သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ နှစ်ပတ်လည် မန္တလေးမှာ ကျင်းပမည်


၈ လေးလုံး အခမ်းအနားကျင်းပပြီး ဆွမ်းကပ်ရေစက်ချနေစဉ်။ (သြဂုတ်လ ၈ ရက်၊ ၂၀၁၂။)
၈ လေးလုံး အခမ်းအနားကျင်းပပြီး ဆွမ်းကပ်ရေစက်ချနေစဉ်။ (သြဂုတ်လ ၈ ရက်၊ ၂၀၁၂။)
မြန်မာနိုင်ငံခေတ်သစ်သမိုင်းမှာ နိုင်ငံရေးအရ ပြောင်းလဲမှု အကြီးမားဆုံး ဖြစ်ပေါ်စေခဲ့တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်ပွဲကို ဒီနှစ် မန္တလေးမြို့မှာ ကျင်းပ ကြဖို့ စီစဉ်ထားတယ်လို့ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဦးဆောင် စီစဉ်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့အတွက် ဒီပွဲကို အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်အောင် စီစဉ်နေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရှစ်လေးလုံးရယ်လို့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ မှတ်ကျောက်တင်ထားရတဲ့ ၈ ရက်၊ ၈ လ၊ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီအရေး လူထုအုံကြွမှုကြီးဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခဲ့ကြသူတွေကို အဲဒီအချိန်က အာဏာရပါတီ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီက အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ကြီးလည်း ဖြစ်ပါတယ်။

ဒီနှစ် ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်မှာတော့ အဲဒီ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ ငွေရတုအကြိုလို့ ပြောလို့ရမယ့် ၂၄ နှစ် ပြည့်နေ့မှာ ဒီအခမ်းအနားကို မန္တလေးမြို့မှာ ကျင်းပကြဖို့ စီစဉ်နေတယ်လို့ အခမ်းအနားဖြစ်မြောက်အတွက် ဦးဆောင် လုပ်ကိုင်နေသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုပြုံးချိုက ဗွီအိုအေကို ပြောပြပါတယ်။

“ဒီနှစ် မန္တလေးမှာ ရန်ကုန်က ၈၈ မျိုးဆက် ကျောင်းသားတွေရော၊ မန္တလေးက နိုင်ငံရေးအင်အားစုတွေရော၊ နောက် တိုင်းနဲ့ပြည်နယ် အသီးသီးက ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူတွေ အားလုံး ဆုံပြီးတော့ တစုတစည်းတည်းလုပ်ကြမှာ။ ဘုန်းကြီးကျောင်း အမိုးအကာအောက် တခုတည်းမှာ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားအောင် ကျနော်တို့အားလုံး စုပေါင်းလုပ်ဆောင်ကြခြင်း ဖြစ်တယ်။ သံဃာတော်တွေကို မနက်ပိုင်းမှာ အာရုံဆွမ်းကပ်မယ်။ နောက်ပြီး ဝါဆို သင်္ကန်း ကပ်လှူပူဇော်မယ်၊ ပြီးတဲ့အခါမှာ ရေစက်ချ အခမ်းအနားတွေလုပ်မယ်။ နောက်ပြီးတော့ သံဃာတော်တွေကို နေ့ဆွမ်း ဆက်ကပ် လှူဒါန်းမယ်- အစရှိသဖြင့် ရတဲ့အချိန်ပေါ်မှာ မူတည်ပြီးတော့ တညီတညွတ်တည်းနဲ့ အေးအေးချမ်းချမ်းဖြစ်အောင် လုပ်ဖို့ စီစဉ်ထားပါတယ်။
ဒီပွဲကို ကျနော်တို့က ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် အားလုံး ပါဝင်လို့ရအောင် တတ်နိုင်သလောက် ကြိုးစားပါတယ်။ အဲဒီတော့ တော်တော်များများ သက်ဆိုင်သူတွေ မကျန်ခဲ့အောင်တော့ ဖိတ်သွားမှာပါ။”
အခမ်းအနားကိုတော့ မန္တလေးမြို့ ဒက္ခိဏရာမ ဘုရားကြီးကျောင်း အလယ်တိုက်ကြီးမှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ (၈) လေးလုံးဟာ တကယ်တော့ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ နှစ်ပတ်လည်နေ့ ဖြစ်တာကြောင့် အားလုံး အစုံအညီ တက်ရောက်နိုင်အောင် မန္တလေးမြို့မှာ ကျင်းပဖို့ စီစဉ်တာ ဖြစ်ပြီး အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်ဖို့ ရည်ရွယ်ထားတာကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ ပြုလုပ်မှာဖြစ်တယ်လို့ ကိုပြုံးချိုက ဆက်ပြောပါတယ်။

“၈ လေးလုံး အရေးတော်ပုံဟာ တနိုင်ငံလုံးကို ကိုယ်စားပြုပြီးတော့ ပေါ်ပေါက်ခဲ့တယ်။ တနိုင်ငံလုံးမှာရှိတဲ့ ဒီမိုကရေစီရေး လိုလားသူတွေ ပါဝင်ခဲ့ကြတယ်။ အဲဒီတော့ ဒီ အရေးတော်ပုံကြီး ကိုယ်နှိုက်ကိုက ဒေသအသီးသီးကို ကိုယ်စားပြုထားတာ ဖြစ်တဲ့အတွက် မန္တလေးမြို့ကို အားလုံးဆုံပြီးတော့ သွားလို့ လာလို့လည်း အဆင်ပြေနိုင်မယ်၊ အဲဒီမှာ ရန်ကုန်က ကျောင်းသားတွေလည်း သွားပြီးတော့ သံဃာတော်များရဲ့ အရိပ် အာဝါသအောက်မှာ စုပေါင်း လုပ်ဆောင်နိုင်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။”

ရှစ်လေးလုံး နှစ်ပတ်လည်ပွဲ အခုလို မန္တလေးမြို့မှာ ကျင်းပမယ်ဆိုတာ အာဏာပိုင်တွေဖက်ကလည်း သိပြီးသား ဖြစ်ပါတယ်။ အစိုးရကိုယ်တိုင်ကလည်း အခုချိန်မှာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတာကြောင့် ဒီလုပ်ငန်းတွေ ထိခိုက်အောင် သူတို့အနေနဲ့လည်း လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ကိုပြုံးချိုက ပြောပါတယ်။

“အခုချိန်ထိကတော့ ကျနော်တို့ဆီမှာ ဘာမှ သက်ရောက်မှု မရှိပါဘူး။ အေးအေးချမ်းချမ်းနဲ့ လုပ်မယ်ဆိုတာလည်း မှန်းလို့ ရနေတာပဲ။ ဘာပဲပြောပြော ဒီပြောင်းလဲရေး ဖြစ်စဉ်မှာ ကျနော်တို့လည်း ဒီ ပြုပြင်ပြောင်းလဲရေးအတွက် ညှိနှိုင်းလို့ရတဲ့ ဘယ်သူနဲ့မဆို လုပ်နိုင်သမျှ အလုပ်တွေကို တွဲလုပ်နေကြ တာလည်း တချို့ဆိုလို့ရှိရင် ခရီးရောက်တာလေးတွေ ရှိပါတယ်။ အဲဒီတော့ ဒီနေ့၊ ဒီကာလ၊ ဒီအချိန်မှာ ရပြီးသား အခြေအနေလေးတွေ တိုးတက်ဖို့ပဲ စဉ်းစားပါတယ်။ အခု ခန့်မှန်း ရသလောက်ဆိုရင် လူ ၁ ထောင် အထက်မှာ ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းရဲ့ အကျယ်အဝန်းက ဘုန်းကြီးကျောင်း တွေ အဲဒီ ပတ်ချာလည်မှာ အများကြီး ရှိနေတယ်။ ကျနော်တို့ စီစဉ်ထားတဲ့နေရာနဲ့တော့ အဆင်ပြေအောင် ကြိုးစားမှာပါ။”

ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ကျောင်းသားအများအပြားဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ နောက်ပိုင်းမှာ အများအပြား ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသလို အများစုကလည်း နယ်စပ် ဒေသတွေကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။

ရှစ်လေးလုံး မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရယ်လို့ ဖြစ်ပေါ်လာတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဟာလည်း အခုနှစ် ဇန်နဝါရီလလယ်လောက်ကမှ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ နှစ်ရှည် ဖမ်းဆီး ထိန်းသိမ်းထားခံရာကနေ ပြန်လည် လွတ်မြောက်လာခဲ့ကြတာ ဖြစ်ပါတယ် ခင်ဗျား။
XS
SM
MD
LG