သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ရိုက်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု တိုးရေး မြန်မာ့အခက်အခဲ


မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ ထိုင်း-မြန်မာနယ်စပ်၊ နမ့်ခမ်းမြို့မှာ တည်ဆောက်နေတဲ့ Tarbe လျှပ်စစ်ဓာတ်အားပေးစက်ရုံ။
မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ ထိုင်း-မြန်မာနယ်စပ်၊ နမ့်ခမ်းမြို့မှာ တည်ဆောက်နေတဲ့ Tarbe လျှပ်စစ်ဓာတ်အားပေးစက်ရုံ။
မြန်မာနိုင်ငံတွင်း တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးလာပြီး ဈေးကွက်အပြိုင်အဆိုင်ဖြစ်ပေါ်လာဖို့ ကြိုးပမ်းနေရာမှာ အစိုးရဌာနတွင်း လုပ်ငန်းပိုင်းကျွမ်းကျင်မှုတွေမှာ အခက်အခဲတွေရှိသလို ရင်းနှီးမြှုပ်နှံသူတွေဘက်ကလည်း စိုးရိမ်မှုတွေရှိနေတုန်းပဲလို့ အစိုးရအဖွဲ့ရဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ ဝန်ကြီးဌာနတွေကို ဆက်စပ်ကြီးကြပ်ဆောင်ရွက်ပေးနေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဗွီအိုအေကို ပြောပါတယ်။ ဝန်ကြီး ဦးစိုးသိန်းနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ရန်ကုန်ရုံးခွဲကနေ ဒီအကြောင်း သတင်းပေးပို့ထားပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်အတွင်း မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေး စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်ခဲ့ရာမှာ ရလာဒ်ကောင်းတွေ တွေ့ခဲ့ရသလို တဘက်မှာ ဝန်ကြီးဌာန အောက်ခြေအဆင့်အဆင့်မှာပဲ ရဲတင်းတဲ့ ပြောင်းလဲမှုတွေလုပ်သွားဖို့ လိုနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။ တချိန်တည်းမှာ အပြောင်းအလဲတွေကို လိုက်ပါ ဆောင်ရွက်နိုင်ဖို့ လုပ်ငန်းပိုင်းကျွမ်းကျင်မှုတွေ အားနည်းနေတဲ့ အခြေအနေရှိတာကိုလည်း ဝန်ခံပြောခဲ့ပါတယ်။

“တခြားအုပ်ချုပ်ရေး system နဲ့ လိုက်လျောညီထွေတဲ့ Institution တွေ ဖြစ်ခဲ့တယ်။ ယခု ဒီမိုကရေစီစနစ်နဲ့လိုက်လျောညီထွေတဲ့ Institution တွေ ကျနော်တို့ တည်ထောင်ပေးတယ်၊ တချို့-တည်ဆောက်ပေးတယ်၊ တည်ဆောက်နေတယ်။ သို့သော်လည်းပဲ လူက ဒီလူပဲဖြစ်တော့ ဒီ Institution တွေနဲ့ fitting ဖြစ်မယ့်မန်နေဂျာတွေက လိုသေးတယ်။ အဲဒါတော့ တော်တော်အားနည်းတယ်ဗျ။ တချို့အပိုင်းတွေကျ ဒီ Institution ရှိသော်လည်း အရင်မန်နေဂျာတွေနဲ့ ဒီ Institution က ဝင်ရတဲ့အခါကျတော့ ဒီအားနည်းချက်ကတော့ ဘယ်အစိုးရမဆို ရှိလိမ့်မယ်လို့ ကျနော်ထင်တယ်။ စိတ်ရှည်ရမယ်။ ဒီလိုပဲ ကျနော်တို့ နားလည်အောင် move လုပ်ရမယ်။”

အမေရိကန် Pepsi အချိုရည် စတင်ရေင်းချဖို့ နေပြည်တော်မှာ ကြော်ငြာဆိုင်းဘုတ် ထောင်ထားပုံ။
အမေရိကန် Pepsi အချိုရည် စတင်ရေင်းချဖို့ နေပြည်တော်မှာ ကြော်ငြာဆိုင်းဘုတ် ထောင်ထားပုံ။

မြန်မာနိုင်ငံမှာ အရင်တုန်းကထက်စာရင် ပွင့်လင်းလာတဲ့ နိုင်ငံရေးအခြေအနေ စီးပွားရေးအခြေအနေကြောင့် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖြေလျှော့ပေးခဲ့သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတော်များများလည်း ဝင်လာပါတယ်။ နိုင်ငံတကာက အထူးသဖြင့် အနောက်နိုင်ငံတွေက လုပ်ငန်းကြီးတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဖို့ စိတ်ဝင်တစား လာရောက်လေ့လာတာတွေ၊ ဆွေးနွေးတာတွေ ရှိပေမယ့်လို့ ငွေအလုံးအရင်းနဲ့တော့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံတာတွေတော့ အတော့်ကိုနည်းပါသေးတယ်။ ဒါဟာလည်း မြန်မာနိုင်ငံမှာ ရှေ့လာမယ့်နှစ်တွေအတွင်း နိုင်ငံရေးတည်ငြိမ်မှုအခြေအနေကို စောင့်ကြည့်လိုတဲ့ စိုးရိမ်စိတ်တွေကြောင့်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။

“များတဲ့ Investment ကတော့ ချိန်တာပေါ့နော်၊ သင့်တော်တဲ့ Investment ကတော့ ဝင်ပြီး ဆောင်ရွက်နေတယ်။ နောက်တချက်က တချို့အပိုင်းတွေမှာတော့ ၂၀၁၆-၁၅ ရဲ့ Political stabikuty ကို ကြည့်ချင်တဲ့ အပိုင်းလည်းရှိတယ်။ ဒါပေမယ့် ကျနော်တို့က ပြောပါတယ်။ ဒါလေးက ဘယ်အစိုးရတက်တက်၊ အစိုးရတစ်ခုကို- နောက်တစ်ခုက Honor လုပ်ရတာပါ။ ကျနော်တို့လည်း ယခင်အစိုးရရဲ့ အမွေတွေခံပြီး ယခင်အစိုးရရဲ့ စာချုပ်စာတမ်းနဲ့ Honor လုပ်ရတယ်။ Honor လုပ်လို့ ကန့်သတ်ချက်တစ်ချက် review လုပ်ရတယ်။ ဒီလိုကြီးတော့ ပစ်ပယ်ပြီး လုံးဝဖျက်ပစ်တဲ့အစိုးရမဟုတ်တဲ့အတွက်ကြောင့် လုပ်စရာရှိတာ လာလုပ်ပါ၊ မဟုတ်ရင်တော့ ခင်ဗျားတို့ နောက်ကျမယ်ဆိုတော့ လာတော့ လာနေပါတယ်။ နောက်တခုကတော့ ကျနော်တို့ရဲ့ ရှိပြီးသား Legal aspect ကလည်း အားနည်းချက်ကလေးတွေ ရှိတယ်။ ဒါလေးတွေ ညှိနှိုင်းပြီး ကျနော်တို့ ဆောင်ရွက်နေပါတယ်။ သူတို့ Investment တွေကို ဘယ်လို ကာကွယ်ပေးနိုင်မလဲဆိုတာတော့ - အစိုးရချင်းက ဟုတ်ပေမယ့်လို့ သူ့အစိုးရကလည်း သူ့လူတွေကို ဒီလိုကာကွယ်ပေးဖို့ ငါတို့လုပ်ထားတယ်ကွာ-ဆိုတာတော့ သူကလည်း ပြချင်တာပေါ့နော်။ အဲဒါလေးတွေ ကျနော်တို့ လုပ်နေရတယ်။”

လုပ်ငန်းကြီးအတော်များများကတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအလွန် ကာလ နိုင်ငံရေးအခြေအနေနဲ့ စီးပွားရေးအလားအလာတွေကို တွက်ဆ ချိန်ကြည့်နေတယ်လို့ ယူဆရပါတယ်။ သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေအတွက် ဥပဒေအရ အကာအကွယ်ပေးနိုင်မယ့် အာမခံချက်မျိုး အပြင် နိုင်ငံရေးအရ စိတ်ချရတဲ့ ဝန်းကျင်ကိုလည်း စောင့်ကြည့်နေပုံရပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ တနေ့တုန်းက ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ရာမှာတော့ မြန်မာနိုင်ငံအနေနဲ့ ပုံစံတကျရှိတဲ့ စီးပွားရေးစနစ်မဖြစ်ခဲ့တာကြောင့် ဒီအားနည်းချက်တွေကို ပြုပြင်ဆောင်ရွက်ခဲ့တယ်လို့တော့ ပြောသွားပါတယ်။

“ကျနော်တို့နိုင်ငံအနေနဲ့ ပုံစံတကျရှိတဲ့ အမျိုးသားစီးပွားရေးတရပ်ကို ပိုင်ဆိုင်နိုင်ခြင်း မရှိသေးတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်းမှာ ဖြတ်သန်းခဲ့ရတဲ့နိုင်ငံရေးစနစ် မျိုးစုံမှာ ဖြစ်ခဲ့၊ အကောင်အထည်ဖော်ခဲ့တဲ့ အမျိုးသားစီးပွား ပုံစံချမှုဖြစ်စဉ်တွေကို ကြည့်ရင် နိုင်ငံအတွက် စီးပွားရေးအောင်မြင်မှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။”

အခု မြန်မာနိုင်ငံစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာ သိသာတိုးတက်လာတဲ့ ကဏ္ဍတွေဆိုရင်တော့ ခရီးသွားလုပ်ငန်းနဲ့ ဆက်သွယ်ရေးလုပ်ငန်း ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဗွီအိုအေကို ပြောပါတယ်။

ဆက်သွယ်ရေးလုပ်ငန်းပိုင်းမှာဆိုရင်တော့ ကာတာနိုင်ငံအခြေစိုက် အော်ရီဒူးကုမ္ပဏီနဲ့ နော်ဝေးအခြေစိုက် တယ်လီနောကုမ္ပဏီတို့ တင်ဒါရရှိထားပြီး အခု လုပ်ငန်းတွေ စတင်နိုင်ဖို့ ရင်းနှီးမြှုပ်နှံ ဆောင်ရွက် နေသလို တချိန်တည်းမှာတော့ ပြည်သူပိုင်လုပ်ငန်းအတော်များများကိုလည်း အခြားပြည်တွင်း ပြည်ပလုပ်ငန်းရှင်တွေနဲ့ ဖက်စပ်ပုံစံ၊ အများပိုင် ကော်ပိုရေရှင်းပုံစံအဖြစ် အဆင့်ဆင့်ပြောင်းလဲသွားဖို့ရှိတယ်လို့လည်း ပြောဆိုသွားပါတယ်။ ဒါကြောင့် ဈေးကွက် ပြိုင်ဆိုင်မှုတွေမှာ တန်းတူယှဉ်ပြိုင်မှုတွေ မှန်ကန်တဲ့ နည်းလမ်းယှဉ်ပြိုင်မှုတွေဖြစ်အောင် ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
XS
SM
MD
LG