သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူတွေကို ကာကွယ်ဖို့ လိုကြောင်း Freedom House ပြော


မြန်မာနိုင်ငံရဲ့ အင်တာနက် လွတ်လပ်မှုဟာ ၂၀၁၄ခုနှစ် အတွင်း ပြောင်းလဲ တိုးတက်လာခဲ့ပေမဲ့ အင်တာနက် သုံးစွဲသူတွေရဲ့အခွင့်အရေးကို အကာအကွယ်ပေး ဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ Freedom House အဖွဲ့ကြီးက ပြောလိုက် ပါတယ်။ မြန်မာ အပါအဝင် နိုင်ငံပေါင်း (၆၅)နိုင်ငံရဲ့ အင်တာနက် လွတ်လပ်မှုကို သုတေသနပြုစုထားတဲ့ Freedom of the Net 2014 အစီရင်ခံစာကိုFreedom House အဖွဲ့ကြီးက ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့တာပါ။ အကြောင်းစုံကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Freedom House လို့ခေါ်တဲ့ ကမ္ဘာတဝှမ်းနိုင်ငံတွေရဲ့ လွတ်လပ်မှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေတဲ့အဖွဲ့က ထုတ်ပြန်လိုက်တဲ့ အင်တာနက် လွတ်လပ်မှု အစီရင်ခံစာ ၂၀၁၄ အရ မြန်မာနိုင်ငံ ဟာ အရင်က အင်တာနက် လွတ်လပ်မှု လုံးဝမရှိတဲ့အဆင့်ကနေ ဒီနှစ်အတွင်း တစိတ်တပိုင်းအားဖြင့် လွတ်လပ်မှုရှိလာတဲ့ အဆင့်ကိုရောက် လာခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ အစီရင်ခံစာကို တွဲဖက်ပြုစုရေးသားသူ သုတေသီ Madeline Earp ကအခုလိုပြောပြပါတယ်။

"မြန်မာနိုင်ငံရဲ့ အင်တာနက် လွတ်လပ်မှုဟာ ဒီနှစ်အတွင်း အရှိန်အဟုန် နဲ့ ပြောင်းလဲခဲ့ တာပါ။ ဆက်သွယ်ရေး ဥပဒေ အသစ်ကို ပြဌာန်းနိုင်ခဲ့တာကြောင့် အခုလို အင်တာနက် လွတ်လပ်မှု အဆင့်တိုးလာခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေကြောင့် မြန်မာနိုင်ငံရဲ့ အင်တာနက်၊ ဖုန်း၊ ဆက်သွယ်ရေးဈေးကွက်ကို ပွင့်လင်းလာခဲ့တာပါ။ ဒါပေမဲ့ အဲဒီဥပဒေမှာ အင်တာနက်အွန်လိုင်းကတဆင့် စစ်တပ်နဲ့ အစိုးရခေါင်းဆောင်ပိုင်းကို ဝေဖန်ရေးသားသူတွေအပေါ် အရေးယူပြစ်ဒဏ်ပေးတဲ့ အချက်ကို မပြောင်းလဲပဲ ဆက်ပြီး ထားရှိနေတာကြောင့် မြန်မာရဲ့အင်တာနက် လွတ်လပ်မှုဟာ တစိတ်တပိုင်းအားဖြင့် လွတ်လပ်မှုရှိလာတဲ့အဆင့်မှာရှိခဲ့တာပါ။"

အသစ်ပြဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေ မှာ အားသာချက်၊ အားနည်းချက်တွေ ရှိနေပြီး အုပ်ချုပ်ရေးပိုင်းက လိုသလို အသုံးချနေတာတွေရှိနေတယ်လို့လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥတ္တရသီရိပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူကပြောပါတယ်။

" ဒါ ကျနော်တို့ အပါအဝင်ပါပဲ။ ကျနော်တို့ မရည်ရွယ်ပဲနဲ့ ကိုယ့်ခံစားချက် အပေါ်မှာ ပြောခဲ့တဲ့ ကိစ္စတခုအပေါ်မှာ ကျနော့်ကို အရေးယူဖို့ ဆောင်ရွက်တာတွေ ရှိခဲ့တယ်။ အဲ့တာကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ပေါ့လေ။ စွပ်စွဲချက်နဲ့ အမှုဖွင့်ခဲ့တာမျိုးတွေရှိတယ်။ ဒီအပေါ်မှာ ကျနော်တို့က ပြေလည်အောင်ပေါ့လေ။ ဒါ ကျနော်တို့ ကျေနပ်အောင် တောင်းပန် လျှောက်ထားပြီးမှ အမှု ရုပ်သိမ်းသွားတဲ့ အနေအထားမျိုးတွေ အဲ့တော့ တခြား ကျနော်တို့ထက် ဆိုးဆိုးရွားရွားရေးနေတဲ့ စာမျက်နှာတွေလည်း ရှိတယ်။ နာမည်တပ်ပြီးမှ ကျနော် ပုဂ္ဂိုလ်ရေးအရ မပြောချင်ပါဘူး။ ကျနော်တို့ရဲ့ လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် အပေါ်ခြိမ်းခြောက်ထားတဲ့ အနေအထားမျိုးတွေ အထိအောင် ရေးခဲ့တာတွေ လည်းရှိတယ်။ အဲ့လိုရေးတဲ့အပေါ်မှာ ဘာမှ အရေးယူဆောင်ရွက်ခဲ့တာ မရှိဘူးပေါ့လေ။ အဲ့ဒီ့အပေါ်မှာ ခွဲခြားမှုတွေ နည်းနည်းတော့ရှိနေတာတော့ အမှန်ပါပဲ။"

ဒါအပြင်ဆက်သွယ်ရေးဥပဒေမှာ အရင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားခဲ့သူတွေ ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့ အီလက်ထရောနစ် ဥပဒေကို ဖျက်သိမ်းတယ် ဆိုတာမျိုး အတိအလင်းပြဌာန်းထားခြင်းမရှိသေးဘူးလို့ ဦးမင်းသူကပြောပါတယ်။

" အီလက်ထရောနစ်ဥပဒေဆိုရင် ဖျက်သိမ်းပြီဆိုတာ ဒီဥပဒေမှာ မပါလာဘူး။ သတိထားမိခဲ့တယ်ပေါ့လေ။ တကယ်တမ်းဆို ဥပဒေအသစ်ပြဋ္ဌာန်းရင် ဥပဒေအဟောင်းကို ဖျက်သိမ်းရတယ်။ အဲ့ဒီ့အစား အစားထိုးရတယ် ဆိုတာ ကြေညာလေ့ရှိတယ်။ ဒါပေမဲ့ ကျနော် ဒီဥပဒေကို လေ့လာကြည့်တဲ့ အခါကျတော့ ဒီအီလက်ထရောနစ်ဥပဒေကို ဖျက်သိမ်းပြီလို့ မပြောတဲ့အတွက် အီလက်ထရောနစ် ဥပဒေကို သီးသန့်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်တဲ့ပုဂ္ဂိုလ်တွေ အစိုးရနဲ့ အမြင်သဘောထား မတူတဲ့သူတွေအပေါ်မှာ နှိပ်ကွပ်တဲ့ဥပဒေလို အသက်ဝင်မှာလည်း ကျနော် စိုးရိမ်ပါတယ်။ "

မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်မှု အခွင့်အရေးကိုအသုံးချပြီး လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်အုပ်စုတွေက အသုံးချနေတာကို Freedom House အနေနဲ့ အထူးစိုးရိမ်မိကြောင်း Madeline Earp ကပြောပါတယ်။

"ကျမတို့အနေနဲ့ဒီကိစ္စနဲ့ပတ်သက်လို့ တကယ်ပဲ စိုးရိမ်မကင်းဖြစ်မိ ပါတယ်။ မြန်မာနိုင်ငံ မှာ အင်တာနက်သုံးစွဲတာကို အရင်ကလို ဆင်ဆာဖြတ်တောက်တာမျိုး မရှိတော့ဘူးဆိုတာ သတင်းကောင်းပါ။ ဒါပေမဲ့လည်း တချိန်တည်းမှာပဲ စစ်တပ်နဲ့ နီးစပ်တဲ့ ဘာသာရေးအုပ်စုကနေ အင်တာနက် လွတ်လပ်ခွင့်ကို ကြိုးကိုင် ချယ်လှယ်နေတာဟာ တကယ့်ကို စိုးရိမ်စရာကောင်းပါတယ်။"

၂၀၁၃ခုနှစ် အောက်တိုဘာလမှာ ဆက်သွယ်ရေး ဥပဒေသစ်ကို မြန်မာနိုင်ငံမှာ အတည်ပြုပြဌာန်းခဲ့ပြီးနောက် ၂၀၁၄ မတ်လမှာ စတင်ရင်းနှီးမြှပ်နှံခဲ့တဲ့ နော်ဝေး အခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီဟာပြည်တွင်းကနေ ပထမဆုံး နိုင်ငံတကာ အင်တာနက် ကွန်ရက်နဲ့ တိုက်ရိုက် ဆက်သွယ်နိုင်အောင်ဆောင်ရွက်ခဲ့တယ်လို့ Freedom House ရဲ့အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

Freedom House ရဲ့ ၂၀၁၄ခုနှစ် အစီရင်ခံစာအရ အင်တာနက်အွန်လိုင်းသုံးစွဲမှုကို ဆင်ဆာဖြတ်တောက်မှုတွေနဲ့ စောင့်ကြည့်ကန့်သတ်မှုတွေကြောင့်နိုင်ငံတကာမှာတော့ အင်တာနက် လွတ်လပ်မှုအဆင့်ဟာ ကျဆင်းသွားတယ်လို့ဆိုပါတယ်။ အထူးသဖြင့် ရုရှား၊ တူရကီ၊ ယူကရိန်း နိုင်ငံတွေမှာ အင်တာနက်လွတ်လပ်မှုဟာ သိသိသာသာကျဆင်းသွားတယ်လို့ ရေးသားထားပါတယ်။ အလားတူ အီရန်၊ ဆီရီးယားနဲ့ တရုတ်နိုင်ငံတွေမှာလည်း အရင်နှစ်ကအစီရင်ခံစာတွေအတိုင်း အင်တာနက် လွတ်လပ်မှုဟာ ဆိုးရွားနေဆဲပဲလို့ ဖေါ်ပြထားပါတယ်။

အင်တာနက် သုံးစွဲမှု အလွတ်လပ်ဆုံး နိုင်ငံတွေကတော့ အိုက်စ်လန်း၊ အက်စ်တိုးနီးယားနဲ့ ကနေဒါနိုင်ငံတို့ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။ အစီရင်ခံစာကိုတော့ အစိုးရက အင်တာနက် သုံးစွဲမှုအပေါ် ပိတ်ပင်တားဆီးမှု၊ အင်တာနက်ပေါ်မှာ ဘယ်လောက်အထိ လွတ်လပ်စွာ တက်ကြည့်နိုင်သလဲ၊ ဘယ်လောက်အထိ ကန့်သတ် ချုပ်ခြယ်မှုရှိသလဲအပေါ် အခြေခံပြီး ပြုစုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG