သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးဟောင်း ဦးဆန်းဆင့် ထောင်ဒဏ် ၁၃ နှစ်


သာသနာ ဝန်ကြီးဟောင်း ဦးဆန်းဆင့်။
သာသနာ ဝန်ကြီးဟောင်း ဦးဆန်းဆင့်။

ရမည်းသင်းထောင်မှာ ထိန်းသိမ်းထားတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ခရိုင် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁၃ နှစ်နဲ့ ဒဏ်ငွေတစ်သိန်း ချမှတ် လိုက်ပါတယ်။ ဒီစီရင်ချက်ကို မကျနပ်တဲ့အတွက် အယူခံ အဆင့်ဆင့် ဝင်သွားမယ်လို့ ဦးဆန်းဆင့်ရှေ့နေက ဗွီအိုအေကိုပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ထောင်ဒဏ် စီရင်ချက် ချမှတ်လိုက်တာ နဲ့ ပတ်သက်လို့ တရားခံ ရှေ့နေ ဦးတင်ထွန်းကို မေးကြည့်ပါတယ်။

" ဒီကနေ့ မနက် ဆယ်နာရီခွဲကျော်ကျော်လောက်မှာ ဒက္ခိဏာတရားရုံးက စွဲဆို ထားတဲ့ ပုဒ်မ ၄၀၉ နဲ့ပဲ ရာဇဝတ် မကင်းတဲ့ ယုံကြည် အပ်နှံမှု ဖောက်ဖျက်လို့ ဆိုပြီးတော့ ထောင်ဒဏ် သုံးနှစ် ချတယ်။ နောက်တခါ ပြစ်မှုကြီး အမှတ် ၄၂/ ၂၀၁၄ တရားလိုက ဦးခင်ဋ္ဌေး၊ သတင်းတပ်ဖွဲ့က တရားလို ရဲမှူးကြီး တရားလိုပြု လုပ်ပြီးတော့ ပြစ်မှုဆိုင်ရာ ဥပဒေပေါ့ ရာဇသတ်ကြီး ဥပဒေ ၁၂၄ (က) အရ နိုင်ငံတော် အစိုးရအပေါ်မှာ အကြည်ညိုပျက်စေတဲ့ အမှုနဲ့ တရားစွဲတယ်။

အဲ့ဒီ့အမှုကိုလည်း တရားလို၊ တရားခံ သက်သေတွေ အားလုံးကို ကျနော်တို့ အကုန်လုံးကို စစ်ဆေးပြီးတော့ ဒီနေ့ မနက်ပဲ ဦးဆန်းဆင့်အပေါ်မှာ ပြစ်မှုထင်ရှား စီရင်ပြီးတော့ ထောင်ဒဏ် ဆယ်နှစ်၊ ဒဏ်ငွေက တစ်သိန်း အဲ့ဒီ့ဒဏ်ငွေတစ်သိန်းကို ကျနော်တို့ဘက်က ဒဏ်ဆောင်လိုက်တော့ ဆယ်နှစ်ပဲပေါ့။

VOA။ ။ အဲ့တော့ ဒီစီရင်ချက်အပေါ် ဘယ်လို သဘောထား ရှိပါလဲရှင့်။

"အန်ကယ်လ်တို့က မကျေနပ်ဘူးပေါ့။ အန်ကယ်လ်တို့က လွှတ်ဖို့ပဲ ပြောတာပေါ့။ အယူခံမယ် ကျနော်တို့ မကျေနပ်ဘူး။ အမိန့်ကို ကုူးလိုက်ပြီ လာမယ့် အင်္ဂါနေ့မှာ ရမယ်။ ရရင် ကျနော်တို့ မန္တလေးတိုင်း ဒေသကြီးကို တက်မယ်။ အဲ့ဒီ့ကမှ မအောင်မြင်ဘူးဆိုရင် တရားလွှတ်တော်ချုပ်ကို တက်မယ်။ တရားလွှတ်တော်ချုပ် မှာမှ ပြင်ဆင်မှု မအောင်မြင်ဘူးဆိုရင် အထူးအယူခံကို တက်မယ်။

VOA။ ။ ဦးဆန်းဆင့်ဟာ နိုင်ငံပိုင်ငွေ ကျပ်သိန်း၁၀၀ အလွဲသုံးစား လုပ်ခဲ့တယ် ဆိုတဲ့ စွဲချက်ကရော ရှင့် ။

"နောက်ဆုံး စစ်စစ်ပေါက်ပေါက် လုပ်တော့ ၇၂သိန်းတည်းပါ။ အလွဲသုံးစား လုပ်တယ် လို့ ဆိုတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်။ တလကို ဝန်ကြီးတစ်ပါးက သိန်း ၃၀ လစာ ရတယ်။ Facility တွေအပြည့်ရှိတယ်။ အဲ့ဒီ့လို ရတဲ့ လူတစ်ယောက်ဟာ ၇၂သိန်းကို ကိုယ်ကျိုးအတွက်နော် ကျနော်တို့ ဥပဒေစကားပဲပြောတာ။ ကိုယ်ကျိုးအတွက် သုံးပါ့မလား။ ကျနော်တို့က that is the question? ။

VOA။ ။ နောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ဆိုတဲ့ပုဒ်မမှာ အစိုးရဘက်က ဦးဆန်းဆင့်ကို ဘာကြောင့် ဒီလိုမျိုးစွဲချက်တင်ခဲ့တာလဲရှင့်။

"ရှင်းရှင်းပြောရရင် ကျနော်တို့ မပြောခဲ့တဲ့ စကားတွေကို သက်သေတွေနဲ့ ဖွဲ့စည်းပြီးတော့ ပြောတယ်လို့ ဆိုတယ်ပေါ့ဗျာ။ ဥပမာဆိုပါတော့ တရုတ်ပြည် လောက်ရမ်မြို့မှာ ရွှေတိဂုံစေတီ ဘုရားပုံစံ တည်တယ်။ အဲ့ဒီ့တည်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝန်ကြီး ဦးဆောင်ပြီး ကျင်းပပါတယ်။ အဲ့ဒီ့ဝန်ကြီးဦးဆောင်ပြီး ကျင်းပတဲ့ အစည်းအဝေးမှာ ဒီအစိုးရက အတု၊ နောက်တက်မယ့် အစိုးရက အစစ်လို့ ဘာအကြောင်းအရာနဲ့မှ ဆက်စပ်မှု မရှိပဲ ပြောတယ်လို့ စွပ်စွဲတာ။ ဦးဆန်းဆင့်ကိုယ်တိုင်က ပြည်ထောင်စုဝန်ကြီး သူကိုယ်တိုင် ပါဝင်တဲ့ အစိုးရကို အတုလို့ သူပေါ်တင်ပြောမလား။ ဒါ တချက်။ ဒါ ဘာအကြောင်းအရာနဲ့ဆက်စပ်သလဲ ဒီလိုသဘောပေါ့။

အစည်းအဝေးတက်တာလည်း နိုင်ငံဝန်ထမ်းတွေ၊ အဆင့်မြင့်ဝန်ထမ်းတွေ၊ ညွှန်ချုပ်တို့ ညွှန်ကြားရေးမှူးတို့ ဒုဝန်ကြီးတို့ အဲ့ဒီ့ဝန်ထမ်းတွေအပြင်ကို အဲ့ဒီ့ လူငါးဆယ်လောက် တက်တဲ့ အစည်းအဝေးမှာ ပညာရှင်တွေ ပါတယ်။ ကျနော်တို့က အဲ့ဒီ့အထဲက နှစ်ယောက်ကို ခေါ်ပြတယ်။ အဲ့ဒီ့လူတွေက ဘာပြောလည်းဆိုတော့ အဲ့လိုဝန်ကြီးက တစ်လုံးမှ မပြောပါဘူးတဲ့။ ကဲ... ဘယ့်နှယ့်လုပ်မလဲ ကျနော်ပြောတာက။"

တရားရုံးစီရင်ချက် မချခင် ရက်ပိုင်းအလိုက ဦးဆန်းဆင့်ကို စွဲဆိုထားတဲ့ပုဒ်မတွေကို ရုပ်သိမ်းပေးဖို့ လွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးရဲ့ လက်မှတ်ရေး ထိုးတောင်းဆို ထားချက်တွေကို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ကို ပေးပို့ထားပါတယ်။

ဦးဆန်းဆင့် လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုမှာ ဦးဆောင်သူ တဦးဖြစ်တဲ့ NDF အမျိူးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကို မေးကြည့်တော့-

" ဦးဆန်းဆင့်အပေါ် ထားတဲ့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထား ကို အရင်ပြောရမယ်။ ဦးဆန်းဆင့်ဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲမှာ တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့သူအဖြစ် ကျနော်တို့ အတိုက်အခံ ပါတီတွေက အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လက်ခံ ယုံကြည် ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လွှတ်တော်နိုင်ငံရေး အဖြစ် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ လွှတ်တော်ကနေ အစိုးရအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေ၊ မမှန်မကန် လုပ်ဆောင် တာတွေ တွေ့ရတဲ့ အခါမှာ အစိုးရ အဖွဲ့ကို စွပ်စွဲပြစ်တင်တဲ့အနေနဲ့ Impeach လုပ်လာတဲ့ ဥက္ကဋ္ဌ တယောက် အဖြစ် ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေက အရင်ဆုံး အသိအမှတ်ပြုထားတာဖြစ်တယ်။"

ဦးဆန်းဆင့်ဟာ အရင်နအဖ စစ်အစိုးရ လက်ထက်က ဒုတိယ ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက် အာဏာရပါတီဖြစ်တဲ့ ကြံခိုင်ဖွံဖြိုးရေး ရဲ့လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ် ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီးနောက် ၂၀၁၄ခုနှစ် ဇွန်လ အဖမ်းမခံရခင်မှာ သာသနာရေးဝန်ကြီး အဖြစ် လွဲှပြောင်းတာဝန်ပေးခြင်းခံခဲ့ရပါတယ်။

XS
SM
MD
LG