သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချီလီနောက်တန်းလူ Jara ၃ ပွဲအပယ်ခံရ


ဥရုဂွေးတိုက်စစ်မှူး Edinson Cavani (ဝဲ) နဲ့ ချီလီနောက်တန်းလူ Gonzalo Jara (ယာ) (ဇွန် ၂၄၊ ၂၀၁၅။)
ဥရုဂွေးတိုက်စစ်မှူး Edinson Cavani (ဝဲ) နဲ့ ချီလီနောက်တန်းလူ Gonzalo Jara (ယာ) (ဇွန် ၂၄၊ ၂၀၁၅။)

ချီလီမှာ ကျင်းပနေတဲ့ Copa America ဖလားဘောလုံးပွဲအတွင်း ပြိုင်ဘက်ကစားသမားတဦးကို မဖွယ်မရာလုပ်တဲ့အတွက် ချီလီနောက်တန်းလူ Gonzalo Jara ကို ၃ ပွဲပယ်လိုက်ပါတယ်။ ဒါကြောင့် Jara ဟာ ကျန်တဲ့ Copa America ဖလားပွဲတွေကို ကန်ခွင့်မရဘဲ လွဲချော်သွားခဲ့ပါပြီ။

Jara ရဲ့ အားကစားသမားမပီသတဲ့ အပြုအမူတွေကြောင့် ပွဲပယ်လိုက်တာဖြစ်တယ်လို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ် (CONMEBOL) ရဲ့ ကြေညာချက်ထဲမှာပြောထားပါတယ်။ ဒါ့အပြင် ချီလီဘောလုံးအဖွဲ့ချုပ်ကိုလည်း အမေရိကန်ဒေါ်လာ ၇၅၀၀ ဒဏ်ငွေရိုက်လိုက်ပါတယ်။

အခုလို ပွဲပယ်ခံလိုက်ရတဲ့အတွက် Jara ဟာ ပီရူးနဲ့ တနင်္လာနေ့မှာ ကစားမယ့် ဆီမီးဖိုင်နယ်ပွဲကိုလည်း ပါဝင်နိုင်မှာမဟုတ်သလို ဖိုင်နယ် ဒါမှမဟုတ် တတိယနေရာလုပွဲကိုလည်း ကစားရမှာမဟုတ်ပါဘူး။ ဒါ့အပြင် သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမဆုံးပွဲကိုလည်း ပါဝင်ကစားခွင့်ရမှာမဟုတ်ပါဘူး။

ချီလီနဲ့ ဥရုဂွေးတို့ကစားတဲ့ပွဲကို ရုပ်သံလိုင်းတွေမှာပြတာတွေအရ Jara ဟာ ဥရုဂွးတိုက်စစ်မှူး ကာဗာနီရဲ့ တင်ပါးကို ပုတ်ပြီး နှိုက်ခဲ့တာပါ။ ကာဗာနီက Jara ရဲ့မျက်နှာကို လက်နဲ့ ပြန်ပုတ်ပြီးတုံ့ပြန်တဲ့အခါမှာ Jara က အထိုးခံလိုက်ရသလို မြေပေါ်ကိုလှဲချခဲ့တာပါ။

ဒိုင်က ၂ ယောက်စလုံးကို အဝါပြခဲ့ပေမယ့် ကာဗာနီအတွက် အဲဒါဟာ ဒုတိယတကြိမ် အဝါကတ်ပြခံရတာဖြစ်လို့ ဒိုင်ကသူ့ကို အနီကတ်ပါ ဆက်ပြပြီး ထုတ်ခဲ့တာပါ။ Jara ရဲ့ လုပ်ရပ်ဟာ ဒီပွဲတပွဲလုံးအတွက် အဓိကပြောစရာဖြစ်ခဲ့ပြီး မာရာဒိုနာ ၁၉၈၆ ကမ္ဘာ့ဖလားမှာ လက်နဲ့ပုတ်ပြီးသွင်းတုန်းက ဘုရားပေးတဲ့လက်လို့ ခေါ်သလို ချီလီနိုင်ငံမှာတော့ သူ့ကို the Finger of God ဘုရားပေးတဲ့လက်ချောင်းဆိုပြီး ခေါ်နေကြပါတယ်။

အဲဒီပွဲပြီးခါနီးမှာ ဥရုဂွးက နောက်တစ်ယောက်အထုတ်ခံရတာကြောင့် ပွဲက ရုတ်ရုတ်သဲသဲဖြစ်ပြီး ၂ ဘက်စလုံးက အရံကစားသမားတွေရော နည်းပြတွေပါ ကွင်းထဲကို ရောက်လာခဲ့ကြပါတယ်။ ၂ သင်းစလုံးက တောင်အမေရိက ဘောလုံးအဖွဲ့ချုုပ်ကို တိုင်ကြားခဲ့ပြီး ချီလီဘက်ကစာတင်တာကိုတော့ ကိုပါဖလားပြီးမှ ဖြေရှင်းသွားမယ်လို့ ပြောပါတယ်ခင်ဗျာ။

XS
SM
MD
LG