သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Forum 2000 အကြံပေးအဖွဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား အင်္ဂလန်တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၉၊ ၂၀၁၂။)
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား အင်္ဂလန်တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၉၊ ၂၀၁၂။)
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား တို့ဟာ Forum 2000 အဖွဲ့ရဲ့ နိုင်ငံတကာ အကြံပေးဘုတ်အဖွဲ့ထဲမှာ ပါဝင်လာကြပြီလို့ Forum 2000 အဖွဲ့က ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီမိုကရေစီရေးကျိုးပမ်းမှုကြောင့် ကမ္ဘာကချစ်ခင်လေးစားမှုခံရသူ ၂ဦးပါ အခုလို ပါဝင်လာတာမို့ ဒီအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေ ပိုမိုအားကောင်း လာမှာ ဖြစ်တဲ့အပြင် ကမ္ဘာအနှံ့က လူတွေအတွက် ပိုအားတက်လာစေတယ်လို့ ဖိုရမ် ၂၀၀၀ ဆွေးနွေးပွဲကို တက်ရောက်မယ့် သူတွေက သုံးသပ်ပါတယ်။

ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မျက်နှာချင်းဆိုင်ဆွေးနွေး အဖြေရှာနိုင်ဖို့ စဉ်းစားခဲ့တဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံက ကွယ်လွန်သူ သမ္မတဟောင်း Vaclav Havel က ဦးဆောင်ပြီး ဂျပန်နိုင်ငံသား Yohei Sasakawa နဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် Elie Wiesel တို့နဲ့ အတူ ၁၉၉၆ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Forum 2000 အဖွဲ့ဟာ နှစ်စဉ် နိုင်ငံတကာက လူ့အခွင့်အရေး ဒီမိုကရေစီရေး ဦးဆောင်နေသူတွေနဲ့ အစည်းအဝေးကျင်းပ နေတာဖြစ်ပြီး ၁၆ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံကိုတော့ အောက်တိုဘာလ ၂၁ရက်နေ့ကနေ ၂၃ရက်နေ့အထိ Prague မှာကျင်းပမှာဖြစ်ပါတယ်။

ဒီညီလာခံမကျင်းပခင် ကြာသပတေးနေ့ကတော့ အဖွဲ့အကြီးအကဲ Jakub Klepal က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားတို့ပါ အဖွဲ့ရဲ့ အကြံပေးဘုတ်အဖွဲ့မှာ ပါဝင်လာပြီဖြစ်ကြောင်း ကြေငြာခဲ့ ပါတယ်။

ဒီညီလာခံကိုတက်ရောက်ဖို့ အဖိတ်ကြားခံရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကတော့ ဒါဟာ ဒီအဖွဲ့ကို ပိုမိုအားကောင်း လာစေတယ်လို့ ပြောပါတယ်။

ဦးကိုကိုကြီး။ ။“ ကွန်ဖရင့် ၂၀၀၀ ကိုစီစဉ်တဲ့ အဖွဲ့အစည်းက People in Need အဖွဲ့ပါ မစ္စတာ ဗားစလပ်ဟာဗဲလ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ တည်ထောင်ထားတာ ဆိုတော့ ဒီအဖွဲ့အစည်းက နိုင်ငံတကာမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်နေတဲ့ နိုင်ငံတွေ အတွက် ဒီလိုမျိုး ဆွေးနွေးပွဲတွေ လုပ်တဲ့နေရာမှာ ကျွန်တော်တို့ နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင် တယောက်၊ မစ္စတာ ဒလိုင်လားမား လို ပြည်သူတွေ အတွက် တောက်လျှောက် ရပ်တည်ခဲ့တဲ့ သူတွေ ပါဝင်လာခြင်းဟာ ဒီအဖွဲ့အစည်း ဒီကွန်ဖရင့်ကို ပိုပြီးအားကောင်း လာစေတယ်။ နောက် ကျွန်တော်တို့ ကမ္ဘာအနှံ့က ပြည်သူတွေ အတွက်လည်း ပိုပြီးတော့ အားတက်စရာတွေ ဖြစ်လာစေတယ်လို့ ကျွန်တော် အဲဒီလိုပဲ ခံစားရပါတယ်။”

မေး။ ။ဖိုရမ်၂၀၀၀ ရဲ့ ၁၆ကြိမ်မြောက် ညီလာခံမှာ မြန်မာနိုင်ငံက ဘယ်နှစ်ယောက်တက်မှာပါလဲ ဦးကိုကိုကြီး။

ဦးကိုကိုကြီး။ ။“အခုကျွန်တော်သိသလောက်က အန်ကယ်ဦးအုန်းကြိုင်တက်မယ်။ နောက် ကျွန်တော်တက်မယ်။ ဒေါက်တာကျော်သူနောက် မခင်သန်းမြင့်၊ နောက် ကျွန်တော်တို့ မင်းရန်နောင်တက်မယ်။ နောက်ဒေါ် စူစန်နာ လှလှစိုးက တော့ သူက တခြားအခန်းအနား တခုရှိလို့ မတက်ဖြစ်ဖူးလို့ သိရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကနေ တက်ကြမယ့်သူတွေကတော့ အဲဒါပဲပေါ့လေ။”

မေး။ ။မြန်မာနိုင်ငံက ၆ယောက်ဖိတ်တဲ့ထဲမှာ ၅ယောက်တက်ဖြစ်တယ်ပေါ့နော်။ ဖိုရမ် ၂၀၀၀ နဲ့ ပါတ်သက်ပြီးတော့ ဘာတွေ ဆွေးနွေးကြတယ် ဆိုတာ။ ကိုယ်ကတော့ ဒါက ပထမဦးဆုံးအကြိမ်တက်တာဆိုတော့ ထူးထူးခြားခြား ဘာတွေများ မျှော်လင့်ထားပါသလဲ။ ဒီအခန်းအနားနဲ့ ပါတ်သက်ပြီးတော့။

ဦးကိုကိုကြီး။ ။“အခုကတော့ နိုင်ငံတကာ နိုင်ငံရေး နယ်ပယ်မှာ အစဉ်အလာကြီးမားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒီမှာလာပြီးတော့ တက်ကြတာတွေ ပြောကြတာတွေ တွေ့ရတော့ ကျွန်တော်ကတော့ ဒါဟာ ပထမဦးဆုံး အတွေ့အကြုံလည်း ဖြစ်တယ်။ နောက် ဒါကျွန်တော့အနေနဲ့ လေ့လာ သင်ယူစရာ တွေလည်း အများကြီးရလိမ့်မယ်လို့ အဲဒီလိုပဲ ကျွန်တော်တို့ မျှော်လင့်ထားခဲ့တာပေါ့။ ကျွန်တော်သိသလောက်ကတော့ တက်လာတဲ့သူတွေကနေ ပြီးတော့ သူတို့ရဲ့ အတွေ့အကြုံတွေ သူတို့ နိုင်ငံတကာက အပြောင်းအလဲတွေ အပေါ်မှာ အမြင်တွေပေါ့လေ။ အဲဒါတွေ သုံးသပ်ဆွေးနွေးကြမယ်။ ကျွန်တော် အဲလောက်ပဲ သိထားပါတယ်။”

မေး။ ။မြန်မာနိုင်ငံက ပုဂ္ဂိုလ် တယောက်အနေနဲ့ အဖိတ်ခံရတဲ့အခါမှာ ဦးကိုကိုကြီးအနေနဲ့ ဘာတွေများ တင်ပြနိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။

ဦးကိုကိုကြီး။ ။ “ကျွန်တော်ကတော့ ကျွန်တော်တို့ နိုင်ငံ အပြောင်းအလဲ နောက် ကျွန်တော်တို့ သက်တမ်း အတွေ့အကြုံပေါ့နော်။ အဲဒါတွေနဲ့ ဒီ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍ ပေါ့။ အဲဒါတွေကို ကျွန်တော်ပြောဖို့ စီစဉ်ထားပါတယ်။”

ကျောင်းသားခေါင်းဆောင် ကိုကိုကြီးပါ။ ဒီနှစ်ဆွေးနွေးပွဲကို နိုင်ငံတကာက ထင်ရှားတဲ့ ပုဂ္ဂိုလ် ၁၂၀ကျော်တက်ရောက်မှာဖြစ်ပြီး ဒီအထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright တို့ တိဘက်ဝန်ကြီးချုပ် Lobsang Sangay တို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အရင်နေအိမ်အကျယ်ချုပ်နဲ့နေရစဉ် ကတည်းက ညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပြီး နောင်ဆွေးနွေးပွဲတွေမှာ တက်ရောက်လာဖို့ မျှော်လင့်ထားကြောင်းလည်း ဖိုရမ် ၂၀၀၀ အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။
XS
SM
MD
LG