သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နိုင်ငံအနှံ့ကျင်းပ


NLD ရုံးချုပ်တွင် ဗိုလ်ချုပ် အောင်ဆန်း ၁၀၁ နှစ်မြောက် မွေးနေ့ အခမ်းအနား ကျင်းပနေစဉ်။ Credit to မအိရွှေစင် (NLD)
NLD ရုံးချုပ်တွင် ဗိုလ်ချုပ် အောင်ဆန်း ၁၀၁ နှစ်မြောက် မွေးနေ့ အခမ်းအနား ကျင်းပနေစဉ်။ Credit to မအိရွှေစင် (NLD)

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၁ နှစ် မြောက်မွေးနေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သတ်လို့ ကဗျာရွက်ဆို ပြိုင်ပွဲတွေ၊ ပန်းချီ ပြပွဲတွေနဲ့ ကျင်းပနေပါတယ်။ မြန်မာနိုင်ငံကလေးများနေ့လည်း ဖြစ်တဲ့ ဒီကနေ့မှာ ကလေးငယ်တွေအတွက် ပျော်ပွဲရွှင်ဖွယ် ကျင်းပပေးနေသလို ဗိုလ်ချုပ်ကို အောင့်မေ့သတိရသူတွေကလည်း ဗိုလ်ချုပ်မကွယ်လွန်မီ အချိန်ထိ နေသွားခဲ့တဲ့ နတ်မောက်လမ်းက ဗိုလ်ချုပ်ပြတိုက်ကို လာရောက် ကြည့်ရှု့ကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

”ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ။ ၁၉၁၅ ရှေ့နေ ဦးဖာသား” လို့ ဆိုတဲ့ အောင်ဆန်းဇာနည် ကဗျာလေးအတိုင်း ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးလည်းဖြစ်၊ အမျိုးသားခေါင်းဆောင်တစ်ဦး လည်း ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၁ နှစ်မြှောက် မွေးနေ့ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတာ နှစ်ပေါင်း ၆၀ ကျော်သွားခဲ့ပေမယ့် ဗမာပြည်သူလူထုကတော့ ဒီကနေ့အထိ သူ့ကိုအောင့်မေ့တမ်းတနေဆဲဖြစ်ပါတယ်။ ဒီကနေ့ ဟာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့လည်း ဖြစ်သလို မြန်မာနိုင်ငံကလေးများနေ့လည်း ဖြစ်တာကြောင့် ကလေးငယ်တွေအတွက် စာစီစာကုံးပြိုင်ပွဲတွေ၊ ကဗျာရွက်ဆိုပြိုင်ပွဲတွေနဲ့ အားကစားပြိုင်ပွဲတွေ ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီ ရုံးချုပ်မှာ လုပ်ပေးဖြစ်တယ်လို့ NLD ရဲ့ ရန်ကုန်တိုင်း အလုပ်အမှုဆောင် အဖွဲ့က ဒေါ်ကြည်ကြည်ဝင်းက အခုလို ပြောပါတယ်။

” ဗိုလ်ချုပ်မွေးနေ့အတွက်ကို အန်တီတို့က ကဗျာရွတ်ပြိုင်ပွဲတွေ၊ အကပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲလေးတွေ၊ အဲဒါလေးတွေကို ရုံးချုပ်ပေါ်မှာကျင်းပပေးတယ်။ ပုံပြောပြိုင်ပွဲလေးတွေကို ကျင်းပပေးတယ်။ အောက်ဘက်မှာ ဆိုလို့ ရှိရင်လည်း အားကစား ကဏ္ဍအနေနဲ့ပေါ့နော်။ ဒီ ဘောလုံးကန်တာတို့၊ ဆင်မြီးဆွဲ အရုပ်ကလေးတွေ၊ သံပုံးရိုက်ပွဲတွေ၊ မုန့်စားပြိုင်ပွဲလေးတွေ၊ ကျင်းပပေးပါတယ်။”

အခုလိုမျိုး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကလေးများနေ့အထိမ်းအမှတ်အဖြစ် ထင်ထင်ပေါ်ပေါ် ပြန်လည် ကျင်းပနိုင်တာ ၄ နှစ်ဝန်းကျင်ပဲ ပါသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်ကြတဲ့ လူငယ်လူရွယ်တစ်ချို့ကလည်း သူ မကွယ်လွန်ခင်အထိ နေသွားခဲ့တဲ့ နတ်မောက်လမ်းက ဗိုလ်ချုပ်ပြတိုက်ကို လာရောက်လည် ပတ်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်ပြတိုက်ကို လာရောက်ခဲ့ကြတဲ့ သူတွေထဲမှာ မြှောက်ဥက္ကလာမြို့နယ်ကနေလာတဲ့ မမေကျော်ဇင်နဲ့ ဟန်စုစုနိုင်တို့လည်း ပါဝင်ပါတယ်။

”ပြောရရင် တစ်နိုင်ငံလုံးရော၊ အကုန်လုံးရော သွေးစည်းညီညွတ်တဲ့ စိတ်ဓါတ်နဲ့ ဗိုလ်ချုပ်ရဲ့ မွေးနေ့ အမှတ်တရဖြစ်တဲ့အတွက်ကြောင့်မို့လို့ သတိတရနဲ့ အခုလိုမျိုး လာရောက်ခဲ့တာပါ။”

”ညီမအနေနဲ့ရော ဘာဖြစ်လို့ ဒီဗိုလ်ချုပ် ပြတိုက်ကို လာခဲ့ရတာလဲ ဗျ။”

”ဗိုလ်ချုပ်ကို သတိရလို့ပါ။”

ဒါ့အပြင် မင်္ဂလာဒုံြုမို့နယ်က ကို စိုးလင်းပိုင်ကလည်း ဗိုလ်ချုပ်ရဲ့ ရဲရင့်ပြတ်သားတဲ့ စိတ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရေးအတွက် အားထုတ်ခဲ့တဲ့ သူ့ရဲ့ စိတ်ဓာတ် ကို လေးစားမိတယ်လို့ ဆိုပါတယ်။

”ဗိုလ်ချုပ်အောင်ဆန်းကျတော့ ဘုရားပြီးရင် ဗိုလ်ချုပ်လို့ ပြောလို့ ရတယ်။ ဘာလို့လဲ ဆိုတော့။ ကျွန်တော်တို့ ဗိုလ်ချုပ်က ဒီလွတ်လပ်ရေး ယူခဲ့တာက သာမန်ကာ ရှန်ကာ လူတွေဆီက ယူခဲ့တာမဟုတ်ဘူး။ ဒီ အင်္ဂလိပ်။ လုံး၀ ကမ္ဘာက ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ အင်္ဂလိပ် လိုလူမျိုးဆီက ရအောင် ယူတယ်။ နောက် ဂျပန်နဲ့ကျတော့လည်း အဲဒီတုန်းက အင်္ဂလိပ်တွေလည်း ဂျပန်ကို ကြောက်ရတယ်။ မဟာမိတ်တွေဘာတွေနဲ့ ပြန်ပြီးတော့ တိုက်ရတယ်။ အဲဒီဂျပန်ကိုလည်း ဗိုလ်ချုပ်က အင်္ဂလိပ်တွေနဲ့ ပြန်ပြီးတိုက်ခဲ့တယ်။ အဲဒီလိုမျိုး လွယ်လွယ်ကူကူရခဲ့တာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ ဗိုလ်ချုပ်လို လုပ်နိုင်တဲ့ လူမျိုးလည်း ခုချိန်ထိ မပေါ်သေးဘူး။ ဗိုလ်ချုပ်အောင်ဆန်းကိုကျတော့ ကျွန်တော်ကတော့ ဘယ်လိုမှ အစားထိုးလို့ မရဘူး။ သူက နံပါတ်တစ်ပဲ။ အဲဒါကြောင့် မို့ ဗိုလ်ချုပ်ကို ရင်ထဲမှာ ဘယ်တော့မှ မမေ့ဘူး။ ဗိုလ်ချုပ်ကို ချစ်တာ။ ဗိုလ်ချုပ်ကို တော်တော်လေးကို ချစ်တာ။”

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ရဲ့ အထွေထွေ အတွင်းရေးမှုးဟောင်းဖြစ်တဲ့ ကိုညိုထွန်းကလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သတ်လို့ သူ့အမြင်ကို အခုလို ပြောပြပါတယ်။

”ဦးအောင်ဆန်းဟာ ကျောင်းသားဘဝမှာကတည်းက တစွတ်ထိုး တစောက်ကန်း ဆန်တယ်လို့ ပြောကြတယ် ဆိုပေမယ့် သူက အလုပ်တစ်ခုကို လုံး၀ စူးစူးစိုက်စိုက် လုပ်တတ်တဲ့ သဘာဝကို ဦး အရမ်း အားကျတယ်။ သဘောကျတယ်။ လွတ်လပ်ရေးဆို လွတ်လပ်ရေးအတွက် အမျိုးသားရေးဆို အမျိုးသားရေးအတွက်၊ တိုင်းပြည်အတွက် ဒီအလုပ်အပေါ်မှာ သူဟာ စူးစူးစိုက်စိုက် နက်နက်ရှိုင်းရှိုင်း လုပ်ခဲ့တဲ့ စိတ်ဓါတ်ကို အားကျတယ်။ ပြီးတော့ ရိုးဖြောင့်မှုကိုလည်း အာကျတယ်။”

ဗိုလ်ချုပ် မကွယ်လွန်ခင်က ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ကို ကြည်ရယ် ပဲပြုတ်နဲ့ နံပြားလေး ရရင် စားချင်တယ်ဆိုတဲ့ စာသားလေးကို အောက်မေ့သတိရပြီး ဒီကနေ့မှာ မြို့နယ်အများစုမှာပဲပြုတ်နဲ့ နံပြား ပရဟိတ ကျွေးကြပါတယ်။ မနှစ်တုန်းကတော့ ဗိုလ်ချုပ်ရဲ့ နှစ် ၁၀၀ ပြည့် ရာပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် နတ်မောက်မြို့မှာ တစ်တိုင်းပြည်လုံး အခမ်းအနားအနေနဲ့ စည်စည်ကားကား ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ ဗိုလ်ချုပ်ပြတိုက်ကို လာရောက်ကြည့်ရူ့တာ ကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ကျင်းပကြတာ အပါအဝင် ပန်းချီပြပွဲ ကျင်းပတာတွေကလွဲလို့ တခြားထူးထူးခြားခြား ကျင်းပတာ မတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့လည်း စစ်အစိုးရ အာဏာပိုင် အဆက်ဆက်က ဗိုလ်ချုပ်မွေးနေ့ကို အခုလိုမျိုး တရားဝင်ကျင်းပခွင့်မပေးတာဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်လာခဲ့ပေမယ့် လူတိုင်းရဲ့ ရင်ထဲမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ အာဇာနည်ခေါင်းဆောင်တစ်ယောက်ရဲ့ နာမည်ကို မှတ်တမ်းတင်ထားဆဲဖြစ်ပါတယ်။

XS
SM
MD
LG