သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည် လာမည်


အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဟာ အခုလာမယ့် ဧပြီလဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင် ဘယ်လို အကူအညီပေးမလဲဆိုတာကို စူးစမ်းလေ့လာဖို့အတွက် မြန်မာနိုင်ငံနဲ့ နီပေါလ်နိုင်ငံကို မတ်လ ၂၉ ရက်နေ့ ကနေ ဧပြီ ၆ ရက်နေ့ အထိ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ နီပေါလ်နိုင်ငံကို အရင်သွားပြီးမှ မြန်မာနိုင်ငံကို သွားရောက်မှာပါ။ မြန်မာနိုင်ငံမှာတော့ လက်ရှိ မြန်မာနိုင်ငံ ဒီမိုကရေစီကူးပြောင်းမှုလုပ်ငန်းတွေမှာ ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဆိုတာကို သမ္မတဟောင်း Carter အပါအဝင် Carter Center က ကိုယ်စားလှယ် အဖွဲ့တွေ လေ့လာစူးစမ်းသွားမှာဖြစ်ပါတယ်။ သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံ မလာခင်မှာပဲ၊ Carter Center ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး၊ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိုနှိုင်းမှုတွေ
လုပ်ခဲ့တယ်လို့ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ဒါကြောင့် သမ္မတဟောင်း ဂျင်မီကာတာ ဟာ မြန်မာနိုင်ငံကို လာရောက်တဲ့အခါ သမ္မတဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရပိုင်းက ခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေကို တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ Carter Center ဟာ ကမ္ဘာအရပ်ရပ်မှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် တွန်းအားပေးဆောင်ရွက်နေသလို၊ ပဋိပက္ခဖြစ်နေတဲ့နေရာတွေ မှာ ငြိမ်းချမ်းရေးရနိုင်ဖို့ အကူအညီပေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း ပါဝင် အကူအညီပေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
XS
SM
MD
LG