သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု နိုင်ငံခြားရေးဝန်ကြီးရုံး တက်


နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ရုံးတက်စဉ်။ ( ဧပြီ ၁၊ ၂၀၁၆)
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ရုံးတက်စဉ်။ ( ဧပြီ ၁၊ ၂၀၁၆)

အစိုးရသစ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းမှာ ဝန်ကြီးဌာနကို သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ ဦးစီးဌာနက အကြီးအကဲတွေက လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို တင်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက အစိုးရသစ် လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက သံအမတ်တွေ အပြောင်းအလဲတွေ ရှိနိုင်တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ ဒီကနေ့မှာတော့ ဒီအကြောင်းတွေကို ဆွေးနွေးသွားတာမရှိခဲ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက် ၉နာရီခွဲ အချိန်က နိုင်ငံခြားရေးဝန်ကြီးဌာနကို သွားရောက်ခဲ့တာဖြစ်ပြီး ဝန်ကြီးဌာနက ဦးစီးဌာန ၇ခုက တာဝန်ရှိသူတွေနဲ့ ၁နာရီလောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့တာကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းက အခုလို ပြောပါတယ်။

"ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာတဲ့ ဦးစီးဌာန အကြီးအကဲတွေကို တွေ့တဲ့ပွဲပါ။ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ထားတဲ့ အလုပ်တွေကို ကျနော်တို့ တင်ပြပါတယ်။ တင်ပြတဲ့နေရာမှာ ကျနော်တို့ ဘာဆက်လုပ်ဖို့ဆိုတဲ့ဟာတွေကို သူလမ်းညွှန်ခဲ့ပါတယ်။ နိုင်ငံအပေါ်ကို သစ္စာရှိဖို့၊ အလုပ်ကို ကြိုးစားလုပ်ဖို့ ဆိုတဲ့ဟာကို သူပြောသွားပါတယ်။"

အစိုးရသစ်လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်တွေနဲ့ သံအမတ်တွေ အပြောင်းအလဲ ရှိနိုင်မယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမျာ သံတမန်တွေ ပြောင်းလဲခန့်အပ်မယ် ဆိုတာကိုတော့ မဆွေးနွေးခဲ့ကြကြောင်း ဦးအောင်လင်းက ပြောပါတယ်။

"ဒီကိစ္စ မပြောသွားပါဘူး။ ဒီနေ့ကတော့ အလုပ်ကိစ္စပဲ ပြောသွားတာဖြစ်ပါတယ်။"

နိုင်ငံခြားရေးဝန်ကြီးဌာနက အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူး ဦးမြထွန်းကတော့ အစိုးရသစ်အနေနဲ့ အရင်အစိုးရအဆက်ဆက်ကျင့်သုံးခဲ့တဲ့ လွတ်လပ်ပြီး တက်ကြွတဲ့၊ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးဖို့ကို ထောက်ခံကြောင်းနဲ့ အထူးသဖြင့် အင်အားကြီး တရုတ်နဲ့ အိန္ဒိယအကြားမှာ ထိန်းညှိဆောင်ရွက်ဖို့ ဟာ အရေးကြီးကြောင်း ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း အပြောင်းအလဲနဲ့ပတ်သက်လို့တော့ ဦးမြထွန်းက သူ့အမြင်ကို အခုလို ပြောပါတယ်။

" နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်တဲ့သူ စင်ကာပူလို ကောင်းကောင်း စွမ်းစွမ်းတမံ လုပ်တဲ့သူတွေကို ရှေ့တန်းတင်ပြီးတော့ မလုပ်နိုင်တဲ့သူတွေကို Kick out လုပ်တဲ့နည်းက အကောင်းဆုံးနည်းပဲလို့ ကျနော်ကတော့မြင် တယ်။ တော်တဲ့သူတွေ ရှေ့ရောက်၊ nepotism မဟုတ်ဘူးဗျာ။ လုပ်ပိုင်ခွင့်ရှိတဲ့သူ က nepotism ကိုယ့်ဆိုင်ရာကိုပဲ ဆွဲထည့်၊ ဆွဲထည့်ပြီးတော့ Post တွေ ပေးတဲ့ဟာမျိုး မလုပ်ရင်တော့ အကောင်းဆုံးပေါ့။ Top to Down စနစ်ကို တတ်နိုင်သမျှ လျှော့ ထားပြီးတော့ Bottom Up စနစ်ကို လုပ်ရင်ကောင်းမယ်။ Bottom Up ပေါ်လစီမျိုးကို တင်ပြဖို့ အခွင့်အလမ်းပေးဖို့ ကောင်းပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနအပြင် သမ္မတရုံးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွေမှာ လည်း ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။

XS
SM
MD
LG