သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fortify Rights အဖွဲ့ ရိုဟင်ဂျာအရေးစွပ်စွဲချက် မြန်မာအစိုးရ ပယ်ချ


မြန်မာအစိုးရဟာ ရိုဟင်ဂျာ မူဆလင်တွေအပေါ် ခွဲခြားဆက်ဆံနေတာဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ရာ ရောက်တယ်လို့ Fortify Rights လို့ခေါ်တဲ့ အခွင့်အရေးများ ခိုင်မာအောင် လုပ်ဆောင်ရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကတော့ ဒီအဖွဲ့ဟာ ရိုဟင်ဂျာတွေအတွက် စည်းရုံးပြောဆိုပေးနေတဲ့ အဖွဲ့အစည်း တခုသာဖြစ်တဲ့အတွက် အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အချက်အလက်တွေဟာ ခိုင်မာမှု မရှိဘူးလို့ ငြင်းဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာ မူဆလင်တွေအပေါ် ဖိနှိပ်ချုပ်ချယ်ပြီး လူ့အခွင့်အရေး ချိုးဖောက်တဲ့ မူဝါဒတွေ ချမှတ် ကျင့်သုံးနေတယ်ဆိုတာတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအခြေစိုက် Fortify Rights လို့ခေါ်တဲ့ အခွင့်အရေးများ ခိုင်မာအောင် လုပ်ဆောင်ရေးအဖွဲ့က စာမျက်နှာ ၇၉ မျက်နှာပါ အစီရင်ခံစာကို ဒီကနေ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာရှိတဲ့ ရိုဟင်ဂျာတွေအပေါ် ခရီးသွားလာခွင့်၊ လက်ထပ်ခွင့်နဲ့ ကလေးမွေးဖွားခွင့်တွေ အပါအဝင် ကန့်သတ်မှုတွေ ချမှတ်ပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတယ်လို့ အစိုးရထံက လျှို့ဝှက်ရရှိထားတဲ့ အချက်အလက်တွေမှာ တွေ့ရတဲ့အကြောင်း Fortify Rights အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရထံက သူတို့ရရှိထားတဲ့ လျှို့ဝှက် အထောက်အထားတွေအရ အဲဒီ ချိုးဖောက်မှုတွေ လုပ်ဆောင်တဲ့နေရာမှာ အစိုးရအနေနဲ့ တက်တက်ကြွကြွ ပါဝင်ပတ်သက်နေတာကို တွေ့ရတယ်လို့ Fortify Rights အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Matthew Smith က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ပြောလိုတာကတော့ ပြည်နယ်နဲ့ ဗဟိုအစိုးရ အာဏာပိုင်တွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက် ပြုလုပ်နိုင်အောင် ကျနော်တို့မှာ သက်သေ အထောက်အထား အလုံအလောက် ရှိတယ်ဆိုတာပါပဲ။ ရိုဟင်ဂျာတွေဖြစ်လို့ သူတို့ကိုရွေးပြီး အခုလို လုပ်တာပါ။ ဒီကျူးလွန် ချိုးဖောက်မှုတွေဟာ ကျယ်ပြန့်ပြီး စနစ်တကျ ပြုလုပ်တာ ဖြစ်တယ်ဆိုတာကို ကျနော်တို့ မှတ်တမ်းတင်နိုင်ပါတယ်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်ရာ ရောက်ပါတယ်ဆိုတဲ့ ရာဇဝတ်မှုတွေကို သတ်မှတ်ထားတဲ့ ရောမဥပဒေ စည်းမျဉ်းစည်းကမ်းတွေရဲ့ ဘောင်ထဲဝင်တယ် ဆိုတာ ကျနော်တို့ အဆင့်တခုအထိ သက်သေပြထားပါတယ်။”

ဒါပေမဲ့ ဒီအဖွဲ့ဟာ ရိုဟင်ဂျာတွေအတွက် စည်းရုံးလုပ်ဆောင်ပေးနေတဲ့ အဖွဲ့ဖြစ်တဲ့အတွက် အစီရင်ခံစာပါ အချက်အလက်တွေဟာ ခိုင်လုံမှု မရှိဘူးလို့ မြန်မာအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။

“အခု ထုတ်ပြန်တဲ့ Fortify Rights ဆိုတဲ့ အဖွဲ့ရဲ့ အရင် ကြေညာချက်တွေမှာလည်း ကျနော်တို့ လေ့လာဖူးပါတယ်။ ဒီအဖွဲ့ဟာ ဘင်္ဂါလီတွေအတွက် သက်သက် လော်ဘီ လုပ်တဲ့ အဖွဲ့ပဲဖြစ်တဲ့အတွက်ကြောင့် ဒီအစီရင်ခံစာမှာပါတဲ့ အချက်အလက်တွေဟာလည်း ခိုင်မာမှုမရှိသလို၊ စွပ်စွဲချက်တွေဟာလည်း တဖက်သတ် စွပ်စွဲချက်ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဒါတွေကို လုံး၀ လက်မခံပါဘူး။ ဒီကနေ့ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ် နေရာဒေသ အနှံ့အပြားကို လာရောက် လေ့လာပြီးတော့မှ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အားလုံးကလည်း ဒီလိုမျိုး ဟုတ်လား ပြစ်မှုမျိုးကို ကျူးလွန်နေတယ်လို့ စွပ်စွဲတာ မရှိပါဘူး။ အဲ့ဒါကို ထိုင်းနိုင်ငံမှာပဲ အခြေပြုနေတဲ့ အဖွဲ့တခုက ဘင်္ဂါလီတွေ ပြောသမျှ အချက်အလက်တွေကိုပဲ လက်ခံပြီးတော့မှ ဒီလို အစီရင်ခံစာမျိုးထုတ်တာ အင်မတန်မှလည်း ရယ်စရာကောင်းတဲ့ကိစ္စပါ။”

ရိုဟင်ဂျာတွေနဲ့ဆိုင်တဲ့ မြန်မာအစိုးရရဲ့ ပေါ်လစီတွေဟာ ရိုဟင်ဂျာတွေ နေလို့မရဘဲ ထွက်ပြေးရလောက်အောင် တင်းကြပ်လွန်းတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေက ဒေသခံတွေရဲ့ လူနေမှုစရိုက်ကို ထိပါးလာစေလောက်တဲ့အထိ မူဆလင် လူဦးရေ ကြီးထွားလာနေတဲ့အပေါ် ဒေသခံတွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေတာကို တွေ့ရတဲ့အကြောင်းနဲ့ အဲဒီလို စိုးရိမ်မှုတွေဟာ ထိပ်ပိုင်း အစိုးရ အရာရှိတွေရဲ့ ပြောဆိုမှုတွေကြောင့်ဖြစ်ပြီး လက်တွေ့မကျတဲ့ စိုးရိမ်မှုမျိုးသားဖြစ်တယ်လို့ Matthew Smith က ပြောပါတယ်။

“ကျနော်တို့ လက်ခံရရှိတဲ့ စာရွက် စာတမ်းတွေအရ ဒီအမြင်တွေကို ၁၉၉၀ ခုနှစ်ကတည်းကစလို့ မြန်မာထိပ်တန်းအစိုးရ အရာရှိတွေလည်း လက်ခံကြတာ တွေ့ရပါတယ်။ မူဆလင် လူဦးရေ သိပ်ကြီးထွားလာပြီး ထိန်းချုပ်ဖို့ လိုတယ်ဆိုတာကို သူတို့လည်း တသားထဲ ပြောကြတာပါပဲ။ ဒီစွပ်စွဲချက်တွေကိုလည်း လက်တွေ့ကျတဲ့ သက်သေ အထောက်အထားတွေမရှိဘဲ သူတို့ ပြုလုပ်နေတာ ဖြစ်ပါတယ်။”

အဲဒီဒေသမှာပဲ တအိမ်ထောင် ကလေး ၂ ယောက်သာ မွေးဖွားခွင့်ရှိတယ်ဆိုတဲ့ ကန့်သတ်မှု ထုတ်ပြန်ထားတဲ့ အထောက်အထားတွေ သူတို့ တွေ့ရှိရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ အစိုးရ ပြောခွင့်ပုဂ္ဂိုလ် ဦးရဲထွဋ်က တချိန်က ဒေသန္တရအစိုးရက အဲဒီလို ပေါ်လစီမျိုး လိုအပ်ချက်အရ ကျင့်သုံးခဲ့ပေမဲ့ အခုချိန်မှာ အဲဒီလို မူဝါဒမျိုး မရှိတော့ဘူးလို ပြောပါတယ်။

“အခုကတော့ ဒီမူဝါဒ မရှိပါဘူး။ ဒီမူဝါမျိုးက ဘယ်တုန်းကမှ ကျင့်သုံးတာ မရှိပါဘူး။ သို့သော် ဟိုတချိန်တုန်းကတော့ ဒေသန္တရအခြေအနေ ဗူးသီးတောင်၊ မောင်တောဒေသမှာ အမျိုးသမီးတွေရဲ့ သားဆက်ခြားလုပ်ငန်းတွေကို ပါဝင် ဆောင်ရွက်ခွင့်မရှိဘူး။ မရှိဘဲနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ခံရတာမျိုး ဖြစ်တဲ့အတွက်ကြောင့် မို့လို့ အမျိုးသမီး သားဆက်ခြား စီမံကိန်းမှာ ပါဝင်လုပ်ဆောင်ခြင်း မရှိဘူးဆိုရင်တော့ ကလေးကို နှစ်ယောက်ထက် ပိုမယူရင် ကောင်းမယ်ဆိုပြီးတော့မှ ဒေသန္တရက လုပ်ခဲ့တာပါ။ အဲ့ဒါက ဟိုတုန်းက အစိုးရရဲ့ ပေါ်လစီမဟုတ်သလို၊ အခု အစိုးရရဲ့ ပေါ်လစီလည်း မဟုတ်ပါဘူး။ အဲ့ဒီ ဒေသန္တရ အမိန့်ကိုလည်း အခုချိန်မှာ ဆောင်ရွက်ခြင်း မရှိတော့ပါဘူး။”

မြန်မာအစိုးရအနေနဲ့ လုပ်ဆောင်သင့်တဲ့ အကြံပြုချက်တွေကို Fortify Rights အဖွဲ့က တင်ပြထားတဲ့အထဲ ၁၉၈၂ ခုနှစ် နိုင်ငံသားဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖို့ အချက်ပါ ပါဝင်ပေမဲ့ အစိုးရဘက်ကတော့ မကြာခင် ပြုလုပ်တော့မယ့် သန်းခေါင်စာရင်း ကောက်ယူမှု အပါအဝင် တည်ဆဲဥပဒေအတိုင်းပဲ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။
XS
SM
MD
LG