သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ကို ပြင်သစ်လက်နက်ရောင်း


လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပေမဲ့လည်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ လက်နက်အရောင်းအဝယ် သဘောတူညီချက်တွေ ရရှိနိုင်ဖို့ ရည်ရွယ်ပြီး ပြင်သစ်သမ္မတ Francois Hollande အီဂျစ်နိုင်ငံကို တနင်္ဂနွေနေ့ သွားရောက်မှာ ဖြစ်ပါတယ်။

သမ္မတ အော်လန်းဒ်ရဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ခရီးစဉ်ဟာ - လက်ဘနွန်နိုင်ငံမှာ စနေနေ့ကစတင်ပြီး၊ အင်္ဂါနေ့ ဂျော်ဒန်နိုင်ငံမှာ အဆုံးသတ်မယ့် ၄ ရက်ကြာ အရှေ့အလယ်ပိုင်းခရီးစဉ်ရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။ ခရီးစဉ်တွေအတွင်း - အီရတ်၊ ဆီးရီးယားနဲ့ လစ်ဗျားနိုင်ငံတွေက အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှု အခြေအနေတွေကအစ၊ ဒုက္ခသည်အရေး၊ ကာလကြာရှည်ဖြစ်ပွားနေတဲ့ အစ္စရေးလ်-ပါလက်စတိုင်း ပဋိပက္ခတွေအဆုံး အပြန်အလှန် စိုးရိမ်စရာ ကိစ္စရပ်တွေကိုလည်း အာရပ်မဟာမိတ်တွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

တနင်္လာနေ့ကျရင်တော့ - ပြင်သစ်သမ္မတ အော်လန်းဒ် နဲ့ အီဂျစ်သမ္မတ Abdel-Fatah el-Sissi တို့နှစ်ဦးဟာ ပြင်သစ်နိုင်ငံထုတ် စစ်တပ်သုံး ဂြိုဟ်တုဆက်သွယ်ရေးစနစ် အပါအဝင် ဒေါ်လာ ၁.၁ ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ လက်နက်တွေကို အီဂျစ်နိုင်ငံက ဝယ်ယူမယ့် သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးမယ့် အခမ်းအနားကို တက်ရောက်မှာ ဖြစ်တယ်လို့လည်း ပြင်သစ်နိုင်ငံက La Tribune အင်တာနက် ဝပ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

အခုနောက်ဆုံး လက်နက်အရောင်းအဝယ် သဘောတူညီချက်ကြောင့် အီဂျစ်နိုင်ငံကို လက်နက်ရောင်းချရာမှာ အမေရိကန်ထက် ကျော်လွန်ပြီး ပြင်သစ်နိုင်ငံက ထိပ်တန်းရောက်လာသလို၊ ပြင်သစ်နိုင်ငံရဲ့ ဘဏ္ဍာရေးလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းနိုင်ခဲ့ကြောင်းလည်း ပဲရစ်အခြေစိုက် ကာကွယ်ရေးဆိုင်ရာ သတင်းထောက် Pierre Tran ကပြောပါတယ်။

XS
SM
MD
LG