သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ရထားပေါ်က ဖမ်းမိတဲ့သေနတ်သမားကို အာဏာပိုင်တွေ စစ်ဆေးနေ


ပြင်သစ် ပြည်ထဲရေးဝန်ကြီး Bernard Cazeneuve ရဲ့ သတင်းစာရှင်းလင်းပွဲ (သြဂုတ် ၂၂၊ ၂၀၁၅)
ပြင်သစ် ပြည်ထဲရေးဝန်ကြီး Bernard Cazeneuve ရဲ့ သတင်းစာရှင်းလင်းပွဲ (သြဂုတ် ၂၂၊ ၂၀၁၅)

Netherlands နိုင်ငံ Amsterdam မြို့ကနေ ပြင်သစ်နိုင်ငံ Paris မြို့ဆီသွားနေတဲ့ မီးရထားတစင်းပေါ်မှာ ဖမ်းဆီးနိုင်ခဲ့တဲ့ သေနတ်သမားကို
ပြင်သစ်အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေပါတယ်။

သောကြာနေ့က Arras မြို့နား ရထားသွားနေစဉ်မှာ သေနတ်ကိုင်ထားသူကို ရထားတွဲပေါ်မှာ ပါလာကြတဲ့ ခရီးသည်တချို့က ဝိုင်းပြီး ဖမ်းဆီးနိုင်ခဲ့ကြတဲ့အတွက် နောက်ထပ် အများအပြား အန္တရာယ်ကျရောက်မဲ့ဘေးကနေ
ကာကွယ်နိုင်ခဲ့ကြပါတယ်။

ဖမ်းမိထားသူနဲ့ ပတ်သက်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး Bernard Cazeneuve က သတင်းစာရှင်းပွဲမှာ ခုလိုပြောကြားခဲ့ပါတယ်။

‘ဖမ်းဆီးနိုင်ခဲ့တဲ့ သေနတ်သမားဟာ မနှစ်က Belgium နိုင်ငံကို ပြောင်းရွှေ့မနေခင် စပိန်နိုင်ငံမှာ နေထိုင်ခဲ့တဲ့ ၂၆ နှစ်အရွယ် Moroccan လူမျိုးတယောက် ဖြစ်နိုင်ပါတယ်။ တကယ်သာ အဲဒီသူဖြစ်ရင်တော့ အစွန်းရောက် အစ္စလာမ်ဝါဒီဝင်တယောက်ဖြစ်တယ်လို့ စပိန်အာဏာပိုင်တွေက ပြင်သစ်အာဏာ ပိုင်တွေကို ၂၀၁၄ ခုနှစ်တုန်းက သတိပေးထားတဲ့ သူဖြစ်ပါလိမ့်မယ်’- လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး Bernard Cazeneuve က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။ သေနတ်သမားကို ဖမ်းဖို့ကြိုးစားစဉ် ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပြောပါတယ်။

သေနတ်သမားကို ဝိုင်းပြီး ဖမ်းချုပ်ခဲ့ကြသူ ၃ ယောက်ထဲက ၂ ယောက်က တာဝန်ပြင်ပချိန်မှာ ခရီးသွားနေကြတဲ့ အမေရိကန်စစ်မှုထမ်းတွေဖြစ်ပါတယ်။
စစ်မှုထမ်းတယောက်ကတော့ သေနတ်သမားကို ကြိုးနဲ့တုပ်ဖို့ ကြိုးစားစဉ် ဓါးဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတိကို ပြင်သစ်သမ္မတ၊ ပြစ်သစ်
ပြည်ထဲရေး ဝန်ကြီးတို့က ဖုန်းနဲ့ဆက်သွယ် ကျေးဇူးတင်စကားပြောခဲ့သလို သူရဲကောင်းတွေအဖြစ် Arras မြို့တော်ဝန်က ဆုတံဆိပ်တွေ
ချီးမြှင့်ခဲ့ပါတယ်။

သေနတ်သမား ပစ်ခတ်ရတဲ့အကြောင်းအရင်းကို မသိရသေးဘဲ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲအရာရှိတွေက စုံစမ်း စစ်ဆေးနေတယ်လို့ ပြင်သစ်
တာဝန်ရှိသူတွေက ပြောပါတယ်။ သေနတ်သမားဆီမှာ AK-47 ရိုင်ဖယ် သေနတ်တလက်၊ သေနတ်အတိုတလက်၊ ဓါးပါးတချောင်းနဲ့ နောက်ထပ် ဓါးတလက် ပါတယ်လို့ ရဲကပြောပါတယ်။ Belgium နိုင်ငံကို ဖြတ်ပြီး ပြင်သစ်ကိုသွားတဲ့ Thalys အဝေးပြေးရထားပေါ်မှာ ခရီးသည် ၅၅၄ ယောက် ပါခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ ၁၇ ယောက်သေဆုံးခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ဇန်နဝါရီလကတည်းက လုံခြုံရေးသတိကို တိုးမြှင့်ထားပါတယ်။

XS
SM
MD
LG