သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးကို အထိခိုက်ခံမှာမဟုတ် - ဗိုလ်ချုပ်ဂွမ်မော်


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆွေးနွေးဖို့ ရန်ကုန်ကို ရောက်နေတဲ့ KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ရဲ့ သတင်းစာရှင်းလင်းပွဲ။ (ဓာတ်ပုံ/အောင်ရဲမောင်မောင်၊ နိုဝင်ဘာ ၁၈၊ ၂၀၁၃)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆွေးနွေးဖို့ ရန်ကုန်ကို ရောက်နေတဲ့ KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ရဲ့ သတင်းစာရှင်းလင်းပွဲ။ (ဓာတ်ပုံ/အောင်ရဲမောင်မောင်၊ နိုဝင်ဘာ ၁၈၊ ၂၀၁၃)
ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အစိုးရစစ်တပ်တို့အကြား နှစ်ဖက် တပ်တွေ နေရာယူထားတာ နီးကပ်နေတဲ့ အတွက် တိုက်ပွဲတွေ တောက်လျောက် ဖြစ်နေရတဲ့အကြောင်း KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောလိုက်ပါတယ်။ အခုလို တိုက်ပွဲတွေဖြစ်နေပေမဲ့လည်း တစ်ပြည်လုံး အတိုင်းအတာနဲ့ ဖော်ဆောင်မယ့် ပြည်တွင်း ငြိမ်းချမ်းရေးကိုတော့ KIA က အထိခိုက်ခံမှာမဟုတ်ဘူးလို့ သူကပြောပါတယ်။ ရန်ကုန်မြို့၊ ဓမ္မစေတီလမ်းက Business Alliance ဟိုတယ်မှာ ဗိုလ်ချုပ်ဂွမ်မော်နဲ့ ပြည်တွင်းပြည်ပ မီဒီယာတွေ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်၊ မန်စီမြို့အနီးမှာ မြန်မာစစ်တပ်နဲ့ KIA တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်နေချိန်မှာပဲ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ရန်ကုန်မြို့မှာ ရောက်ရှိနေတာဖြစ်ပါတယ်။ အခုလို နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေ မကြာခနဆက်ဖြစ်နေပေမဲ့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးဖြစ်စဉ် ကိုတော့ ထိခိုက်မှာမဟုတ်တဲ့အကြောင်း သူကပြောပါတယ်။

“ကျနော်တို့က Peace Process အတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးတာတို့၊ တစုံတရာ သဘောတူညီချက်တို့ မရသေးဘူး၊ ဒါပေမယ့် တဘက်နဲ့တဘက် ယုံကြည်မှုတည်ဆောက်ရေး လုပ်နေတယ်။ ဒီလိုကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲတွေကတော့ ရှိနေဆဲပါ။ တိုက်ပွဲတွေ ရှိနေသော်လည်းပဲ KIO အနေနဲ့က ဒီ Process ကို ပျက်မသွားအောင် ကြိုးစားနေတာ ဖြစ်ပါတယ်။”

လတ်တလောတိုက်ပွဲတွေ ဖြစ်နေရတာဟာ အစိုးရဘက်က အပစ်ရပ်အပြီးမှာ တပ်နေရာချထားရေးလုပ်ဆောင်မယ်လို့ ပြောတာကြောင့် KIA ရဲ့ တပ်တွေနဲ့ ထပ်နေတာ၊ နီးကပ်မှုတွေရှိနေတာကြောင့် အခုလို မကြာခန ထိပ်တိုက် တွေ့နေရတာလို့လည်း သူကပြောပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို KIA ထိန်းချုပ်နယ်မြေတွေမှာလည်း အကူအညီ ရရှိမှုတွေအတွက် ပြည်တွင်းပြည်ပက အကူအညီပေးသူတွေနဲ့လည်း ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ဘက်က ဒုက္ခသည်များကိုလည်း တတ်နိုင်သလောက် ကြိုးစားပြီးမှ အကူအညီပေးနေသလို တခြား NGO တွေ၊ INGO တွေနဲ့လည်း ပူးပေါင်းပြီးမှ အကူအညီပေးလျှက် ရှိပါတယ်။”

သူ့ရဲ့ အခုခရီးစဉ် အဓိကရည်ရွယ်ချက်ကတော့ မကြာသေးခင်က ပြီးဆုံးသွားတဲ့ လိုင်ဇာဆွေးနွေးပွဲမှာ ဖွဲ့စည်းခဲ့တဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ရဲ့ လုပ်ငန်းတာဝန်နဲ့ ရန်ကုန်မြို့ကို လာရောက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာပါ။
KIA နဲ့ အစိုးရအကြား အခုချိန်ထိ အပစ်အခတ် မရပ်စဲရသေးပေမဲ့လည်း သူ ရန်ကုန်မြို့ဆီ လာရောက်တာဟာ တစ်ဖက်နဲ့တစ်ဖက်ကြား ယုံကြည်မှုတွေ ပိုရလာနိုင်တယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။

“ကျနော်လာတာကတော့ NCCT ရဲ့ လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အဲဒီတော့ လုံခြုံရေးဆိုတာကတော့ ကျနော်တို့ ထည့်စဉ်းစားရမယ့် ကိစ္စဖြစ်သော်လည်းပဲ ဒီကိစ္စကတော့ လူထုကိုလည်း အခုလိုသွားပြီးမှ သက်သေပြဖို့ လိုပါတယ်။ နှစ်ဘက်ရဲ့ယုံကြည်မှုကို ဒီလိုနည်းနဲ့တည်ဆောက်နေတာ ဖြစ်ပါတယ်။”

KIA ၊ KIO အနေနဲ့ အစိုးရနဲ့အပစ်အခေတ်ရပ်စဲရေး လက်မှတ်မထိုးတာဟာ တစ်ဖက်နဲ့တစ်ဖက်အကြား ယုံကြည်မှုတွေ တည်ဆောင်နိုင်အောင်လို့ ဖြစ်ပြီးတော့ ယုံကြည်မှုတွေ ပြန်ရပြီဆိုရင် လက်မှတ်ထိုးတာဟာ အချိန်မရွေး ဖြစ်နိုင်တယ်လို့လည်း သူကပြောပါတယ်။ ဒါပေမဲ့လည်း အချိန်ကာလ အတိအကျကိုတော့ ပြောမသွားပါဘူး။

KIA ကို တရုတ်နိုင်ငံက အထောက်အပံ့ပေးနေတာတွေ၊ KIA နယ်မြေထဲမှာ တရုတ်နိုင်ငံက လက်နက်စက်ရုံ တည်ဆောက်ထားသလားဆိုတာတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုလည်း ဗိုလ်ချုပ်ဂွမ်မော်က အခုလိုတုံ့ပြန်ခဲ့ပါတယ်။

“ဒီကနေ့အထိ KIA ကို တရုတ်နိုင်ငံက အကူအညီပေးတာ မရှိပါဘူး။ လက်နက် စက်ရုံဆိုတာကတော့ ပြင်ဆင်တဲ့ workshop တွေ ရှိပါတယ်။ ဒါကတော့ အဖွဲ့အသီးသီးမှာ ရှိပါတယ်။ ဒီနေ့ခေတ်ကြီးမှာ လက်နက်ပြင်ဆင်ရေး ဆိုတာ သိပ်ပြီးတော့ ခက်ခဲတဲ့အလုပ် မဟုတ်ပါဘူး။ အဲဒီတော့ အရင်ကတည်းကလည်း အဖွဲ့တိုင်းက လုပ်နေကြတာ။ အဲဒီတော့ ဒီနေ့ ရိုင်ဖယ်လို ဟာမျိုးတွေကတော့ ဒီခေတ်မှာ သိပ်ခက်ခဲတဲ့ နည်းပညာ မဟုတ်ပါဘူး။ အဲဒီတော့ ဒီလို ပြင်ဆင်တဲ့ စက်ရုံအသေးစားလေးတွေ ရှိပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံကနေလာပြီး ကူညီပေးတဲ့ စက်ရုံမျိုးတော့ မရှိပါဘူးခင်ဗျ။”

KIA နဲ့ အစိုးရစစ်တပ်အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်းမှာ တစ်ဖက် ဘက်ကမှ အကျိုးအမြတ်တွေမရဘဲ KIA က စစ်တိုက်နေရတာလည်း တန်းတူ ညီမျှရေး၊ ဖက်ဒရယ်အရေးအတွက် တိုက်ပွဲဝင်နေရတာလို့ သူကပြောပါတယ်။
ဗိုလ်ချုပ်ဂွမ်မော်ဟာ ရန်ကုန်မှာ NCCT ဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်ဖို့လို့ ဆိုပေမဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေထဲက နောက်ထပ် ဘယ်သူတွေနဲ့ တွေ့ဦးမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ၁၇ နှစ်ကြာ အပစ်ရပ်ထားပြီးတဲ့ နောက်ပိုင်း KIA နဲ့ မြန်မာအစိုးရစစ်တပ်တွေအကြား တိုက်ပွဲတွေပြန်ဖြစ်နေတာ ၁ နှစ်ခွဲကျော်လာခဲ့ပြီဖြစ်ပါတယ်။

အရင် စစ်အစိုးရလက်ထက်က သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပျက်သွားပြီးတဲ့နောက်ပိုင်း KIA ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်အနေနဲ့ ရန်ကုန်မြို့ဆီ ပထမဆုံးအကြိမ် လာရောက်တာဖြစ်ပါတယ်ခင်ဗျား။
XS
SM
MD
LG