သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား အခွင့်အရေး နိမ့်ကျ


မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပြီး မကြာသေးခင် နှစ်တွေအတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာနေပေမဲ့ နိုင်ငံရေးနဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကတော့ လွတ်လပ်မှု မရှိသေးဘူးလို့ နိုင်ငံတကာ လွတ်လပ်ခွင့် အခြေအနေတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။

သတင်းထောက်တွေကို ဖမ်းဆီးတာ၊ ထောင်ချတာတွေ အပါအဝင် မီဒီယာအပေါ် ကန့်သတ်မှုတွေကြောင့် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့် အဆင့်အတန်းဟာလည်း အဆင့် ၅ မှာရှိနေရာက၊ အဆင့် ၆ အထိ ကျဆင်းသွားခဲ့တဲ့အကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ နိုင်ငံပေါင်း ၁၉၅ နိုင်ငံနဲ့ ဒေသ ၁၅ ခုက ပြီးခဲ့တဲ့နှစ်အတွင်း အခြေအနေတွေကို လေ့လာပြုစုထားတဲ့ Freedom House ရဲ့ အစီရင်ခံစာမှာတော့ လွတ်လပ်ခွင့် အမြင့်ဆုံးအဖြစ် အဆင့် ၁ ကနေ အနိမ့်ဆုံး ၇ အထိ သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာ မူဆလင်တွေဟာလည်း အကြမ်းဖက်မှုတွေနဲ့ ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေသလို၊ ကိုးကွယ်တဲ့ဘာသာ ကူးပြောင်းတာ၊ ဘာသာခြားနဲ့ လက်ထပ်တာတွေကို ကန့်သတ်မယ့် ဥပဒေတွေရေးဆွဲ အဆိုပြု ထားတာတွေဟာလည်း မူဆလင် ဆန့်ကျင်ရေး အစွန်းရောက်ဝါဒကို တရားဝင်အောင် လုပ်ပေးသလို ဖြစ်နေတယ်လို့ ဖော်ပြထားတာပါ။

ကမ္ဘာတဝှမ်းလုံး အနေနဲ့ကတော့ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေဟာ နှစ်ပေါင်း အစိတ်အတွင်း အနိမ့်ဆုံး အခြေအနေကို ရောက်နေတယ်လို့လည်း Freedom House ရဲ့ အစီရင်ခံစာက သတိပေးထားပါတယ်။ ကမ္ဘာပေါ်မှာ လွတ်လပ်ခွင့် အဆင့်အတန်း အနိမ့်ဆုံးအဖြစ် ဆီးရီးယားနိုင်ငံကို သတ်မှတ်ထားပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေကို ပစ်ပယ်လာနေတဲ့ အထဲမှာတော့ ယူကရိန်းနိုင်ငံပိုင် ခရိုင်းမီးယား ဒေသကို ရုရှားနိုင်ငံပိုင်အဖြစ် သွတ်သွင်းလိုက်တာဟာ ထင်ရှားတဲ့ နမူနာတခု အဖြစ်နဲ့လည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG