သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ ကျောင်းတိုက်ခိုက်ခံရမှု အမေရိကန်နဲ့ ကုလရှုံ့ချ


ဂါဇာမှာရှိတဲ့ နောက်ထပ် ကုလသမဂ္ဂ ကျောင်းတကျောင်းအပေါ် ဗုံးကျခဲ့ပြီး လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အပေါ် အမေရိကန် သမ္မတအိမ်ဖြူတော်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

နေအိမ်တွေကနေ ရှောင်တိမ်းပြီး ကုလသမဂ္ဂက စီစဉ်ပေးတဲ့ နေရာတွေမှာ နေနေရသူ ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေ လုံခြုံဘေးကင်းမှုမရှိတဲ့ အခြေအနေတွေအပေါ် စိုးရိမ်မကင်းဖြစ်ရတယ်လို့ သမ္မတအိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Benadette Meehan က ပြောဆိုလိုက်ပါတယ်။ အဲဒီဒုက္ခသည်နေရာတွေကို ပစ်ခတ်တိုက်ခိုက်သူတွေကိုလည်း ကန့်ကွက် ပြစ်တင်သွားပါတယ်။

ဒီတိုက်ခိုက်မှုမှာ ဘယ်သူတာဝန်ရှိတယ်ဆိုပြီးတော့ တဦးတဖွဲ့ကို ဝေဖန်ပြစ်တင်တာမျိုးတော့ သမ္မတအိမ်ဖြူတော်က မပြောခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီတိုက်ခိုက်မှုဟာ အစ္စရေးလ်မှာ တာဝန်ရှိတယ်ဆိုပြီး ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ အင်မတန် ဒေါသဖြစ်စရာကောင်းပြီး၊ အိပ်ပျော်နေရှာတဲ့ ကလေးငယ်တွေကို တိုက်ခိုက်တာမျိုးလောက် ရှက်ဖွယ်ကောင်းတဲ့လုပ်ရပ် မရှိတော့ဘူးလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဝေဖန်ပြစ်တင်သွားပါတယ်။

အစ္စရေးလ်ဘက်ကတော့ အဲဒီကျောင်းအနီးအနားကနေ မော်တာကျည်နဲ့ ပစ်ခတ်တာကို တုံ့ပြန်တိုက်ခိုက်တာ ဖြစ်တယ်ဆိုပြီး ပြောပါ တယ်။ မွေးကင်းစကလေးတွေ အပါအဝင် အရပ်သားတွေကို Hamas ဘက်က အသုံးချနေတယ် ဆိုပြီးတော့လည်း အစ္စရေးလ်က မပြတ်ပြောဆိုနေတာပါ။

အရပ်သားတွေရှိတဲ့နေရာကနေ ဒုံးကျည်တိုက်ခိုက်မှုလုပ်ပြီး၊ အရပ်သားတွေကို အကာအကွယ် ယူနေတယ်လို့လည်း Hamas စစ်သွေးကြွတွေကို အစ္စရေးလ်က ပြန်လည် စွပ်စွဲထားပါတယ်။ ဂါဇာက ဈေးတခုကိုလည်း အစ္စရေးလ်က လက်နက်ကြီးနဲ့ တိုက်ခိုက်တာကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ရပါတယ်။

အခြေအနေတွေကတော့ ဂါဇာမှာ ရေရှည် အပစ်အခတ် ရပ်စဲရေးရဖို့ အလားအလာ မှေးမှိန်လာပါတယ်။ ဂါဇာဒေသ ပိတ်ဆို့ထားမှုကို ဖယ်ရှားဖို့ဆိုပြီး ပါလက်စတိုင်းက အစ္စရေးလ်နဲ့ အီဂျစ်ကို တောင်းဆိုနေပါတယ်။ အစ္စရေးလ်ဘက်ကတော့ Hamas အဖွဲ့ လက်နက်ဖျက်သိမ်းရမယ် ဆိုပြီးတော့ပဲ တောင်းနေတာပါ။

Hamas က စစ်ရေးမှာ အသုံးပြုနေတဲ့ မြေအောက်ဥမင်တွေကို မဖျက်ဆီးနိုင်သရွေ့တော့ စစ်ဆင်ရေးတွေ ရပ်မှာမဟုတ်ဘူးလို့လည်း အစ္စရေးလ်က ပြောထားပါတယ်။

XS
SM
MD
LG