သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတဟောင်း Sarkozy စစ်ဆေးခံနေရ


ပြင်သစ် သမ္မတ Nicolas Sarcozy
ပြင်သစ် သမ္မတ Nicolas Sarcozy
ပြင်သစ်သမ္မတဟောင်း နီကိုလတ်ဆာကိုဇီရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးရံပုံငွေ နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ချက်အပေါ်မှာ သူ့ရဲ့ ရှေ့နေက ရှုတ်ချလိုက်ပြီး ဒီဆုံးဖြတ်ချက်အပေါ်မှာ အယူခံဝင်သွားမယ်လို့ ပြောလိုက်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ ဘောဒိုးမြို့ တရားသူကြီး Jean-Michel Gentil က မစ္စတာ ဆာကိုဇီကို ကြာသာပတေးနေ့က သမ္မန်စာထုတ် ဆင့်ခေါ်လိုက်ပြီး ၂၀၀၇ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း L’Oreal အလှကုန်ပစ္စည်း ကုမ္ပဏီပိုင်ရှင် သူဌေးမကြီးဆီကနေ ရန်ပုံငွေ တောင်းခဲ့တယ်လို့ စွပ်စွဲခံရတာနဲ့ ပတ်သက်ပြီးတော့ မစ္စတာဆာကိုဇီကို တရားဝင် စစ်ဆေးသွားမှာဖြစ်ပါတယ်။

ပြင်သစ်ဥပဒေအရတော့ လူတစ်ယောက်ကို ပြစ်မှုကျူးလွန်တယ်လို့ မစွပ်စွဲခင် နောက်ဆုံးအဆင့်အနေနဲ့ အခုလို တရားဝင် စုံစမ်းစစ်ဆေးမှုတွေ လုပ်တာဖြစ်ပါတယ်။

တရားသူကြီးရဲ့ ဒီဆုံးဖြတ်ချက်ဟာ ကျိုးကြောင်းဆီလျော်မှုမရှိ၊ တရားမျှတမှုမရှိဘူးလို့ မစ္စတာ ဆာကိုဇီရဲ့ ရှေ့နေက သောကြာနေ့က ပြောလိုက်ပါတယ်။

ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ အဆိုအရ အသက် ၉၀ အရွယ်ရှိတဲ့ L’Oreal အလှကုန်ပစ္စည်း ကုမ္ပဏီပိုင်ရှင်အမျိုးသမီးဟာ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးဖြစ်ပါတယ်။ အခုနှစ် ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ် ၂၀ ထဲမှာ သူမနဲ့ သူမရဲ့ မိသားစုဟာ နံပါတ် ၉ နေရာမှာရှိပြီး စုစုပေါင်း ပိုင်ဆိုင်မှုတန်ဖိုးဟာ ဒေါ်လာ ဘီလီယံ ၃၀ ရှိတယ်လို့ ဆိုပါတယ်။
XS
SM
MD
LG