သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲရစ်ပစ်ခတ်မှု သံသယရှိသူ ရ ဦးကိုဖမ်းဆီး


ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ ရှိတဲ့Charlie Hebdo (ချာလီ ဟဘ်ဒို) မဂ္ဂဇင်းရဲ့ ရုံးချုပ်မှာလူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုရဲ့ လက်သည် အဖြစ် သံသယရှိထားသူ ၂ ဦးကို ရှာဖွေမှုအတွင်း လူ ၇ ဦးကို ဖမ်းဆီးထားပြီလို့ ပြင်သစ် တာဝန်ရှိသူတို့ က ပြောပါတယ်။ Charlie Hebdo မဂ္ဂဇင်းကတော့ သရော်စာတွေ ရေးသားပြီး အပတ်စဉ် ထုတ်ဝေနေတာလည်း ဖြစ်ပါတယ်။ အခု သံသယ ရှိထားသူ ၂ ဦးတို့ဟာ ထောက်လှမ်းရေး အချက်အလက်တွေကို သိရှိထားသူ ဖြစ်တယ် လို့ ပြင်သစ် ဝန်ကြီးချုပ် Manuel Valls က ဒီကနေ့မှာဘဲ သတင်းထောက်တွေ ကို ပြောပါတယ်။

သူတို့ဟာ စစ်သားတွေလိုဘဲ လှုပ်ရှား ဆောင်ရွက်ခဲ့တယ်လို့လည်း သူက ထပ်လောင်း ပြောပါတယ်။ ဒုတိယ အကျော့ တိုက်ခိုက်မှုတွေကို ကြိုတင် ကာကွယ်နိုင်ရေးက အစိုးရရဲ့ အဓိက စိုးရိမ်ချက် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ပဲရစ်မြို့ တော် တောင်ပိုင်းမှာ ဒီကနေ့ ရဲမေ တဦး အသေ ပစ်သတ်ခံရတယ်လို့ ရဲတို့က ပြောပါတယ်။ ဒါပေမယ့်လည်း ဒီပစ်ခတ်မှုဟာ Charlie Hebdo မဂ္ဂဇင်းတိုက်ကို ဝင်ရောက် ပစ်ခတ်သူတွေကို ရှာဖွေမှုနဲ့ သက်ဆိုင်မှု ရှိသလား၊ မရှိဘူးလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

မနေ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာတော့ အသက် ၁၈ နှစ်အရွယ် Mamyd Mourad က အာဏာပိုင်တို့ထံမှာ လက်နက်ချ ဖမ်းဆီးခံခဲ့ပါတယ်။ ညီအကို နှစ်ဦး ဖြစ်တဲ့ Said (ဆာအိဒ်) နဲ့ Cherif Kouachi (ရှာရစ်ဖ် ကော့ချီ) တို့ နှစ်ဦးကိုတော့ ရဲတွေက ဆက်ပြီး ရှာဖွေနေကြပါတယ်။ ဒီညီအကို နှစ်ယောက်လုံးတို့ဟာ ပဲရစ်မြို့တော်မှာ နေထိုင်သူတွေ ဖြစ်ပြီး Cherif ကတော့ အကြမ်းဖက်မှု စွဲချက်နဲ့ ထောင်ကျခဲ့ဖူးပါတယ်။

ဒီနှစ်ယောက်တို့ဟာ လက်နက်ကိုင်ဆောင်ထားပြီး အန္တရာယ် ရှိတယ်လို့ ပြင်သစ် အာဏာပိုင်တို့က သတိပေးထားပါတယ်။မူဆလင် အစွန်းရောက်တွေကို အခါအားလျော်စွာ လှောင်ပြောင်တဲ့ ကာတွန်းတွေ ဖော်ပြလေ့ ရှိတဲ့ အပတ်စဉ် သရော်စာ မဂ္ဂဇင်း Charlie Hebdo (ချာလီ ဟဘ်ဒို) ရုံးမှာ မနေ့က ပစ်ခတ်မှု အပြီးမှာ သံသယ ရှိခံထားရသူတွေထဲက တဦးရဲ့မှတ်ပုံတင် ID ကဒ်ကို ကားထဲကနေ ရဲတွေ တွေ့ရှိပြီး ဘယ်သူတွေ ဖြစ်တယ် ဆိုတာကို ဖော်ထုတ်ခဲ့ တာ ဖြစ်ပါတယ်။သေဆုံးခဲ့ရသူတွေ အတွက် နိုင်ငံတဝှမ်း တရက်တာ ဝမ်းနည်းကြေကွဲမှု အဖြစ် သတ်မှတ်ပြီး ပြင်သစ် နိုင်ငံ တဝှမ်းမှာ အလံတွေကို တိုက်တဝက်သာ လွှင့်ထူထားပါတယ်။

XS
SM
MD
LG