သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ်ဟောင်း Blair မြန်မာခရီးစဉ် ပွင့်လင်းမှုရှိသင့်


ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ (Tony Blair) အနေနဲ့ သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိတဲ့အပေါ်မှာ စိတ်ပျက်မိတဲ့အကြောင်း မြန်မာ့အရေး ဆောင်ရွက်နေတဲ့ လူ့အခွင့်အရေး အဖွဲ့တချို့က ထုတ်ဖော်ပြောဆိုနေကြပါတယ်။ မစ္စတာ ဘလဲအနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေမှာ အလေးပေး ကူညီ ဆောင်ရွက်တာမျိုးလည်း မရှိဘူးဆိုတဲ့ ဝေဖန် မှုတွေကလည်း ရှိနေတာပါ။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ ဟာ ပြီးခဲ့တဲ့သောကြာနေ့က ဒုသမ္မတ ဦဉာဏ်ထွန်း အပါအဝင် မြန်မာအစိုးရ ထိပ်တန်း အရာရှိတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့သလို မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအတွက် အဓိကကျတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက်အကူ ပြုဖို့နဲ့ အုပ်ချုပ်ရေးနဲ့ ပြည်သူလူထု စီမံခန့်ခွဲရေးကိစ္စတွေ ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ဖို့ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ဒုသမ္မတနဲ့ မစ္စတာ ဘလဲတို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတဲ့ အကြောင်း မြန်မာသမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အသေးစိတ် ဆွေးနွေးမှုတွေကိုတော့ မသိရပါဘူး။ မစ္စတာ ဘလဲအနေနဲ့ သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိတဲ့အပေါ်မှာ စိတ်ပျက်မိတဲ့အကြောင်း ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK ညွှန်ကြားရေးမှူး မာ့ခ် ဖာမနာ (Mark Farmaner) က ပြောပါတယ်။

“မစ္စတာ တိုနီ ဘလဲ ဒုတိယအကြိမ် မြန်မာနိုင်ငံကို သွားတဲ့အပေါ်မှာ ကျနော်တို့ Burma Campaign UK အဖွဲ့အနေနဲ့ စိုးရိမ်တာ ရှိပါတယ်။ ခရီးစဉ်မတိုင်ခင် ပြည်တွင်း ပြည်ပမှာ လှုပ်ရှားနေကြတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး မြန်မာ
နိုင်ငံရဲ့ အခြေအနေတွေကို ပိုပြီးတော့ နားလည်အောင်လုပ်တာမျိုး မရှိခဲ့ပါဘူး။ မြန်မာအစိုးရ အရာရှိတွေနဲ့ပဲ သူ အဓိက တွေ့ဆုံဆွေးနွေးပုံရပါတယ်။ မြန်မာနိုင်ငံကို သွားရောက်တဲ့ အကြောင်းနဲ့ပတ်သက်လို့လည်း ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ထားပါတယ်။ ဒီခရီးစဉ်တွင်းမှာ တိုင်းရင်းသား အဖွဲ့တချို့နဲ့ တွေ့တာ ရှိပါတယ်။ ဒါကြောင့် တချို့ ထင်ကြေးပေးနေကြတာကတော့ ဗြိတိန်အစိုးရ ထောက်ခံ အားပေး ထားတဲ့ မြောက်ပိုင်း အိုင်ယာလန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်တဲ့သူတွေကို မြန်မာနိုင်ငံကို ခေါ်သွားပြီးတော့ အဲ့ဒီက အခြေအနေတွေကို လေ့လာဖို့ဆိုတဲ့ အစပျိုး လုပ်ငန်းစဉ်တခုနဲ့ ဆက်စပ်နိုင်တယ် ဆိုတာပါ။ ပြီးတော့ သူ့ကိုယ်ပိုင် တည်ထောင်ထား တဲ့ ကွဲပြားတဲ့ ကိုးကွယ် ယုံကြည်သူတွေ အချင်းချင်း အတူယှဉ်တွဲ နေထိုင်နိုင်ရေး ကြိုးပမ်းနေတဲ့ ဖောင်ဒေးရှင်း အဖွဲ့တခုကလည်း ရှိနေတာပါ။ တခါ သူ့ရဲ့ကိုယ်ပိုင် စီးပွားရေးနဲ့ အကျိုးအမြတ်ဆိုင်ရာ ကိစ္စတွေကလည်း ရှိပါတယ်။ တချိန်တည်းမှာ တချို့ ထင်ကြေးပေးနေကြတာကလည်း သူဟာ မြန်မာအစိုးရကို ကူညီ အကြံပေးနေတယ် ဆိုတာပါ။ ဆိုတော့ သူ့ခရီးစဉ်က ဘယ်သူမှ သေသေချာချာ မသိရတဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ခရီးစဉ်ပါ။”

မစ္စတာ ဘလဲ ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မြန်မာငြိမ်းချမ်းရေးစင်တာကို သွားရောက်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်း၊ ဦအောင်မင်း တို့နဲ့ တွေ့ဆုံခဲ့သလို ရန်ကုန်မြို့မှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတချို့နဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ဆက်စပ်နိုင်တယ်လို့ တချို့က သုံးသပ်ပါတယ်။

မစ္စတာ ဘလဲဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း မြန်မာနိုင်ငံကို တကြိမ် သွားရောက်ခဲ့သလို အဲ့ဒီအချိန်ကလည်း သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။ အခု နောက်တကြိမ် သွားရောက်တာကိုကြည့်ရင် မစ္စတာ ဘလဲ အနေနဲ့ ပထမခရီးစဉ်ရဲ့ နောက်ဆက်တွဲ မပြီးပြတ်တဲ့ကိစ္စတွေအတွက် လာရောက်ပုံရတယ်လို့လည်း မာ့ခ် ဖာမနာက သုံးသပ်ပါတယ်။

“ဒီခရီးစဉ်က တိုနီ ဘလဲရဲ့ ဒုတိယအကြိမ် ခရီးစဉ်ပါ။ ဆိုတော့ အစီအစဉ်တခုခု မရှိဘဲ၊ အရင်ကတည်းက တခုခု အစပျိုး လုပ်ဆောင်နေတာ မရှိဘဲနဲ့တော့ သူ ဒီတခေါက် ပြန်သွားမှာ မဟုတ်ပါဘူး။ ဆိုတော့ သေချာတာကတော့ တခုခုကတော့ ရှိနေပါတယ်။ ဒါပေမဲ့ ဘာလဲဆိုတာကို သူတို့က မပြောကြဘူး။ ဒါက ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ သူ့အနေနဲ့ ဘာကြောင့် မြန်မာနိုင်ငံကို သွားတယ်။ ဘာတွေလုပ်နေတယ် ဆိုတဲ့အပေါ်မှာ ပွင့်ပွင့်လင်းလင်း မရှိတဲ့အပေါ်မှာရော၊ လူ့အခွင့်အရေးကိစ္စမှာ အာရုံထား ဆောင်ရွက်ခြင်းမရှိတဲ့ အပေါ်မှာပါ ကျနော်တု့ိ တကယ်ကို စိတ်ပျက်မိပါ တယ်။”


ဘာသာတရား ကိုးကွယ်ယုံကြည်မှု ကွဲပြားသူတွေအချင်းချင်း အတူယှဉ်တွဲ နေထိုင်နိုင်ရေးကို ကြိုးပမ်းနေသူ တဦးဖြစ်တဲ့ မစ္စတာ ဘလဲ အနေနဲ့ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ဖြေရှင်းတဲ့နေရာမှာ တကယ် အလုပ်ဖြစ်ပြီး အသုံးတဲ့တဲ့၊ ထိရောက်မှုရှိတဲ့ အကြံပေးမှုတွေနဲ့ ကူညီ ဖြေရှင်းပေးသင့်တယ်လို့လည်း မာ့ခ် ဖာမနာ က ပြောပါတယ်။

တကယ်လို့ အများထင်ကြေးပေးနေတဲ့အတိုင်း မြန်မာအစိုးရရဲ့ အကြံပေးတယောက် အနေနဲ့ သူ ဆောင်ရွက်မယ်ဆိုရင်လည်း ဒီကိစ္စက သေချာ စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ လက်ရှိဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ အားဖြည့် ကူညီဖို့အတွက် မစ္စတာ ဘလဲ မြန်မာနိုင်ငံကို လာရောက်ခဲ့တာလို့ ပြောဆိုတာတွေ ရှိပေမဲ့လည်း သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ သေသေချာချာ ဘာမှမသိရပါဘူး။

ရန်ကုန်မြို့ ဗြိတိန်သံရုံးက အမည်မဖော်လိုသူ သံအမတ်တဦးကတော့ မစ္စတာ ဘလဲရဲ့အခုခရီးစဉ်ဟာ ဗြိတိန်အစိုးရနဲ့ ပတ်သက်မှုမရှိဘဲ သူတည်ထောင်ထားတဲ့ တိုနီ ဘလဲဖောင်ဒေးရှင်းရဲ့ အကြီးအကဲ တဦးအနေနဲ့ လာရောက်တာဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။
XS
SM
MD
LG