သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ခိုက်မှုဆက်ဖြစ်နိုင်ခြေ ပြင်သစ်စိုးရိမ်


ပါရီမြို့တော်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ် နိုဝင်ဘာ ၁၄၊ ၂၀၁၅
ပါရီမြို့တော်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ် နိုဝင်ဘာ ၁၄၊ ၂၀၁၅

ပြင်သစ်သမ္မတ Francois Hollande က သူတို့အပေါ် စစ်ပွဲဆင်နွှဲတယ်လို့ သတ်မှတ်လိုက်တဲ့ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို ပြင်သစ် အာဏာပိုင်တွေက စနေနေ့မှာ အပူတပြင်း လိုက်လံရှာဖွေ နေကြသလို၊ အခုလို ရှုပ်ထွေးတဲ့ တိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်သူတွေဟာ နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေမှာကိုလည်း စိုးရိမ်နေကြပါတယ်။

သောကြာနေ့ ညပိုင်းမှာ ပြင်သစ်နိုင်ငံ ပါရီမြို့တလွှား နေရာ ၆ နေရာမှာ လူပေါင်း ၁၂၉ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၃၅၀ လောက် ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာလို့ IS စစ်သွေးကြွအဖွဲ့က ကြေညာခဲ့ပါတယ်။ အကြမ်းဖက်သမား ၈ ဦးသေဆုံးခဲ့တယ်လို့ ပြောပေမဲ့ အကြမ်းဖက်သမားတွေ နောက်ထပ် ရှိမရှိ သေသေချာချာ မသိရသေးသလို၊ သူတို့ရဲ့ အစွယ်အပွားတွေ ပါရီမြို့တဝိုက် ပုန်းခိုနေမနေကိုလည်း ဘယ်သူမှ မသိကြသေးပါဘူး။

ပြင်သစ် သမ္မတ Francois Hollande ကလည်း ဒါဟာ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစပြီး အသေအပျောက် အများဆုံးဖြစ်ရပ်ဖြစ်သလို ဒါဟာ IS စစ်သွေးကြွတွေရဲ့ လက်ချက်လို့ အပြစ်တင်ခဲ့ပါတယ်။ ဆီးရီးယားနဲ့ အီရတ်မှာ caliphate အစ္စလာမ်နိုင်ငံ ထူထောင်ဖို့ ဒီအကြမ်းဖက် အဖွဲ့က ကြိုးစားနေတာကို ဝိုင်းဝန်းဖိနှိပ်ဖို့ ကြိုးစားသူတွေအပေါ် တိုက်ခိုက်မှုတွေ လုပ်နေတာဖြစ်ပြီး ဒီအထဲမှာ ပြင်သစ်က ထိပ်ဆုံးက ပါနေတာမို့ ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဆိုပါတယ်။

အခုတိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ တိုက်ခိုက်သူတွေဟာ ပြင်သစ်နိုင်ငံသားတွေ ဟုတ်မဟုတ် သူတို့ရဲ့ အစွယ်အပာါးတွေ နောက်ထပ် တိုက်ခိုက်ဖို့ စောင့်နေမှု ရှိမရှိ သိရအောင် အာဏာပိုင်တွေက ကျိုးစားရှာဖွေနေဆဲပဲလို့ ပြင်သစ်နိုင်ငံ အကြမ်းဖက် တိုက်ဖျက်ရေးအဖွဲ့ အရာရှိတဦးက ပြောပါတယ်။ နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်နိုင်အောင်လည်း အစောင့်တွေ တိုးချထားတာပါ။

အမေရိကန် သမ္မတ အိမ်ဖြူကတော့ သမ္မတ Barack Obama ဟာ တူရကီက G - 20 ထိပ်သီးအစည်းအဝေး မသွားခင် စနေနေ့က သူ့ရဲ့နိုင်ငံတော် လုံခြုံရေး အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတ အိုဘားမားနဲ့ လက်ထောက်တွေက အခု ပါရီက အတိုက်ခိုက်ခံရမှုမှာ IS အဖွဲ့ နောက်ကွယ်က ရှိနေတယ်ဆိုတဲ့ ပြင်သစ်ထောက်လှမ်းရေးတွေရဲ့ တွေ့ရှိချက်အတွက် ကန့်ကွက်စရာမရှိကြောင်း ပြောပါတယ်။ အမေရိကန်နိုင်ငံမှာတော့ အခုအချိန်မှာ အိုင်အက်စ်တွေရဲ့ ခြိမ်းခြောက်မှု တော့ မရှိသေးဘူးလို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

XS
SM
MD
LG