများဆုံးလို့ ပြောလို့ရပါတယ်။ ဒုတိယကတော့ စစ်ကိုင်းတိုင်း ကလေးခရိုင်၊ လက်ရှိမှာဆိုရင်တော့ မကွေးတိုင်းပေါ့ဗျာ။ ချင်းပြည်နယ်ပေါ့ဗျာ။ ချင်းပြည်နယ်က နည်းပေမဲ့ သူက Landslide ဖြစ်တဲ့ အခါကျတော့ အိမ်တွေပြိုတာပေါ့။ အများဆုံးကတော့ ရခိုင်ပြည်နယ်ပါ။"

ရေဘေးအလွန်ကာလမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာနဲ့ပတ်သက်လို့ ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ရှင်းပြပါတယ်။

" ကျနော်တို့ အခုလက်ရှိမှာ သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသကြီး သီးသန့်ရံပုံငွေကနေပြီး တင်ပြတောင်းခံဖို့ Plan ရှိသလို နိုင်ငံတကာ အကူအညီတွေကိုလည်း လက်ခံပြီးတော့မှ ဆောင်ရွက်မှာပါ။ ပြန်လည် ထူထောင်ရေးအတွက်ကိုလည်း အလေးထားပြီးဆောင်ရွက်သွားဖို့ သမ္မတကြီးက လမ်းညွှန်ထားပါတယ်ခင်ဗျ။ ကျနော်တို့ အခု ရေတွေဖုန်းလွှမ်းသွားတယ်။ ဖုန်းလွှမ်းသွားတဲ့အတွက် စပါးစိုက်ဧကတွေ ဆုံးရှုံးသွားတယ်။ အဲ့ဒီ့အတွက် ရေကျတာနဲ့ တပြိုင်တည်းမှာ ကျနော်တို့ မျိုးစပါးတွေ ထုတ်ပေးဖို့ လယ်တွေကို ထွန်ယက်နိုင်ဖို့ စက်သုံးဆီတွေ အရံထားရှိဖို့ ဒီဟာတွေပေါ့လေ ပထမဆုံးပေါ့လေ။ ဒါပြီးတဲ့အချိန်ကျမှ အိမ်ယာပြန်လည်ထူထောင်ရေး သူတို့ရဲ့အသက်မွေးဝမ်းကျောင်းအတွက်တွေ ဆက်ပြီးတော့မှ လူမှုစီးပွားဘဝအတွက် ဆက်ပြီးတော့ ဆောင်ရွက်ဖို့ ဒီလိုမျိုးတော့ရှိပါတယ်ခင်ဗျ။"

မြန်မာနိုင်ငံမှာ မိုးသည်းထန် ရေကြီးမှုကြောင့် အခုအချိန်အထိ ရေဘေးဒဏ်သင့်တဲ့ ဒုက္ခသည်ပေါင်း အနည်းဆုံး သုံးသိန်းသုံးသောင်း ရှိသွားပြီဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ် ၊ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာကလည်း အကူအညီ ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့နေပါတယ်။

XS
SM
MD
LG