သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ၂ ဦး အပါအဝင် နိုင်ငံရေးအကျဉ်းသူ ၂၀ လွတ်မြောက်ရေး အမေရိကန်လှုပ်ရှားမှု စတင်


(Credit: Human Rights Gov)
(Credit: Human Rights Gov)

မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင် မဖြိုးဖြိုးအောင်နဲ့ အမျိုးသမီးနဲ့ လူ့အခွင့်အရေး ဦးဆောင်လှုပ်ရှားနေသူ နော်အုန်းလှတို့ နှစ်ဦး အပါအဝင် အခြားကမ္ဘာတဝှမ်းက အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၂၀ ဦး လွတ်မြောက်ရေး လှုပ်ရှားမှုကို အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့က စတင်လိုက်ပါတယ်။ ဒီလှုပ်ရှားမှု ဘာကြောင့် ဆောင်ရွက်ရသလဲ ဆိုတာကိုတော့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

FreeThe20 ဆိုတဲ့ လှုပ်ရှားမှုကို အမေရိကန် နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ စက်တင်ဘာလ တလလုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာ ရှိနေတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အခြား စိုးရိမ်မကင်းဖြစ်ဖွယ် အခြေအနေရှိနေတဲ့ အမျိုးသမီး အကျဉ်းသား ၂၀ ဦး လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power က မနေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

“အမျိုးသမီး ၂၀ ကို အသိအမှတ်ပြုတဲ့ လှုပ်ရှားမှုကို ကျမတို့ ဒီကနေ့ စတင်ဖို့ ရောက်ရှိလာတာပါ။ ဒီအမျိုးသမီးတွေဟာ ဖမ်းဆီးအကျဉ်းကျ ခံနေကြရမယ့်အစား အမျိုးသမီးတွေ စွမ်းရည် မြှင့်တင်ပေးဖို့ လုပ်ဆောင်ခွင့် ရရှိသင့်ကြသလို နောက်သီတင်းပတ် သုံးပတ်အကြာ နယူးယောက်မြို့မှာ ကျင်းပမယ့် ညီလာခံမှာလည်း ပါဝင်ဆွေးနွေးခွင့် ရသင့်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဌာနက ရွေးချယ်ထားတဲ့ အမျိုးသမီး ၂၀ ဦးကတော့ မြန်မာနိုင်ငံက ဖြိုးဖြိုးအောင်နဲ့ နော်အုန်းလှတို့ ၂ ယောက် အပါအဝင် တရုတ်နိုင်ငံက သုံးယောက်၊ အီသီယိုးပီယားက သုံးယောက်၊ Eritrea က တစ်ယောက်၊ အီရန်က တစ်ယောက်၊ Uzbekistan က တစ်ယောက်၊ Azerbaijan က တစ်ယောက်၊ ဗီယက်နမ်က နှစ်ယောက်၊ အီဂျစ်က တစ်ယောက်၊ ဗီနီဇွဲလားက တစ်ယောက်၊ ရုရှား တစ်ယောက်နဲ့ မြောက်ကိုရီးယားက တစ်ယောက် စသဖြင့် ပါဝင်ပါတယ်။ ဒီအမျိူးသမီးတွေရဲ့ အတွေ့အကြုံတွေဟာ ကမ္ဘာတဝှမ်း အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေကို ကိုယ်စားပြုတယ်လို့ Samantha Power က သတင်းထောက်တွေကို ပြောပါတယ်။

“ဒီအမျိုးသမီးတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုရုံးခွင့်နဲ့ အခြေခံကျန်းမာရေး ပြုစုစောင့်ရှောက်မှုနဲ့ ပညာသင်ပိုင်ခွင့် ရရှိရေး ကလေးငယ်တွေနဲ့ ဒုက္ခသည်တွေအရေးအပြင် ကျမတို့ လူ့အဖွဲ့အစည်းမှာ ရှိနေကြတဲ့ အခြားအကာအကွယ် မဲ့ကြသူတွေအရေး ကြိုးပမ်းခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ အမျိုးသမီး နိုင်ငံရေး အကျဉ်းသမားတွေနဲ့ စိုးရိမ်မကင်း ဖြစ်ရမယ့် အခြေအနေရှိနေတဲ့ အကျဉ်းသားတွေ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် ၂၇ နှစ်အရွယ် မဖြိုးဖြိုးအောင်ဟာ ပညာရေးလွတ်လပ်ခွင့်အတွက် ဦးဆောင်လှုပ်ရှားခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်ပြီး သူ့ကို အစိုးရအာဏာပိုင်တွေက မတ်လမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ သူ့အပေါ်စွပ်စွဲချက်တွေဟာ တရားမျှတမှု မရှိဘူးလို့ ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦး က ပြောပါတယ်။

“ဖြိုးဖြိုးအောင်အပေါ်မှာ အရေးယူထားတဲ့ ကိစ္စတွေက ပညာရေး မူဝါဒတွေ ပြုပြင်ပြောင်းလဲရေးအတွက် အဓိက လိုအပ်တဲ့ လိုအပ်ချက်တွေကို ပြင်နိုင်ဖု့ိအတွက် ဆန္ဒထုတ်ဖော်တာဖြစ်တယ်။ ဒီအပေါ်မှာ အရေးယူထားခြင်းဟာ အစိုးရအနေနဲ့ ကျောင်းသားသူငယ်တွေအပေါ်မှာ မလုပ်သင့်တဲ့ ကိစ္စရပ်ဖြစ်တယ်။ နောက်ပြီးတော့ ဥပဒေနဲ့အညီ ဖြိုခွင်းခြင်းမရှိဘဲနဲ့ အကြမ်းဖက် ဖြိုခွင်းတဲ့အတွက်လည်း ဥပဒေ အစိုးရဘက်ကနေပြီးတော့ မကောင်းတဲ့ အလားအလာတွေဖြစ်တယ်။”

အလားတူ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးနဲ့ လူ့အခွင့်အရေးလှုပ်ရှားနေသူ ဒေါ်နော်အုန်းလှအပေါ် အစိုးရက စွဲဆိုထားတဲ့ စွဲချက်တွေဟာ ဥပဒေနဲ့ မညီဘူးလို့ ဦးမင်းလွင်ဦးက ဆိုပါတယ်။

“ဒေါ်နော်အုန်းလှကို အပြစ်ပေး အရေးယူတဲ့ ကိစ္စရပ်တွေမှာ ကျနော်တို့အခု နောက်ဆုံးဖြစ်တဲ့ လက်ပံတောင်းတောင် စီမံကိန်းမှာ ဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တရုတ်သံရုံးရှေ့မှာ သွားရောက်ပြီးတော့ ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ စွဲဆိုထားတဲ့အမှု တော်တော်များများ ရှိပါတယ်။ အဲတော့ မှုခင်းဖြစ်ရပ် တခုတည်းအပေါ်မှာ သီးခြားစီ မြို့နယ်တွေကနေပြီးတော့ ပုဒ်မတွေတပ်ပြီးတော့ စွဲဆိုတယ်။ သီးခြားစီ အမိန့်ချမှတ်တာတွေက ဥပဒေနဲ့ လုံး၀ ညီညွတ်ခြင်းမရှိပါဘူး။”

Free The 20 ဆိုတဲ့ လှုပ်ရှားမှုကနေ အခုလို ဖမ်းဆီးခံနေရတဲ့ အမျိုးသမီးတွေကို အမည်နာမ ထုတ်ဖော်တာဟာ သက်ဆိုင်ရာအစိုးရတွေကို ဒီလှုပ်ရှားမှုကနေတဆင့် အမှာစကား ပါးလိုတဲ့အတွက် ဖြစ်တယ်လို့ သံအမတ်ကြီး Samantha Power က သတင်းထောက်တွေကို ပြောပါတယ်။

“ဒီအမျိူးသမီးတွေကို အခုလို အမည်တပ်ပြီး သူတို့တွေ လွတ်မြောက်ရေးအတွက် လှုပ်ရှားရတာကတော့ သက်ဆိုင်ရာ သူတို့နိုင်ငံတွေရဲ့ အစိုးရတွေနဲ့ အလားတူ ပုဂ္ဂိုလ်တွေကို ကျမတို့ အမှာစကား ပါးလိုတဲ့အတွက် ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ စွမ်းရည်မြှင့်တင်ပေးလိုတဲ့ ဆန္ဒရှိတယ်ဆိုရင် သူတို့တွေရဲ့ခံယူချက်တွေ၊ သူတို့တွေ ရုန်းကန်နေတဲ့ လူ့အခွင့်အရေးအပေါ် အခြေခံပြီး သူတို့တွေကို ဖမ်းဆီးအကျဉ်းချခြင်း မလုပ်ပါနဲ့ဆိုတဲ့ အမှာစကားပါပဲ။”

နှစ်ပေါင်း ၂၀ ကြာခဲ့ပြီးဖြစ်တဲ့ Beijing ကြေညာစာတမ်းကြီး ထွက်ပေါ်ပြီးနောက် အမျိုးသမီးတွေရဲ့ အခွင့်အရေးသာမက လူ့အခွင့်အရေး တိုးတက်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး လာမယ့် စက်တင်ဘာလ ၂ရ ရက်နေ့မှာ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ နိုင်ငံပေါင်းစုံ အစိုးရကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ က Beijing မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးညီလာခံကြီးမှာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံက အစိုးရတွေ၊ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်း ၃ သောင်းနီးပါးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီညီလာခံကြီးမှာ အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး၊ ကျား၊ မ တန်းတူဖော်ဆောင်ရေး၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ လူ့အခွင့်အရေး တိုးတက်ဖို့ ဖော်ဆောင်ရေး အစရှိတဲ့ ရည်မှန်းချက်တွေကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း ၁၉၉၅ ခုနှစ်က နောက်ပိုင်း ကျော်လွန်ခဲ့နှစ် ၂၀ မှာ တနှစ်စီကို ကိုယ်စားပြုပြီး အမျိူးသမီးပေါင်း ၂၀ ကို အခုလို လှုပ်ရှားမှုမှာ မီးမှောင်းထိုးပြသဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG