သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အပစ်ခတ်ရပ် သက်တမ်းတိုးဖို့ အလားလာရှိ


ဂါဇာဘက်ကို ပစ်ခတ်နေတဲ့ အစ္စရေး သံချပ်ကာ အမြောက်ကားများ။ (ဂျူလိုင် ၂၇၊ ၂၀၁၄)
ဂါဇာဘက်ကို ပစ်ခတ်နေတဲ့ အစ္စရေး သံချပ်ကာ အမြောက်ကားများ။ (ဂျူလိုင် ၂၇၊ ၂၀၁၄)

အရှေ့အလယ်ပိုင်းက ဂါဇာကမ်းမြှောင်ဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအတွက် ဒေသစံတော်ချိန် နေ့လည် ၂ နာရီကစပြီး ၂၄ နာရီကြာ ထပ်ပြီး အပစ်အခတ်ရပ်စဲထားဖို့ သဘောတူမယ်လို့ Hamas စစ်သွေးကြွတွေက ပြောပါတယ်။ အစ္စရေးဘက်ကတော့ ဒါနဲ့ပတ်သတ်ပြီး အကြောင်းမပြန်သေးပါဘူး။

ပါလက်စတိုင်းဖက်ကနေ ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာကြောင့် အစ္စရေးတို့ဖက်ကလည်း တိုက်ခိုက်မှုတွေ ပြန်လုပ်ဆောင်လိုက်ပြီး အကြာခင်မှာပဲ Hamas က ဒီလို နောက်ထပ်အပစ်ရပ်ဖို့ ကြေညာချက် ထုတ်ပြန်သွားတာပါ။

တိုက်ခိုက်မှုတွေရပ်ထားဖို့ သဘောတူထားခဲ့တဲ့အချိန် မပြီးဆုံးခင်မှာပဲ ဂါဇာက စစ်သွေးကြွတွေက အစ္စရေးနယ်မြေထဲကို ဒုံးကျည်တွေ ဖိပစ်နေခဲ့တာပါ။ ဂါဇာမှာနေထိုင်ကြတဲ့ ဒေသခံတွေအတွက် အပစ်ရပ်ထားဖို့ သဘောတူထားတဲ့ကာလအတွင်းမှာလည်း Hamas က ဒုံးကျည်တွေ ဆက်ပြီး ပစ်နေတာကြောင့် အစ္စရေးတပ်ဖွဲ့တွေအနေနဲ့ ဝေဟင်၊ ရေပြင်နဲ့ မြေပြင် စစ်ဆင်ရေးတွေ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ အစ္စရေးစစ်တပ်က ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ပြောသွားပါတယ်။

ဒီလို ပစ်ခတ်မှုတွေပြန်စတင်ချိန်ကစပြီး လူ ၃ ဦးသေဆုံးခဲ့ရပြီလို့ ပါလက်စတိုင်းတို့က ပြောပါတယ်။ စနေနေ့ကတော့ မူလ ၁၂ နာရီ အပစ်ရပ်သဘောတူ ထားတာကို တနင်္ဂနွေညသန်းခေါင်အထိ ၂၄ နာရီ ထပ်တိုးပေးမယ်လို့ အစ္စရေးတို့က သဘောတူခဲ့တာပါ။ ဒါပေမယ့်လည်း သက်တမ်းတိုးကာလအတွင်း Hamas က ဒုံးကျည်နဲ့ ပစ်လာခဲ့ရင် တုံ့ပြန်မှာဖြစ်တယ်၊ အစ္စရေးနိုင်ငံထဲကို လက်နက်တွေ၊ တိုက်ခိုက်ရေးသမားတွေ ခိုးဝင်တဲ့ ဥမင်လှိုဏ်ခေါင်းတွေကို ဆက်လက်ရှာဖွေပြီး ဖျက်ဆီးပစ်မှာ ဖြစ်တယ်လို့ အစ္စရေးက ပြောထားတာပါ။

ဟားမတ်စ်ဘက်ကလည်း အပစ်ရပ်သက်တမ်းတိုးတာကို ပယ်ချပြီး အစ္စရေးတပ်တွေ ဂါဇာဒေသကနေ အရင် ရုပ်သိမ်းရမယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဖက်ကြားပဋိပက္ခကြောင့် ကလေးအများအပြားအပါအဝင် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးရပြီဖြစ်ပြီး အများစုက အရပ်သားတွေ ဖြစ်ကြပါတယ်။ အစ္စရေးဖက်ကတော့ စစ်သား ၄၃ ဦးနဲ့ အရပ်သား ၂ ဦး သေဆုံးခဲ့ရပြီလို့ ပြောပါတယ်။

XS
SM
MD
LG