သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဆရာမ ၂ ဦး ဈာပန စည်ကား


အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)
အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းမှာ သတ်ဖြတ်ခံရတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် KBC က စေတနာဝန်ထမ်းဆရာမ ၂ယောက်ရဲ့ ဈာပန အခမ်းအနားကို ဒီကနေ့ မြစ်ကြီးနားမြို့မှာ ကျင်းပရာမှာ လူထု ပရိသတ် သောင်းချီ တက်ရောက်ခဲ့ပါတယ်။ တက်ရောက်သူတွေကအမျိုးသမီးတွေရဲ့ဘဝလုံခြုံရေးနဲ့ အမှုမှန်ပေါ် ပေါက်ရေး အတွက် တောင်းဆိုတဲ့ စာတမ်းတွေကိုင်ဆောင်လာခဲ့သလို KBC က တာဝန်ရှိသူကတော့ အမှုမှန် ပေါ်ပေါက်ရေးအတွက် နိုင်ငံတကာရဲ့ အကူအညီကို ရယူသွားမယ်လို့ ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ် ကောင်းခါးရွာမှာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC က စေတနာ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ကျောင်းဆရာမ နှစ်ဦးကို ဒီလ ၁၉ရက်နေ့ ည သန်းခေါင် ယံလောက်မှာ အမည်မသိသူတွေက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ တာ ဖြစ်ပါတယ်။

ကချင်ဆရာမနှစ်ဦး ဈာပန။
ကချင်ဆရာမနှစ်ဦး ဈာပန။

သူတို့ရဲ့ ရုပ်အလောင်းကို မြစ်ကြီးနားမြို့ကို သယ်ယူပြီး ဒီကနေ့ ဈာပန အခမ်းအနား ကျင်းပရာမှာ လူထု ပရိတ်သတ် သောင်းနဲ့ချီ တက်ရောက်ခဲ့တယ်လို့ ကိုယ်တိုင် လိုက်ပါပို့ဆောင်နေသူတယောက်က ပြောပါတယ်။

"သောင်းနဲ့ချီပြီး တက်လာတယ်။ ခြံဝင်းပြည့်နေပြီ လူတွေက၊ အပြင်မှာ လည်း ဈေးအထိ လူတွေက တန်းစီနေပြီ။ ကားကလည်း အစင်းထောင်နဲ့ ချီတယ်။ မြစ်ကြီးနားမြို့တမြို့လုံး ကားတွေပြည့်နေပြီ လိုက်ပို့တဲ့ကားက။ မြစ်ကြီးနားကနေ သွားကြိုတာ သွားကြိုတဲ့လူတောင် သုံးထောင်၊ လေးထောင်လောက်ရှိတယ်။ "

ဈာပနကို မြစ်ကြီးနားမြို့KBC အသင်းချုပ်ကနေ မြို့အပြင် ၁၀မိုင်လောက် ကွာဝေး တဲ့နောင်နန်းရွာက ခရစ်ယာန် သချိုၤင်းကို ပို့ဆောင်သဂြုႋဟ်မှာဖြစ်ပါတယ်။

ကချင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအောင်ခမ်းက ဈာပနပို့ဆောင်သူအချို့က တောင်းဆိုချက်ပါ စာတမ်းတွေ ကိုင်ဆောင်လာပြီး အဓိက တောင်းဆိုချက်တွေကို အခုလို ပြောပါတယ်။

" အမျိုးသမီးတွေရဲ့ လုံခြုံမှုက ဘယ်မှာလဲဆိုတာ နောက်ပြီးမှ ဒီအမှုမှန်ဖော်ထုတ်ပေးဖို့ပေါ့။ လွမ်းသူ့ပန်းခွေတွေလည်း အများကြီး။။ ကားတွေလည်း အများကြီးပဲ။ ကားတွေလည်း မဆန့်တော့ဘူးပေါ့။ အခုကျနော်တို့လည်း ခြေလျင်တွေ လျှောက်နေရတာ။ ဒါမျိုး တခါမှ မတွေ့ဘူးဖူး။ ဒီလောက်များတဲ့ လူအုပ်ကြီးတွေနဲ့ ။ အများအားဖြင့် ကျနော်တွေ့မြင်နေရတာက အမျိုးသမီးတွေဖြစ်တယ်။ အသက်ကြီးတဲ့အပိုင်းရော၊ အသက်ငယ်တဲ့အပိုင်းရော အလတ်ရော။ ဒီလူမှုရေး စေတနာ့ဝန်ထမ်းလုပ်တဲ့ဟာကို သတ်ဖြတ်တဲ့ဟာကို အတော်လေး စိတ်မချမ်းသာဘူးပေါ့နော်။ အကုန်လုံး ။"

အခင်းဖြစ်ပွားတဲ့နေ့က ကောင်းခါးရွာအနီးကို ခမရ ၅၀၃က လာရောက် စခန်းချနေတာကြောင့် ဒီအမှုအခင်းနဲ့ပတ်သက်ပြီး ဒေသခံရွာသားတွေကိုသာမက တပ်မတော်သား တွေကိုပါ စစ်ဆေးခဲ့ပါတယ်။ လောလောဆယ် စုံစမ်းနေတဲ့အခြေအနေ နဲ့ KBC အနေနဲ့ ဆက်လက်ဆောင်ရွက်မယ့် အခြေအနေကို KBC ရဲ့ အထွေထွေအတွင်းရေးမှုး ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။

" လောလောဆယ်ဆယ်တော့ အမျိုးသမီးတစ်ယောက်ရဲ့ လက်မှာ ဆံပင် တချောင်းတွေ့တယ်။ အဲ့တာကို DNA လုပ်မယ်ဆိုပြီးတော့မှ ယူထားတဲ့အဆင့်မှာ သူတို့လုပ်နေကြပါတယ်။ တကယ်တမ်းဥပဒေစိုးမိုးရေး ကျနော်တို့ ဗမာပြည်မှာ ရှိမယ်ဆိုရင်တော့ ခဏလေး ပေါ်မယ် ကျနော်ထင်တယ်။ ဒါပေမဲ့ အခုဥပဒေက အာဏာရှိတဲ့သူတွေ လက်ထဲမှာ ရှိတယ်ဆိုရင်တော့ ဒီအမှုကိစ္စကို ပေါ်မယ်မထင်ဘူး ကျနော်။

အေး အဲ့တာမျိုးအခြေအနေမှာ အမေရိကန်တို့ ယူအန်တို့ ဒီဗြိတိသျှသံရုံးတို့ကို ကျနော်တို့ပြောထားပါတယ်။ ဒီကိစ္စမှာ အမှုမှန်ပေါ်စေချင်တာကိုးနော့်။"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ စေတနာဝန်ထမ်းဆရာမ ၂ဦးသတ်ဖြတ်ခံရတဲ့ကိစ္စကို စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဖု့ိအတွက် မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။

ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားမှာ ပြည်သူလူထုတွေ ပူဆွေးသောကရောက်နေချိန်မှာ ဖားကန့်ဒေသဖက်မှာတော့ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဒီတိုက်ပွဲတွေဟာ ရေရှည် ဆက်လက် ဖြစ်ပွားလာဖွယ်ရှိတယ်လို့လည်း ဖားကန့်ဒေသအခြေစိုက် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်ရင်း ၆က ဗိုလ်မှုးတန်ဆိုင်းက ပြောပါတယ်။

"မနေ့က နှစ်နေရာမှာ တိုက်ပွဲ အကြီးအကျယ်ဖြစ်ပါတယ်။ ညောင်ထောက် အင်းတော်ကြီးဘက်မှာ တချက်၊ နောက် ပန်မိုင်နဲ့ မိုးကောင်းကြားမှာ တချက်၊ နှစ်နေရာမှာ သုံးနာရီလောက် ဖြစ်ပါတယ်။ အခုဖုန်းပြောနေရင်းကြားထဲမှာပဲ ဟိုဘက်မှာ နည်းနည်းပါးပါး တိုက်ပွဲဖြစ်နေပါတယ်။ ရှေ့ဆက်ပြီးမှတော့ များလာမယ်။ စိပ်လာမယ်လို့ ကျနော်ကတော့ အဲ့လိုပဲ ထင်မိပါတယ်။"

ဖားကန့်ဒေသတွင်းတိုက်ပွဲတွေဟာ ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနဲ့ လိုက်ပါလာတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃ယောက်ကို KIA က ဖမ်းဆီးခဲ့တဲ့နောက် ဒီလ ၁၅ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး ၃ရက်လောက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာချိန်မှာ တိုက်ပွဲတွေ အနည်းငယ်ငြိမ်သက်ခဲ့ပေမဲ့ အခုထပ်မံဖြစ်ပွားလာတာဖြစ်ပါတယ်။

XS
SM
MD
LG