သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မှာ Ford ကုမ္ပဏီထုတ် ကားတွေ ရောင်းမည်


အမေရိကန် Ford မော်တော်ကားကုမ္ပဏီ (၅ ဇွန် ၂၀၀၃)
အမေရိကန် Ford မော်တော်ကားကုမ္ပဏီ (၅ ဇွန် ၂၀၀၃)
အမေရိကန်နိုင်ငံ ကမ္ဘာကျော် Ford မော်တော်ကားကုမ္ပဏီကြီးဟာ လာမယ့် သြဂုတ်လကစပြီး ကားအရောင်းဆိုင်နဲ့ ကားပြင်ဌာနတို့ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖွင့်လှစ်တော့မယ်လို့ အင်္ဂါနေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို စစ်အစိုးရအဆက်ဆက် အုပ်ချုပ်လာတဲ့ နှစ် ၅၀ ကာလအတွင်း တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေ၊ ကားတင်သွင်းမှုတွေအပေါ် အခွန် အဆမတန် ကောက်ခံမှုတွေနဲ့ ကားတင်သွင်းခွင့် လိုင်စင်ကို လက်သင့်ရာ စီးပွားရေးလုပ်ငန်းရှင်တွေကိုသာ ချပေးလေ့ရှိတာကြောင့် မြန်မာနိုင်ငံက ကားဈေးကွက်ဟာ အခက်အခဲ အကျပ်တည်းတွေနဲ့ ရင်ဆိုင်လာခဲ့ရတာပါ။

အမေရိကန်က မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ထား တာကြောင့် ဥရောပတိုက်က နိုင်ငံတွေနဲ့ သြစတြေးလျနိုင်ငံတွေနဲ့မတူဘဲ မြန်မာနိုင်ငံကို အခုလို ကားတင်သွင်းခွင့် ရဖို့ Ford ကုမ္ပဏီဟာ အဲ့ဒီ ပိတ်ဆို့မှုတွေနဲ့ လွတ်ကင်းအောင် ရှောင်တိမ်းပြီး စေ့စပ် ညှိနှိုင်းခဲ့ရတာပါ။

ဥရောပသမဂ္ဂကလည်း သြစတြေးလျနိုင်ငံနည်းတူ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို အခုလ အစောပိုင်း ရုပ်သိမ်းပေးလိုက်ပြီ ဖြစ်တာကြောင့် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတာ အမေရိကန် တနိုင်ငံတည်းလိုပဲ ကျန်တော့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှု အတော်များများကို လက်ရှိ အခြေအနေမှာ ဆိုင်းငံ့ထားတဲ့ အဆင့်မှာပဲ ရှိသေးပြီး လုံး၀ ပယ်ဖျက်သေးတာ မဟုတ်တဲ့အပြင် နာမည်ပျက် စာရင်းသွင်းခံထားရတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တချို့လည်း ရှိနေပါသေးတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်လိုတဲ့ အမေရိကန် ကုမ္ပဏီတွေအနေနဲ့ တိကျ ရေရာမှုမရှိတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ရင်ဆိုင်ရတဲ့အပြင် အစီရင်ခံစာတွေ အများအပြား တင်ပြရတဲ့ လိုအပ်ချက်တွေ ရှိနေတာကြောင့် အမေရိကန် ကုမ္ပဏီတွေ အခွင့်အရေး ဆုံးရှုံးနေတယ်လို့ တချို့ စီးပွားရေးလုပ်ငန်းရှင်တွေက စောဒက တက်ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေက Ford ကုမ္ပဏီအတွက် အဟန့်အတား ကြီးကြီးမားမား မဖြစ်စေပါဘူးလို့ Ford ကားကုမ္ပဏီရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွန်ကြားရေးမှူး ဒေးဗစ် ဝက်စတာမန်း (David Westerman) က ပြောပါတယ်။

“အမေရိကန် စီးပွားရေး လုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နံှမှုတွေ လုပ်ဆောင်ကြဖို့ အမေရိကန်အစိုးရက ပြောဆိုလာတဲ့အပေါ် ကျနော်တို့က လက်ဦးမှု ရယူလိုက်တာပါ။ ကျနော်တို့အနေနဲ့ ဒီလို လက်ဦးမှု ရယူနိုင်ဖို့ အင်မတန် အင်မတန်မှ အရေးကြီးပါတယ်။”

မြန်မာနိုင်ငံထဲမှာ လက်ရှိ မောင်းနေကြတဲ့ ကားအများစုဟာ ဂျပန်နိုင်ငံက တင်သွင်းတဲ့ တပတ်ရစ် ကားဟောင်းတွေပဲ ဖြစ်ပါတယ်။ ဒီလို ကားဟောင်းတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ မြန်မာနိုင်ငံလို ဈေးကွက်မျိုးအတွက်တော့ Ford ကုမ္ပဏီက ကားအသစ်တွေဟာ ဈေးကြီးတဲ့ ကားတွေ ဖြစ်ပါတယ်။

Ford ကုမ္ပဏီအနေနဲ့ အစပိုင်းမှာတော့ စီးပွားဖြစ် အသုံးပြုမယ့်ကားတွေကို တင်သွင်းမှာဖြစ်ပေမဲ့ နှစ်ကုန်ပိုင်းလောက်မှာ ထရပ်ကားတွေနဲ့ SUV တွေအပါအဝင် ကားအမျိုးအစား အများအပြားကို တင်သွင်းမယ်လို့ ဝက်စတာမန်း (Westerman) က ပြောပါတယ်။

အစပိုင်းမှာ တင်သွင်းမယ့် ကားတွေထဲ Ford Rangers နဲ့ Taurus လို ဆီဒင်ကားတွေ ပါဝင်မှာ ဖြစ်ပါတယ်။

Ford ကားတွေအနေနဲ့ ဈေးနှုန်းသက်သာပြီး ဆီစားသက်သာတဲ့ ဂျပန်ကားတွေကို ယှဉ်နိုင်ဖို့ သိပ်မလွယ်ဘူးလို့ ရန်ကုန်မြို့က အသက် ၄၄ နှစ်အရွယ် ကားပွဲစား ကိုဇော်ဇော် က ပြောပါတယ်။

“မြန်မာပြည်ရဲ့ သူ့အကြိုက်ကတော့ ဂျပန်ကားကို ပိုကြိုက်တယ်။ နောက် ဈေးလည်း သက်သာတယ်။ ဆီစားနှုန်းသက်သာတယ်။ အဲ့ဒီအတွက်ကို ဂျပန်ကားပေါ့ ဒီ လူကြိုက်များပြီးတော့ သွင်းတာကိုး။ ဥရောပကားတွေကျတော့ ဈေးလည်းမြင့်တယ်။ ဆီစားလည်းမြင့်တယ်ဆိုတော့ ဝယ်လိုအားမှာတော့ ဂျပန်ကားကို မှီနိုင်မယ် မထင်ဘူး။”

Ford ကုမ္ပဏီအနေနဲ့ ဝယ်ယူသုံးစွဲသူတွေ ဘယ်လိုကားမျိုးကို ကြိုက်နှစ်သက်တယ်ဆိုတဲ့ ဈေးကွက်ကို ဆန်းစစ်လေ့လာဖို့ လိုသလို အဲ့ဒီကားတွေကို ပြင်နိုင်မယ့်သူတွေကို သင်တန်းပေးတာနဲ့ တင်သွင်းလာတဲ့ ကားအသစ်တွေအတွက် အစိုးရရဲ့ ကန့်သတ်ချက်တွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။

လောလောဆယ်မှာ ရန်ကုန်ဈေးကွက်အတွက် Ford ကုမ္ပဏီက လူ ၅၀ ကို အလုပ်ခန့်ထားပြီး နောက်ပိုင်းမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တိုးချဲ့သွားဖို့ စီစဉ်နေတာပါ။

Ford ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံထဲမှာ စက်ပစ္စည်း အစိတ်အပိုင်းတွေနဲ့ ကားထုတ်လုပ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အစီအစဉ်တော့ မရှိသေးဘူးလို့ ဆိုပါတယ်။

Ford ကုမ္ပဏီဟာ အမေရိကန်နိုင်ငံက Pepsi ၊ Coca Cola ၊ Caterpillar နဲ့ ဒိန်းမတ်နိုင်ငံက Carlsberg ဘီယာတို့နည်းတူ မြန်မာနိုင်ငံ ဈေးကွက်ကို ဝင်ရောက် ထိုးဖောက်လာတဲ့ နိုင်ငံတကာက ကုမ္ပဏီကြီး တခုဖြစ်ပါတယ်။

မကြာသေးခင် ကာလအထိ နိုင်ငံတကာက စွန့်ပယ်ခြင်း ခံထားရတဲ့ မြန်မာနိုင်ငံဟာ အခုတော့ ပြည်ပနိုင်ငံအသီးသီးက လာရောက် ရင်းနှီးမြှုပ်နှံလိုကြတဲ့ ထိပ်တန်းနိုင်ငံတခု ဖြစ်လာနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG