သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အင်တာနက် လွတ်လပ်ခွင့် ကျဆင်း


Freedom House အစီရင်ခံစာသစ်မှာ မြန်မာ အင်တာနက် လွတ်လပ်ခွင့် ကျဆင်းနေ
Freedom House အစီရင်ခံစာသစ်မှာ မြန်မာ အင်တာနက် လွတ်လပ်ခွင့် ကျဆင်းနေ

မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့်ဟာ ဒီနှစ်ထဲ ထပ်မံကျဆင်းသွားခဲ့တယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Freedom House ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။ အင်တာနက် လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံများ စာရင်းမှာ ထည့်သွင်းခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေနဲ့ အွန်လိုင်းအသုံးပြုသူတွေအပေါ် ထိန်းချုပ်မှုတွေ ရှိနေတယ်လို့လည်း မြန်မာမီဒီယာသမားတွေ၊ ကွန်ပြူတာ ပညာရှင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်လာခဲ့တဲ့ လွန်ခဲ့တဲ့ ၄ နှစ်ကစလို့ အင်တာနက်သုံးစွဲသူ ပိုများလာပေမဲ့ လွတ်လပ်ခွင့်တော့ မရှိသေးဘူးလို့ Freedom House အဖွဲ့ရဲ့ ၂၀၁၅ အင်တာနက် လွတ်လပ်ခွင့် အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ အင်တာနက် သုံးစွဲနိုင်တဲ့ အခက်အခဲတွေ ရှိနေတာ၊ အွန်လိုင်းစာမျက်နှာတွေမှာ အကန့်အသတ်တွေ ရှိနေတာ၊ အဆိုးဆုံးအဖြစ်နဲ့ အင်တာနက် သုံးစွဲသူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာတွေ ပိုများလာတယ်ဆိုပြီး၊ ပြီးခဲ့တဲ့နှစ်မှာ တစိတ်တပိုင်း လွတ်လပ်ခွင့်ရှိတဲ့ အဆင့်ကနေ ဒီနှစ်မှာတော့ လွတ်လပ်ခွင့် မရှိတဲ့အဆင့်ကို ပြောင်းလဲ သတ်မှတ်ခဲ့တာပါ။ မြန်မာနိုင်ငံ ကွန်ပြူတာ လုပ်ငန်းရှင်များအသင်း (မန္တလေး) ရဲ့ နာယက ကိုရဲမြတ်သူ ကတော့ အရင်တုန်းကလို အင်တာနက် သုံးစွဲသူတွေကို စောင့်ကြည့်တာ၊ အရေးယူတာမျိုး သိသိသာသာ မရှိတော့ပေမဲ့လည်း၊ အင်တာနက်သုံးစွဲသူ ပိုများလာတာနဲ့အမျှ ပုံစံအမျိုးမျိုးနဲ့ အရေးယူခံရတဲ့ သူတွေလည်း ပိုများလာတယ်လို့ ပြောပါတယ်။

“အင်တာနက်မှာ ကျနော်တို့ ကြည့်ရင် ၊ ကျနော်တို့ကို စောင့်ကြည့်တဲ့လူတွေရှိတယ်။ ကျနော်တို့ကို နောက်က trail လိုက်တာတွေရှိတယ်။ ကိုယ့် email တွေကို ဝင်ဖတ်တာတွေရှိတယ်။ ကျနော်တို့နဲ့ ပက်သက်တဲ့ အင်တာနက် လွတ်လပ်ခွင့်တွေကို ဝင်ပြီးတော့ ကျနော်တို့ ရဲ့ privacy ကိုထိတာတွေ ရှိတယ်။ အဲဒီဟာတွေကိုတော်တော်များများ အခုကျနော်တို့ Telenor သုံးတဲ့အခါမှာ ပျောက်သွားပြီ။ ကျနော်တို့အနေနဲ့က အင်တာနက်လွတ်လပ်ခွင့်ကြီးက ပိုကျပ်လာတာမဟုတ်ဘူး။ အင်တာနက် website က ပိုကောင်းလာတယ်။ ဒါပေမယ့် အင်တာနက်ပေါ်မှာ သုံးတဲ့လူတွေက အရမ်းများလာတဲ့အတွက်ကြောင့် မှုခင်းတွေကများလာတဲ့အတွက် အဲဒါတွေအကုန်လုံးမှာ မူတည်ပြီးတော့ တချို့ကိစ္စတွေမှာ ဖမ်းတဲ့ ကိစ္စတွေ ခေါင်းစဉ်တွေများသွားတာ။ ကျနော်တို့က ပိုလည်းကောင်းမလာသလို ၊ ပိုလည်း ဆိုးမလာဘူးလေ။ အင်တာနက်ရဲ့ ပေတံနဲ့တိုင်းရင် ပိုဆိုးမလာဘူးလို့ ကျနော်ကပြောတာ။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ အင်တာနက် တယ်လီဖုန်းသုံးနေတဲ့လူ ၃၂ သန်းလောက်ရှိသွားတယ်။ အရင်တုန်းကဆိုရင် ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်က ၅ သန်းလောက်ပဲရှိတာ။ အဲဒီအချိန်မှာ တဝက်လောက်က အင်တာနက်သုံးနေတယ်။ ၇၀ ရာခိုင်နှုန်းက စမတ်ဖုန်းတွေသုံးနေတယ်။ အဲဒီအနေအထားမှာ အမှုအခင်းရှိတဲ့အခါကျတော့ အမှုအခင်း ၇ ခုရှိတယ်ဆိုရင် အဲဒါနဂိုအတိုင်းပဲ။ ဟို လျှော့ချပေးတာမဟုတ်သလို၊ freedom ဖြစ်သွားတာလည်း မဟုတ်ဘူး။ သူတို့ process တွေအကုန်လံုံးက မီဒီယာနဲ့ ပက်သက်တာတွေပဲ။ အင်တာနက်နဲ့ ပက်သက်တာတွေလည်း နဂိုအတိုင်းပဲ။”

လက်ကိုင်ဖုန်းတွေ ဖောဖောသီသီ သုံးစွဲခွင့်ရလာတာနဲ့အမျှ အင်တာနက်ကို အသုံးများလာပေမဲ့ ဆက်သွယ်နိုင်မှု အရည်အသွေး ကတော့ ကမ္ဘာမှာ အနိမ့်ဆုံးအဆင့်မှာ ရှိနေတုန်းပဲလို့လည်း Freedom House ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ အင်တာနက် စာမျက်နှာတွေကို ဆင်ဆာဖြတ်တောက်တာ၊ ပိတ်ပင်တာမျိုး မရှိပေမဲ့ ထိလွယ်ရှလွယ် နိုင်ငံရေးကိစ္စမျိုးတွေကိုတော့ ဖော်ပြသင့်သလောက် ဖော်ပြတာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။ စစ်တပ်လို အဖွဲ့အစည်းမျိုးတွေက ဂုဏ်သိက္ခာထိခိုက်မှာ စိုးတာကြောင့် အင်တာနက် သုံးစွဲတဲ့သူတွေကို ဖိအားပေးတာမျိုးတွေလို အွန်လိုင်းပေါ်က အကြောင်းအရာတွေကို ကန့်သတ်မှုတွေ ရှိတာကိုလည်း အစီရင်ခံစာက ထောက်ပြခဲ့တာပါ။ မြန်မာသတင်းသမားများကွန်ယက် အဖွဲ့ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမြင့်ကျော် ကတော့ မကြာသေးခင်ကပဲ Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြခဲ့တာတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးမှုတွေ ရှိခဲ့တာလို အင်တာနက်သုံးသူတွေအပေါ် ပုံစံတမျိုးနဲ့ ဖိနှိပ်မှုတွေ ရှိနေတာဟာ စိုးရိမ်စရာကောင်းတယ်လို့ ပြောပါတယ်။

“ကျနော့်အမြင်မှာပေါ့လေ။ website တွေ ပိတ်ပင်တာတွေတော့ ဘာမှ မရှိဘူးပေါ့လေ။ ၂၀၁၁ နောက်ပိုင်းမှာ လျှော့ချလိုက်တဲ့နောက်။ သို့သော် ဒီမှာအများဆုံးသုံးတဲ့ မီဒီယာကနေ ရေးသားတဲ့ဟာတွေက အစိုးရတို့၊ နိုင်ငံတော် တပ်တို့ ကို ရေးသားတာမျိုးတွေမှာ သူတို့က အသရေပျက်စေတဲ့အတွက် ရေးသားတဲ့ဟာတွေက ဒီလပိုင်းတွေမှ ဖမ်းဆီးတာတွေ ၊ ဒီနှစ်အတွင်းမှာလည်း ဖမ်းဆီးတာတွေရှိလာတယ်။ သူတို့ကို ပုဂ္ဂိုလ်ရေးရာ ဝေဖန်တာတွေလည်းဖြစ်ဖြစ် ၊ အဖွဲ့အစည်းပေါ့နော်၊ တပ်တို့ ဘာတို့ကို ဝေဖန်တာတွေကို သီးခံမှာ မဟုတ်ဘူးဆိုတာတွေ ပြလာတယ်ပေါ့။ ဒီလပိုင်းမှာဆိုရင် ပိုတောင် ဆိုးဆိုးဖြစ်လာတယ်။ တယောက်ပြီးတယောက် ဖမ်းတာတွေကို တွေ့ရတယ်။”

ကမ္ဘာပေါ်က နိုင်ငံပေါင်း ၆၅ နိုင်ငံက အင်တာနက် လွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်လို့ Freedom House အဖွဲ့က ဗုဒ္ဓဟူးနေ့က အစီရင်ခံစာ ထုတ်ပြန်ရာမှာ ၆ နှစ်မြောက်ဖြစ်တဲ့ ဒီနှစ်မှာတော့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံမှာ ကျဆင်းမှုတွေ တွေ့ခဲ့ရတယ်လို့ ဖော်ပြခဲ့တာပါ။ ၅ နှစ်ဆက်တိုက် ကမ္ဘာတဝှမ်း အင်တာနက်လွတ်လပ်ခွင့်တွေ ကျဆင်းလာနေတဲ့အထဲ ဒီနှစ်မှာ အဆိုးဆုံးကတော့ တရုတ်နိုင်ငံ ဖြစ်တယ်လို့လည်း ဖော်ပြထားသလို၊ အမေရိကန်ကိုတော့ လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ်နဲ့ အစီရင်ခံစာက သတ်မှတ်ထားခဲ့ပါတယ်။

XS
SM
MD
LG