သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Man-U အားကစား သမားဟောင်းတွေ မြန်မာပြည် ရောက်


မဲန်ယူ ကစားသမားဟောင်း Denis Irwin (ဝဲ)၊ မြန်မာဘောလုံးအသင်းဥက္ကဋ္ဌ ဦးဇော်ဇော်(လယ်)၊ နှင့် Clayton Blackmore (ယာ) တို့အား All Star Charity ဘောလုံးပွဲ သတင်းစာရှင်းလင်း ပွဲတွင် တွေ့ရစဉ်။ (၀၄/၂၆/၁၃)
မဲန်ယူ ကစားသမားဟောင်း Denis Irwin (ဝဲ)၊ မြန်မာဘောလုံးအသင်းဥက္ကဋ္ဌ ဦးဇော်ဇော်(လယ်)၊ နှင့် Clayton Blackmore (ယာ) တို့အား All Star Charity ဘောလုံးပွဲ သတင်းစာရှင်းလင်း ပွဲတွင် တွေ့ရစဉ်။ (၀၄/၂၆/၁၃)
ကမ္ဘာကျော် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ဂန္ထဝင်ကစား သမားဟောင်းကြီးတွေဟာ မြန်မာနိုင်ငံမှာ ချစ်ကြည်ရေး ရန်ပုံငွေပွဲ လာရောက် ကစားကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပရဟိတလုပ်ငန်း ရန်ပုံငွေ အတွက် မြန်မာ့လက်ရွေးစင်ဟောင်းတွေ ပါဝင်တဲ့ အသင်းနဲ့ လာမယ့် ဇွန်လကျရင် ရန်ကုန်မြို့မှာ ကစားကြမှာဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံကို လာရောက်ခွင့်ရတဲ့အပေါ် သူတို့အနေနဲ့လည်း ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာဘောလုံးပရိသတ်တွေရဲ့ အသည်းစွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းက ကစားသမားဟောင်းကြီးတွေဟာ လာမယ့် ဇွန်လ ၉ ရက်နေ့ ကျရင် မြန်မာနိုင်ငံမှာ ချစ်ကြည်ရေးရန်ပုံငွေပွဲ လာကစားကြမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပမယ့် ဒီပွဲကို CEA နဲ့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ရဲ့ အစီအစဉ်နဲ့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

သောကြာနေ့ကတော့ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ၂ ဦးဖြစ်တဲ့ Denis Irwin နဲ့ Clayton Blackmore တို့ဟာ သတင်းစာ ရှင်းလင်း ပွဲ ပြုလုပ်ဖို့ အတွက် ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။ အခုလို မြန်မာနိုင်ငံကို လာရောက်ပြီး ကစားခွင့်ရတဲ့ အတွက် သူ့အနေနဲ့ ဂုဏ်ယူတယ်လို့ မန်ယူနောက်ခံလူ Denis Irwin က ပြောပါတယ်။

“အခုလို မြန်မာနိုင်ငံကို လာရတာ ကျနော်အနေနဲ့ ဂုဏ်ယူပါတယ်။ ပြီးတော့ ဒီပွဲမှာ ကစားဖို့ နဲ့ ပရဟိတလုပ်ငန်းတွေအတွက် ရန်ပုံငွေ ရှာပေးမယ့် Park Royal က ညစာစားပွဲကို တက်ရောက်ဖို့အတွက် CEA နဲ့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ဖိတ်ကြားခံခဲ့ရတဲ့အပေါ်မှာ ကျနော် ဂုဏ်ယူပါတယ်။ အာရှမှာ မန်ချက်စတာယူနိုက်တက်ကို အရမ်းအားပေးကြပြီးတော့ တကယ်ကိုအကြီးကြီး ဆိုတာ ကျနော်တို့ သိပါတယ်။ အာရှတဝှမ်းမှာကျနော်တို့ကို တခဲနက် အားပေးကြတာအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီနေ့ ကျနော်တို့ကို တခဲနက် ကြိုဆိုခဲ့ကြတာကိုလည်း ကျနော် မအံ့သြမိပါဘူး။”

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းတွေဟာ ချစ်ကြည်ရေး ဘောလုံး ပွဲနဲ့ အတူ ညစာစားပွဲ ပြုလုပ်ပြီးတော့ ရန်ပုံငွေတွေ ကောက်ခံသွားမှာဖြစ်ပါ တယ်။ ဒီပွဲကနေ ရတဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံက ပရဟိတ လုပ်ငန်းတွေ အတွက် လှုဒန်းသွားမှာဖြစ်ပြီး၊ အဲဒီထဲမှာ ဆေးရုံတွေ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ နဲ့ HIV ဝေဒနာရှင်တွေ ပြုစုစောင့်ရှောက်ပေးနေတဲ့ ပရဟိတလုပ်ငန်းတွေကို ပေးဖို့ အစီအစဉ်တွေကို ပါဝင်ပါတယ်။ Clayton Blackmore ကတော့ သူ့အနေနဲ့ ဒီပွဲတွေကနေ ပရဟိတလုပ်ငန်းတွေအတွက် ရံပုံငွေတွေ အများကြီးရဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ပရဟိတလုပ်ငန်းတွေအတွက် ရံပုံငွေတွေအမြောက် အများ ကောက်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ ဒီနေ့ တချို့နေရာတွေကိုလည်း သွားခဲ့ပါတယ်။ အဲဒီမှာ မိသားစုမရှိတော့ဘဲ HIV ရောဂါဖြစ်နေတဲ့ ကလေးငယ်တချို့ကိုတွေ့ခဲ့ရတာ ကျနော်တို့ကို မျက်စိပွင့်သွားစေခဲ့ပါတယ်။ ကျနော့်မှာလည်း ကလေးတွေရှိပါတယ်။ ဒီနေ့ တချို့ကလေးငယ်လေးတွေ မိသားစုနဲ့ အတူမဟုတ်ဘဲ သူတို့ဘာသာ သူတို့ နေနေရတာကိုတွေ့ရတော့ ကျနော် နည်းနည်း စိတ်ထိခိုက်ရပါတယ်။ ဒါပေမဲ့ ပွဲ ၂ ခုစလုံးကို လူတိုင်းလာရောက်ပြီး အားပေးမယ့်လို့ မျှော်လင့်ပါတယ်။ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ၂ ယောက်ဖြစ်တဲ့ အန်ဒီကိုးလ် နဲ့ လီးရှာ့ပ်တို့အပါအဝင် တခြားမိတ်ဆွေတွေတချို့လည်း လာကြမှာဖြစ်ပြီး အားလုံးပျော်ကြရမှာပါ။”

မြန်မာ့လက်ရွေးစင်ဟောင်တွေ ပါဝင်တဲ့ မြန်မာအသင်းနဲ့ ကစားကြမယ့် ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် All-Star အသင်းဘက်က နောက်တန်း အစွန်လူ Denis Irwin, Clayton Blackmore တို့အပြင် အင်္ဂလန်လက်ရွေးစင်ဟောင်း Lee Sharpe နဲ့ ၉၉ ခုနှစ်က မန်ချက်စတာ ယူနိုက်တက်အသင်း Treble ရခဲ့တဲ့နှစ်က အဓိကတိုက်စစ်မှူး Andy Cole တို့ပါဝင်မှာဖြစ်ပါတယ်။

ဒါဟာ မန်ချက်စတာ ယူနိုက်တက်ကစားသမားဟောင်းကြီးတွေအတွက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ လာရောက်ကစားဖူးတာဖြစ်သလို၊ မန်ချက်စတာ ယူနိုက်တက် ပရိသတ်အများစုရှိတဲ့ မြန်မာနိုင်ငံက ဘောလုံး ဝါသနာရှင်တွေ အတွက်တော့ ဒါဟာ သူတို့ တခဲနက်အားပေးခဲ့တဲ့ ကစားသမားဟောင်းကြီးတွေ ကို ပထမဆုံးအကြိမ်အပြင်မှာ မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင် တို့လာရောက်ခဲ့ သလို အင်္ဂလန်လက်ရွေးစင် နဲ့ လီဗာပူးလ်ကစားသမားဟောင်း ဂျွန်းဘန်းစ် နဲ့ ကမ္ဘာကျော် ဘောလုံးအသင်းကြီးတသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်ဘောလုံး အကယ်ဒမီက လူငယ်နည်းပြတွေဟာ မြန်မာ့ဘောလုံး ဖွ့ံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံကို လာရောက်ခဲ့ပါသေးတယ်ခင်ဗျား။
XS
SM
MD
LG